spot_imgspot_imgspot_imgspot_img
Friday, March 29, 2024
spot_imgspot_imgspot_imgspot_img

မြန်မာအစိုးရကို ICJ မှ အရေးယူဆောင်ရွက်မှုအပေါ် ကရင်နီလူမှုအသင်းအဖွဲ့များ ကွန်ယက်မှထောက်ခံ

Author

Date

Category

ကန္တရဝတီတိုင်း(မ်)

မြန်မာ့တပ်မတော်မှ လူမျိုးတုံးသတ်ဖြတ်မှုနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများအား အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) မှ အရေးယူဆောင်ရွက်မှုအပေါ် ကရင်နီလူမှုအသင်းအဖွဲ့များကွန်ယက်မှ ထောက်ခံကြောင်း ဒီဇင်ဘာလ ၉ ရက်နေ့တွင် သဘောထားထုတ်ပြန်ခဲ့သည်။

“ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်ပြီးတော့မှသွားတယ် ထောက်ခံတဲ့သူတွေလည်းရှိတယ်။ ကျတော်တို့ဖက်က တစ်ကယ်လို့များ ဒေါ်အောင်ဆန်းစုကြည်က လာမယ့် မနက်ဖြန် သဘက်ခါမှာ စစ်တွေ ဘာမှ မကျူးလွန်ပါဘူး လူ့အခွင်အရေးလည်း ချိုးဖောက်မှုမရှိဘူး အဲလိုမျိုး သူကာကွယ်ပြီးတော့မှ ပြောခဲ့မယ်ဆိုရင် ဒီမြန်မာပြည်ကို စစ်အာဏာရှင်တွေ သက်ဆိုးရှည်အောင်သက်ရောက်တယ်ပေါ့နော။ တခြားသော တိုင်းရင်းသားဒေသတွေမှာ ဒီထက်မက လူ့အခွင့်အရေးချိုးဖောက်အောင် တွန်းပို့တယ်လို့ ကျတော်တို့မြင်တယ်” ဟု ကရင်နီလူမှုအသင်းအဖွဲ့များကွန်ယက် (KCSN) မှ Coordinator ခူးကိုရယ်က ပြောသည်။

မြန်မာနိုင်ငံအနေဖြင့် ရခိုင်ပြည်နယ်ရှိ ရိုဟင်ဂျာလူမျိုးများအပေါ် လူမျိုးတုံးသတ်ဖြတ်ခံရမှုများ တားဆီးရန် ပျက်ကွက်ခြင်း၊ အပြစ်ကျူးလွန်သူများအား အပြစ်ပေးအရေးယူမှုများ ပျက်ကွက်ခြင်းဟူသော စွပ်စွဲချက်ဖြင့် အစ္စလာမ္မစ်နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (OIC) အဖွဲ့ဝင်ဖြစ်သော ဂမ်ဘီယာနိုင်ငံမှ အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) တွင် နိုဝင်ဘာလ ၁၁ရက်နေ့၌ အမှုဖွင့်တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။

ကုလသမဂ္ဂ၏အမြင့်ဆုံး အပြည်ပြည်ဆိုင်ရာတရားရုံးမှ မြန်မာနိုင်ငံအပေါ် တရားစွဲဆိုထားသောအမှုကို ဒီဇင်ဘာလ ၁၀ ရက်နေ့မှစ ၃ရက်တိုင်အောင် ကြားနာစစ်ဆေးသွားမည်ဖြစ်သည်။

ICJ ၌ တရားစွဲဆိုမှုကို တုံ့ပြန်ရန်အတွက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်နှင့် အဖွဲ့သည် ဒီဇင်ဘာလ ၈ ရက်နေ့တွင် နယ်သာလန်နိုင်ငံ သည်ဟိတ်ဂ်မြို့သို့ ထွက်ခွာသွားပြီဖြစ်ကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံးက သတင်းထုတ်ပြန်ထားသည်။

နိုင်ငံတကာ ရာဇဝတ်ခုံရုံး ICC မှလည်း မြန်မာတပ်မတော်ကို လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်များအား စုံစမ်းစစ်ဆေးမှု ပြုလုပ်ရန် သဘောတူခွင့်ပြုလိုက်ကြောင်းကို ကရင်နီလူမှုအသင်းအဖွဲ့များကွန်ယက်အနေဖြင့် ကြိုဆိုထောက်ခံကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

အစ္စလာမ္မစ်နိုင်ငံများအဖွဲ့ (OIC) တွင် ပါဝင်သော နိုင်ငံ ၅၇ နိုင်ငံ၏ ထောက်ခံမှုများဖြင့် ဂမ်ဘီယာနိုင်ငံက နိုင်ငံတကာ တရားမျှတမှုဆိုင်ရာ တရားရုံးတွင် အဆိုတင်သွင်းခဲ့ပြီး ၁၉၅၆ ခုနှစ်က အာဂျင်တီးနားတွင် အဖွဲ့ဝင်ဖြစ်သော မြန်မာနိုင်ငံကို လူမျိုးတုန်းသတ်ဖြတ်မှု သဘောတူစာချုပ်ကို ချိုးဖောက်မှုဖြင့် တရားစွဲဆိုခဲ့ခြင်း ဖြစ်ကြောင်း လူမျိုးတုန်းသတ်ဖြတ်မှုအတွက် မြန်မာနိုင်ငံအပေါ် စွဲချက်တင်မှုကို လူထုအခြေပြု ကရင်အမျိုးသမီးများ ကွန်ယက်မှ ကြိုဆိုကြောင်း ဒီဇင်ဘာလ ၈ရက်နေ့ ထုတ်ပြန်ချက်တွင် တွေ့ရသည်။

မြန်မာနိုင်ငံသည် နှစ်ပေါင်း ၇၀ ကျော်အတွင်း ပြည်တွင်းစစ်ဖြစ်ပေါ်ခဲ့ပြီး တပ်မတော်မှ တိုင်းရင်းသားလူမျိုးများကို ပစ်မှတ်ထားပြီး လူ့အခွင့်အရေးချိုးဖောက်မှုအမျိုးမျိုးဖြင့် ကျူးလွန်လာခဲ့သောကြောင့် မြန်မာ့တပ်မတော်ခေါင်းဆောင်များအား အရေးယူခြင်းသည် တိုင်းရင်းသားလူမျိုးစုများအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုများ အားလုံးရပ်တန့်ရန် နိုင်ငံတကာမှ ဖိအားပေးခြင်းသည် အရေးကြီးလိုအပ်နေကြောင်း ဆိုသည်။

ထို့ကြောင့် တိုင်းရင်းသားဒေသများတွင် မြန်မာ့တပ်မတော်မှ လူ့အခွင့်အရေးချိုးဖောက်မှုများဖြစ်ပေါ်ခဲ့ခြင်းကြောင့် ထည့်သွင်းစဉ်းစားရန်လိုကြောင်း ခူးကိုရယ်က ဆိုသည်။

“အခု Hot Issue ဖြစ်နေတာက ရိုဟင်ဂျာကိစ္စပေါ့။ ဒါတင်မကပဲနဲ့ ကျတော်တို့ တခြားသော တိုင်းရင်းသားဒေသတွေမှာလည်း အရင်ကလည်း ဖြစ်ခဲ့ဖူးတယ်။ လူ့အခွင့်အရေးချိုးဖောက်မှုတွေအများကြီး ကျယ်ကျယ်ပြန့်ပြန့်ဖြစ်တယ်ဆိုတာ ကျတော်တို့ ပုံဖော်ချင်လို့ တခြားသောဟာတွေလည်း ထည့်သွင်းစဉ်းစားဖို့လိုတယ် အဲလိုမျိုးပေါ့” ဟု ၎င်းကပြောသည်။

အပြည်ပြည်ဆိုင်ရာ တရားရုံး ICJ နှင့် နိုင်ငံတကာ ရာဇဝတ်မှုခုံရုံး ICC တို့မှ မြန်မာနိုင်ငံအပေါ် တရားစွဲဆိုမှုများသည် မြန်မာ့တပ်မတော်အား တိုင်းရင်းသားပြည်နယ်များတွင် ကျူးလွန်နေသော စစ်ရာဇဝတ်မှုများနှင့် တိုင်းရင်းသားများအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုများ အားလုံးရပ်တန့်ရန် ဖိအားပေးခြင်းဖြစ်စေပြီး ၎င်းဖိအားကြောင့် မြန်မာနိုင်ငံတွင် အာဏာဆုပ်ကိုင်ထားမှုကို အဟန့်အတားဖြစ်စေသောကြောင့် ကရင်နီလူမှုအသင်းအဖွဲ့များကွန်ယက်အနေဖြင့် ICI နှင့် ICC တို့၏ အရေးယူဆောင်ရွက်ချက်များကို ထောက်ခံကြောင်း သဘောထားထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ခူးကိုရယ်က “တိုင်းရင်းသားနယ်မြေတွေမှာ လူ့အခွင့်အရေးချိုးဖောက်မှုတွေ တစ်စုံတစ်ရာများ ရပ်တန့်လာနိုင်မလားလို့ မျှော်လင့်ထားတယ်” ဟု ဆိုသည်။

ကရင်နီပြည်တွင်းရှိ အရပ်ဖက်အဖွဲ့အစည်းများနှင့် ပြည်ပနိုင်ငံရောက် အဖွဲ့အစည်းများ ၁၀ဖွဲ့ကျော်မှ ပူးပေါင်း ထုတ်ပြန်ထားခြင်းဖြစ်သည်။

spot_img
spot_img

Recent posts