spot_imgspot_imgspot_imgspot_img
Friday, March 29, 2024
spot_imgspot_imgspot_imgspot_img

မိုးဗြဲမြို့မှာ တစ်ရက်ထဲ တိုက်ပွဲနှစ်နေရာဖြစ်ပွားခဲ့ပြီး စစ်ကောင်စီ ၇ဦးသေဆုံး

ကန္တာရဝတီတိုင်း(မ်)

ယမန်နေ့ (ဇူလိုင်လ ၁၈ရက်)မှာ မိုးဗြဲမြို့ ခမရ ၄၂၂တပ် နဲ့ ပွဲကုန်း( ၃ )ရပ်ကွက်ရှိ “ဘုရား၏သန့်ရှင်းသောမယ်တော်” ကက်သလစ်ခရစ်ယာန်ဘုရားကျောင်း အနီးတစ်ဝိုက်မှာ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ တိုက်ပွဲမှာ ပါဝင်တဲ့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေက သတင်းထုတ်ပြန်ကြပါတယ်။

မနက် ၅နာရီအချိန်မှာ ခမရ ၄၂၂တပ်ကို သွားရောက်ပစ်ခတ်တာ တစ်ကြိမ်၊ နေ့လည် ၁နာရီအချိန်မှာ စစ်ကြောင်းထိုးလာပြီး ဘုရားကျောင်းမှာ စခန်းချဖို့ ကြိုးစားနေတဲ့ စစ်ကောင်စီတပ်နဲ့ ကတ်သလစ်ခရစ်ယာန်ဘုရားကျောင်း အနီးတစ်ဝိုက်မှာ ပစ်ခတ်မှုတစ်ကြိမ် တိုက်ပွဲနှစ်နေရာ ဖြစ်ပွားခဲ့ကြတာ ဖြစ်ပါတယ်။

တိုက်ပွဲမှာ စစ်ကောင်စီ ၇ဦး သေဆုံးခဲ့တယ်လို့ KNDF B-03 တာဝန်ရှိသူ တစ်ဦးက “ တိုက်ပွဲမှာ ကျနော်တို့က ခေါင်းလောင်းစင်ပေါ်မှာတစ်ယောက်က သူတို့ ပြုတ်ကျသွားတာကို ကျနော်တို့ တွေ့လိုက်တယ်။ ခေါင်းလောင်းစင်ပေါ်ကနေ တက်ထိုင်တာ တွေ့တဲ့အတွက် ပစ်လိုက်တော့ ပြုတ်ကျသွားတာတွေ့တယ်။ နောက် သစ်ပင်ပေါ်မှာ တစ်ယောက်ပေါ့နော။ ကျနော်တို့တွေ့တာက အားလုံးပေါင်းက ၇ယောက်လောက်တော့ ရှိမယ်ထင်တယ်။ အဲ့လောက်တော့ ရှိလောက်တယ်။” လို့ ပြောပါတယ်။

မိုးဗြဲ PDF၊ ဖယ်ခုံ PDF၊ ဒီးမော့ဆို PDF၊ လွိုင်ကော် PDF၊ DMS Local PDF၊ KNDF၊ URF ပူးပေါင်းတပ်ဖွဲ့တို့နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ မိုးဗြဲ PDF သတင်းထုတ်ပြန်မှာ ပါရှိတယ်။

မနက်ပိုင်းမှာ စစ်ကောင်စီအင်အား ၁၀၀ခန့်ရှိတဲ့စစ်ကြောင်းက ဘုရားကျောင်းတွင်းရှိ ဘုန်းတော်ကြီး၊ သီလရှင်၊ ဘာသာဝင်တွေကို ဓါးစာခံလုပ် ထိန်းသိမ်းတာတွေ ပြုလုပ်ခဲ့တာလည်း ရှိတယ်လို့ KNDF B-03ထုတ်ပြန်ချက်မှာပါရှိပါတယ်။

ဘုန်းတော်ကြီး ၊ သီလရှင်တွေနဲ့ ဘာသာဝင်တွေကတော့ ဘုရားကျောင်းကနေ ထွက်ခွာနိုင်ခဲ့ပေမယ့် ညပိုင်းအချိန်ထိ စစ်ကောင်စီက တပ်စွဲထားဆဲဖြစ်ပါတယ်။

“ ကျနော့်အမြင်ပေါ့နော ဝါရီဆူးပလိုင်ကနေ တစ်ဆက်တည်းဖြစ်တဲ့လမ်းကြောင်း ဖြစ်တယ်။ သူတို့မိုးဗြဲနယ်မြေကို နေရာယူဖို့အတွက်လည်း ဟုတ်ရင်ဟုတ်မယ်။ သူတို့တစ်ခါတည်း နေရာစိုးမိုးမှုပေါ့နော။ အဓိက သူတို့မိုးဗြဲမြို့ကိုမထိုင်နိုင်ပေမယ့် သာသနာနယ်မြေဖြစ်တဲ့အတွက် သူတို့အဲ့မှာတပ်စွဲခြင်းအားဖြင့် သူတို့ပြန်မလုပ်ဘူးဆိုတဲ့ပုံစံမျိုးနဲ့ သူတို့ လုပ်ရင်လုပ်မယ်ပေါ့နော။ လမ်းကြောတွေ ပိတ်ချင်တဲ့ပုံစံမျိုးလည်း ဖြစ်လည်းဖြစ်မှာပေါ့ “ လို့ KNDF B-03 တာဝန်ရှိသူက သုံးသပ်ပြောဆိုပါတယ်။

ဖယ်ခုံ၊ မိုးဗြဲ၊ လွိုင်ကော် အမြောက်တပ်တွေကနေလည်း လက်နက်ကြီးတွေနဲ့ တစ်နေကုန် ရမ်းသမ်း ပစ်ခတ်တာတွေ လုပ်ဆောင်ခဲ့တဲ့အတွက် စည်ကား (၁) ရပ်ကွက် ပြည်သူတစ်ဦး ထိခိုက်ဒဏ်ရာရှိခဲ့သလို နေအိမ် တစ်လုံး လက်နက်ကြီး ထိမှန် မီးလောင်ခဲ့ပါတယ်။

ဒါ့အပြင် ဖယ်ခုံ ခေါင်းအိ ကျေးရွာဖက်ကို လက်နက်ကြီး ၅လုံး ပစ်ခတ်ခဲ့တဲ့အတွက် ပြည်သူနေအိမ် ၂လုံး ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

မိုးဗြဲ မြို့တွင်း ဒေသခံတချို့ တိမ်းရှောင်နေကြတာတွေရှိပေမယ့် တချို့ကတော့ ရပ်ရွာအတွင်းမှာပဲ နေထိုင်ဆဲလို့သိရပါတယ်။ မိုးဗြဲမြို့တွင်း စစ်ကောင်စီက တပ်စွဲလျက်ရှိနေသေးတာကြောင့် စစ်ရေးတင်းမာနေပြီး ပြည်သူတွေအနေနဲ့ သတိထားသွားလာကြဖို့၊ ဘေးကင်း လုံခြုံတဲ့နေရာတွေမှာ နေထိုင်ကြဖို့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေက အသိပေးထုတ်ပြန်ထားပါတယ်။

spot_img
spot_img