spot_imgspot_imgspot_imgspot_img
Thursday, March 28, 2024
spot_imgspot_imgspot_imgspot_img

မိုးဗြဲမြို့မှာ စစ်ကောင်စီပစ်ခတ်မှုကြောင့် ကလေးအပါအဝင် အရပ်သား ၅ဦးသေဆုံး

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ရှမ်း-ကရင်နီနယ်စပ်က မိုးဗြဲမြို့မှာ ယမန်နေ့ (ဇွန်လ ၆ရက်) က စစ်ကောင်စီရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် ၁၂နှစ်အရွယ်ကလေးအပါအဝင် နှစ်ဦးသေဆုံးခဲ့ပြီး လမ်းသွားလမ်းလာပြည်သူ ၃ဦးကိုလည်း စစ်ကောင်စီက လက်နက်ငယ်နဲ့ ပစ်သတ်ခဲ့တယ်လို့ မိုးဗြဲမြို့မှာ စစ်ရှောင်အရေးကူညီဆောင်ရွက်ပေးသူထံကနေ သိရပါတယ်။

“မနေ့က လက်နက်ကြီးထိတာက နှစ်ဦးပေါ့နော။ ကလေးငယ်တစ်ဦးဆုံးတယ်။ နောက်လူကြီးတစ်ဦးပေါ့နော။ နောက် အခု မကောက်နိုင်သေးတဲ့ ပြည်သူအလောင်း နှစ်လောင်း၊ သုံးလောင်း အတည်ပြုလို့ရတယ်ပေါ့နော။ အဲ့ဒါ လောလောဆယ် လက်နက်ကြီးနဲ့ လက်နက်ငယ်ထိခိုက်မိတဲ့ ပြည်သူတွေပေါ့။ မနေ့က တစ်ရက်တည်းဖြစ်တဲ့ဟာပေါ့နော။” လို့ အဆိုပါ စစ်ရှောင်အရေးကူညီဆောင်ရွက်ပေးသူ တစ်ဦးက ပြောပါတယ်။

စစ်ကောင်စီပစ်ခတ်တဲ့ လက်နက်ကြီးထိမှန်တဲ့ ကလေးတစ်ဦးမှာ အသက် ၁၂အရွယ်ရှိပြီး ယမန်နေ့ မနက်ပိုင်းက ဖခင်ဖြစ်သူနဲ့ နေအိမ်ကို ဆန်ပြန်ယူတဲ့အခါမှာ လက်နက်ကြီးစထိမှန်ခဲ့တာဖြစ်ပါတယ်။ တိုက်ပွဲကြားပိတ်မိနေတဲ့အတွက် အချိန်မီဆေးမကုသနိုင်ဘဲ သေဆုံးသွားခဲ့ရတယ်လို့ သိရပါတယ်။

ကျန်အမျိုးသားတစ်ဦးမှာ အသက် (၅၀)ဝန်းကျင်အရွယ် မိုးဗြဲမြို့ ကွက်သစ်ရပ်ကွက်ကဖြစ်ပြီး နေအိမ်မှာ ခြံရှင်းရင်း လက်နက်ကြီးကျရောက်မှုကြောင့် ထိမှန်ကာ အသက်သေဆုံးသွားခဲ့ရတယ်လို့ သိရပါတယ်။ ဒါ့အပြင် ညနေပိုင်းမှာ လက်နက်ကြီးပစ်ခတ်တဲ့အသံကြောင့် သက်ကြီးပိုင်း အဖွားတစ်ဦး လန့်ဖြန့်ကာ သေဆုံးသွားခဲ့တယ်လို့ စစ်ရှောင်ကူညီသူထံကနေ သိရပါတယ်။

အလားတူ အမျိုးသားသုံးဦးမှာလည်း တောင်ယာဖက်သွားတဲ့လမ်းမှာ စစ်ကောင်စီက မြင်ပြီး ပစ်သတ်ခဲ့တယ်လို့ ဆိုပါတယ်။ သို့ပေမယ့် တိုက်ပွဲဖြစ်နေသေးတဲ့အတွက် ရုပ်အလောင်းသွားသယ်ယူလို့ အဆင်မပြေသေးတာကြောင့် မည်သူမည်ဝါဖြစ်ကြောင်း အတည်မပြုနိုင်သေးဘူးလို့ ပြောပါတယ်။

ဇွန်လအစောပိုင်းကတည်းက မိုးဗြဲမြို့ထဲကို အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားနေတာဖြစ်ပြီး စစ်ကောင်စီအခြေစိုက်တပ်ရင်းတွေကနေ လက်နက်ကြီးအဆက်မပြတ်ပစ်ခတ်မှုရှိခဲ့တာကြောင့် အရပ်သားထိခိုက်သေဆုံးမှုနဲ့ နေအိမ်ပျက်စီးမှုရှိနေပါတယ်။

“လက်နက်ကြီးထုတာပေါ့နော တိုက်ပွဲမရောက်ခင်ကတည်းက မြို့ထဲကို လက်နက်ကြီးရမ်းသန်းထုတယ်။ နေ့တိုင်းပေါ့ ပြည်သူရှိတဲ့နေရာကို ရည်ရွယ်ချက်ရှိရှိထုတယ်။ ပြီးတော့တော်လှန်ရေးအင်အားစုတွေက မြို့ထဲကိုပေါ့နော စစ်ကောင်စီဖက်က စစ်ကြောင်းထိုးလာလို့ တပ်စခန်းချတာတို့ ဒီလိုအခြေအနေရှိတော့ ကျနော်တို့ကနေပြီးတိုက်ခိုက်ခဲ့တာပေါ့။ စည်ကား ၂ ဘုန်းကြီးကျောင်းမှာ တပ်စွဲထားတော့ ဝင်ရောက်တိုက်ခိုက်ခဲ့တော့ သူတို့က အထိနာတယ်လို့ပြောတယ်။ အကျအဆုံးများလို့ပဲ အငြိုးနဲ့ ပြည်သူကိုလုပ်နေတဲ့သဘောမျိုးရှိတယ်။ ပြီးတော့ လမ်းသွားလမ်းလာပြည်သူကိုလည်း မတော်သလို ပစ်သတ်တဲ့အခြေအနေမျိုးလည်းရှိတယ်။” လို့ မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်၊ ကျွဲချိုတပ်ခွဲမှ တာဝန်ခံတစ်ဦးက ပြောပါတယ်။

ဇွန်လ ၅ ရက်နေ့မှာလည်း လက်နက်ကြီးပစ်ခတ်မှုကြောင့် ၁၀နှစ်အောက် ကလေးငယ်တစ်ဦးသေဆုံးခဲ့ရပါတယ်။ လက်ရှိမှာ မိုးဗြဲမြို့တွင်း ပစ်ခတ်မှုတွေရှိနေသလို နှစ်ဖက်စစ်ရေးလည်းတင်းမာနေပြီး လူထုတွေအနေနဲ့ လုုံခြုံဘေးကင်းတဲ့နေရာမှာနေထိုင်ကြဖို့ ကာကွယ်ရေးတပ်ဖွဲ့တွေက တိုက်တွန်းအသိပေးထားပါတယ်။

spot_img
spot_img

Recent posts