spot_imgspot_imgspot_imgspot_img
Saturday, April 20, 2024
spot_imgspot_imgspot_imgspot_img

မူးယစ်ဆေးကင်းစင်တဲ့ရွာဖြစ်ဖို့ ကြိုးစားလာကြပြီ

Author

Date

Category

ဆောင်ဒူကျေးရွာ မြင်ကွင်းတစ်နေရာ ပုံ…မူအက်စတာ

ကရင်နီသူရေးသားသည်။

ဘိန်းစိုက်ပျိုးထုတ်လုပ်တဲ့ ဒေသတခုအဖြစ် အမည်တွင်လျက်ရှိတဲ့ ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းမှာဆို ယခုနှစ်ပိုင်းအတွင်း မူးယစ်ကင်းစင်ဖို့ စည်းကမ်းချက် သတ်မှတ်တာတွေ ကျေးရွာအတော်များများ ကြားသိလာရပါတယ်။

မူးယစ်ဆေးဝါး စိတ်ကြွဆေးပြားတွေ ရောင်းဝယ်ဖောက်ကာတယ်လို့ ကြားသိရရင် ကျေးရွာအတွင်းမှ နှင်ထုတ်မည်ဆိုတဲ့ စည်းကမ်းချက်သတ်မှတ်ထားကြပါတယ်။ နောက်ထပ်ပြီး ကျေးရွာဆေးကြောရန်အတွက် နွားမကြီးတစ်ကောင်နှင့် ဝက်ထီးကြီးတစ်ကောင် ပေးလျော်ရမည် လို့ သတ်မှတ်ထားကြတာတွေ ရှိလာပါတယ်။

ဒီလိုသတ်မှတ်တဲ့ကြားက အရွယ်မရောက်သေးတဲ့ ဆယ်နှစ်အရွယ်ကလေးငယ်တစ်ဦး ဆေးသုံးစွဲနေတဲ့ အထိ ဆိုးရွားတဲ့ ဖြစ်စဉ်တခု ဆောင်ဒူရွာမှာ ဖြစ်ခဲ့ပါတယ်။

̏ ဒီလိုရောင်းတဲ့သူတွေရှိလို့ ဒီမှာရှိတဲ့ ဆယ်နှစ်ကျော်ကျော်လေးပဲ ရှိသေးတဲ့ ကလေးတစ်ယောက် အခုဆေးစွဲနေပြီလေ ဘာမှပြောဆိုလို့မရတော့ဘူး။ နောက်ပိုင်းကျရင် သူရွာထဲမှာ လိုက်ပြီး ခိုးဝှက်တော့မှာလေ၊ သူ့အတွက် ရင်လေးတယ်˝ လို့ လူငယ်ခေါင်းဆောင် ကိုနာတားလယ်က ရွာထဲ ဆိုင်ကယ်ဖြတ်မောင်းလာတဲ့ ကလေးငယ်တစ်ယောက်ကို လက်ညိုးထိုး ပြောပြနေပါတယ်။

ဒီ ဆေးသောက်နေပြီဖြစ်တဲ့ ကလေးငယ်ရဲ့ အသက်ဟာ ရှိလှမှ ၁၁/၁၂နှစ်ပေါ့။ ရွာသူ/သားတွေအားလုံးက ကောင်လေးအတွက် ရင်လေးနေပါတယ်။ နောက်ပိုင်း သူ့ဆေးဖိုးမရှိတော့ရင် ရွာသားတွေ တောင်ယာထဲသွားချိန်မှာ အိမ်တက်ပြီး ခိုးဝှက်နေတော့မှာကို စိုးရိမ်နေကြပါတယ်။

နောက်ပိုင်း ဆေးရောင်းတဲ့ သူတွေမရှိတော့ရင် ရပ်ရွာအေးချမ်းသာယာလာလိမ့်မယ်လို့ ရွာသားတွေက ယူဆကြလို့ မူးယစ်ဆေးပင်စိုက်ပျိုးခြင်း၊ ရောင်းချခြင်းစတာတွေကို အပြင်းအထန် တားမြစ်ထားတာပါ။

ဒါကြောင့် ကျေးရွာအတွင်းမှာ မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားတဲ့ သူတွေကို ရွာသားတွေက အကြိမ်ကြိမ် သတိပေးထားတဲ့ကြားက ရောင်းဝယ်ဖောက်ကားသူ တစ်ဦးကို အပစ်ပေးအရေးယူဖို့ ဆွေးနွေးဆုံးဖြတ်လာကြပါတယ်။
ဒီလို ဆုံးဖြတ်ချက် ချလိုက်တဲ့အပေါ်မှာ လူငယ်ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ခွန်းတော့က ̏ ကျွန်တော်တို့ လူငယ်တွေအတွက်ကတော့ မူးယစ်ဆေးဝါးဆိုတာ အရမ်းကိုအဟန့်အတား ဖြစ်စေတယ် ဒီထက်ပိုပြီး ချမှတ်လိုက်လည်း ကျွန်တေ်ာတိ်ု့အတွက် ဘာမှမဖြစ်ဘူး၊ မရှိရင်ရတယ် အကောင်းဆုံးပဲ˝ လို့ ပြောလိုက်ပါတယ်။

အရင်နှစ်မှာ ဆယ်တန်းရောက်နေတဲ့ ကျောင်းသူ/သား ရွာထဲမှာ ၁၁ ယောက်ရှိနေတာ တစ်ယောက်မှ အောင်မြင်ခြင်း မရှိခဲ့ဘူးလို့ ပြောပါတယ်။ မိဘဖြစ်တဲ့သူတွေက သူတို့ရဲ့သားသမီးတွေဟာ မူးယစ်ဆေးဝါးရဲ့ သားကောင်တွေ ဖြစ်ခဲ့ကြလို့ပဲလို့ ယူဆနေကြလို့ပဲဖြစ်ပါတယ်။

̏ ငါတို့မိဘတွေ ဘယ်လောက်ထိမျှော်လင့်နေလဲ၊ အဲ့ဒီအရာတွေကြောင့် ငါတို့မရှိမဲ့ ရှိမဲ့စရိတ်နဲ့ ကျောင်းထားပေးတာ ကလေးက ကျောင်းစာကို စိတ်မဝင်စားကြတော့ဘူး၊ ဒီမှာ မနေခိုင်းတော့နဲ့ ˝ လို့ ကျောင်းသာ မိခင်တစ်ယောက်က ပြောပါတယ်။

မူးယစ်ဆေးဝါးရောင်းတဲ့သူလို့ ရွာသားတွေဘက်ကပြောဆိုထားတဲ့ သူရဲ့ ချွေးမဖြစ်သူကတော့ ̏ ကျွန်မလည်း အားလုံးကိုတောင်းပန်ပါတယ်။ အခုလောလောဆယ် အတိုင်းအတာတစ်ခုအထိ စောင့်ပြီး သူ့ကို အနေသာအောင်ပြောမယ်ဆိုရင်တော့ သူ့အတွက်လည်း နည်းနည်းစဉ်းစားပြီးတော့ ညီမတို့အတွက်လည်း နည်းနည်းစဉ်းစားပေးပြီးတော့၊ အကုန်လုံးကို တောင်းပန်ချင်ပါတယ်။˝ လို့ ရွာသားတွေကို သူမ မျက်နှာညိုးငယ်စွာနဲ့ အကူအညီတောင်းခံ နေပါတယ်။

ဒီလိုပဲ ရွာသားတွေကတော့ အချိန်အတိုင်းအတာတစ်ခုထိပဲ စောင့်ပြီး သူမတို့ကို အပြီးအပိုင် ထွက်ခွာစေခဲ့ပါတယ်။ မထွက်ခွာမီမှာ ကျေးရွာကို ဆေးကြောသန့်စင်ပြီးမှ ထွက်ခွာစေရမယ်လို့ သဘောတူညီချက်ကို ကျေးရွာနေ အိမ်ထောင်ဦးစီး ၁၄၅ ဦးက လက်မှတ်ရေးထိုးခဲ့ပါတယ်။

မူးယစ်ဆေးရောင်းချသူဟာ ကျေးရွာထဲကနေ မထွက်ခွာခင်မှာ နွားမကြီးတစ်ကောင်နဲ့ ဝက်ထီးကြီးတစ်ကောင်ကို ရွာသန့်စင်အောင် ဆေးကြောပြီး ထွက်သွားရမှာဖြစ်ပါတယ်။
ကယန်းလူမျိုးတို့ဟာ စည်းကမ်းချက်တွေကို အတင်းအကြပ်ထုတ်ပြီး လုပ်ဆောင်လေ့ မရှိပေမယ့် လက်ရှိလုပ်ဆောင်နေတဲ့ လုပ်ဆောင်ချက်က မျိုးဆက်သစ်လူငယ်များ လမ်းမှားမရောက်အောင်၊ မူးယစ်ဆေးဝါးကြောင့် လူမျိုးမတုန်းအောင် လုပ်ဆောင်ရခြင်းဖြစ်တယ်လို့ ယူဆထားကြပါတယ်။

ဒီလို စည်းကမ်းချက်တွေကို ချမှတ်ပြီး လက်တွေ့အကောင်အထည်ဖော်တာကိုလည်း ဒါပထမဦးဆုံး တွေ့ဖူးခြင်းပါ။ ယခင်တုန်းက ဒီကျေးရွာမှာ မူးယစ်ဆေးဝါးကြောင့် လူတစ်ဦးကို ရွာမှနှင်လွတ်ခဲ့ဖူးတယ်လို့ ရပ်ရွာလူကြီးတွေ ပြောပြချက်အရ သိရပါတယ်။
̏ ဒီဒေသမှာ သောက်တဲ့သူတွေရှိရင် ပြောပါ၊ ကျွန်တော်တို့နဲ့ ပြောပြပါ တိုင်ပင်ပါ၊ ပြီးရင် ကျွန်တော်တို့မှ မနိုင်ရင် ကျွန်တော်တို့ရဲ့ ဖခင် အစိုးရလက်ထဲ အပ်ပါမယ်˝ လို့ ကရင်နီပြည် လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး( က.လ.လ.တ)မှ ဒေါရောက်ခူဒိုင်နယ်မှူး ဦးထောမေက ရွာသားတွေကို ပြောပါတယ်။

လူကြီးလူငယ်တွေ အားလုံး မူးယစ်ဆေးဝါးကို ရှောင်ရှားကြဖို့နဲ့ အမြစ်ဖြတ်ပစ်ကြဖို့ ဦးထောမေက တိုက်တွန်းလိုက်ပါတယ်။
ကယားပြည်နယ်ရဲ့ အနောက်ဘက်အရပ်ဒေသ ဖြစ်တဲ့ ဒီဆောင်ဒူရွာအပြင် အခြားရပ်ရွာတွေကိုလည်း အရင်လို မူးယစ်ဆေးစိုက်ပျိုးတဲ့ ရပ်ရွာ၊ မူးယစ်ဆေးသုံးစွဲတဲ့ ရပ်ရွာအဖြစ် မမြင်ရတော့ပဲ မူးယစ်ဆေးကင်းစင်တဲ့ ရပ်ရွာလေးတစ်ခုအဖြစ် ကျေးရွာအဖြစ် မျှော်လင့်နေကြပါတယ်။

spot_img
spot_img

Recent posts