spot_imgspot_imgspot_imgspot_img
Friday, March 29, 2024
spot_imgspot_imgspot_imgspot_img

မြို့စွန့်ခွာထွက်ပြေးတိမ်းရှောင်နေရသူများပြားလာတဲ့ ကရင်နီပြည်သူများ

ကန္တာရဝတီတိုင်း(မ်)

ပြင်းထန်တဲ့ တိုက်ပွဲတွေ ကူးစက်နေတဲ့ ကရင်နီပြည်နယ်မှာ မြို့ကိုစွန့်ပြီး စစ်ဘေးရှောင်နေကြတဲ့ ဒေသခံတွေ တစ်နေ့ထက်တစ်နေ့ များပြားလာပါတယ်။ စစ်အာဏာသိမ်းပြီးနောက် ၂၀၂၁ မေလ၂၁ရက်နေ့က စစ်ကောင်စီနဲ့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တို့ ဒီးမော့ဆိုမြို့နယ် ဒေါငံခါးမှာ စတင်တိုက်ပွဲဖြစ်ပွားခဲ့တာပါ။

နှစ်သစ်ကူးဖြစ်တဲ့ ၂၀၂၂ ဇန်နဝါရီလအထိ တိုက်ပွဲဟာ ရပ်တန့်မသွားဘဲ ပိုမိုပြင်းထန်လာခဲ့ပြီး နီးစပ်ရာ ဖရူဆိုနဲ့ လွိုင်ကော်မြို့ပေါ်တွေအထိ ကူးစက်ပြန့်နှံ့နေပါတယ်။

ဒေသခံတွေဟာ တောတောင်တွေထဲ စစ်ဘေးရှောင်နေကြပေမယ့် ကူးစက်ကျယ်ပြန့်လာတဲ့ တိုက်ပွဲတွေကြောင့် မြို့ကို စွန့်ခွာထွက်ပြေးကြရတဲ့ သူတွေ များပြားလာပါတယ်။

လွိုင်ကော်မြို့ကို စွန့်ခွာပြီး စစ်ဘေးရှောင်နေတဲ့ အမျိုးသမီးတစ်ဦးက

“ ပြောမပြတတ်ပါဘူးလေ ကြောက်တာရယ် လန့်တာရယ် ကိုယ့်အိမ်ကိုစွန့်ပြီး ဘယ်သူမှမသွားချင်ဘူး ဒါပေမယ့် အကုန်စွန့်ပြီးထားခဲ့တာပဲ တော်တော်တော့ ခြေမကိုင်မိလက်မကိုင်မိတောင်ဖြစ်တယ်။” လို့ ပြောပါတယ်။

မြို့ကို စွန့်ခွာပြီး စစ်ရှောင်ကြပေမယ့် အလွယ်တကူသယ်ယူသွားနိုင်တဲ့ ပစ္စည်းတွေကိုသာ သယ်ယူသွားနိုင်ကြပါတယ်။ အသိမိတ်ဆွေတွေ ဆွေမျိုးတွေ မရှိတဲ့ မြို့ကို စစ်ဘေးရှောင်ကြပြီး စစ်ရှောင်တွေအတွက် သတ်မှတ်ပေးထားတဲ့ ဘုန်းကြီးကျောင်း၊ စာသင်ကျောင်းတွေမှာ သွားရောက်နေထိုင်တဲ့ သူတွေလည်း ရှိနေပါတယ်။

ကရင်နီပြည်နယ်အတိုင်ပင်ခံကောင်စီ(KSCC)က ပြောဆိုခွင့်ရှိသူ ဦးအောင်ဆန်းမြင့်ကတော့ များပြားလာနေတဲ့ စစ်ရှောင်တွေအတွက် ကူညီကယ်ဆယ်မှုတွေ ပြုလုပ်တာတွေရှိတယ်လို့ ဆိုပါတယ်။

” သွားမယ့် လမ်းကြောင်းတွေက စစ်ကောင်စီက ပိတ်တာတွေရှိတယ်ပေါ့နော။ ရှိတော့ PDFတွေ၊ KNDFတွေ အားလုံးကပေါ့ သူတို့ကို ဘေးကင်းရာလမ်းကြောင်းတွေပေါ့နော။ လိုက်ပြီးမှ ကယ်ထုတ်ပေးတာတွေရှိတယ်။ တချို့က ရှမ်းပြည်ဖက် ဆီဆိုင်ဖက်ပေါ့နော။ ဆီဆိုင်ဖက်မှာလည်း သောင်းနဲ့ချီပြီးတော့ ရောက်သွားပြီလို့ပြောတယ်။ ကျနော်တို့ ကရင်နီဒုက္ခသည်တွေက ဆိုတော့ တခြားမြို့ရွာတွေလည်း ရောက်မယ်ပေါ့နော။ ပြည်နယ်ကနေတိမ်းရှောင်သွားတဲ့ သူတွေရှိသလို ပြည်နယ်ထဲမှာလည်း ထပ်မံပုန်းအောင်းနေတာရှိတယ်။ ဒီအတွက်လည်း ကျနော်တို့ KSCCကတော့ လူသားချင်းစာနာ ထောက်ထားမှုုကယ်ဆယ်ရေးကော်မတီဆိုတာရှိတယ်။ အဲ့တော့ တတ်နိုင်သလောက် ကျနော်တို့ လိုက်ပြီး လုပ်ပေးနေတာတွေရှိတယ်။ ဒါပေမယ့်လည်း ဒီလောက်လူဦးရေတွေ အများကြီးဆိုတော့ ကျနော််တို့အတွက်ကတော့ဘယ်လိုမှ မလုံလောက်ဘူး။ လူဦးရေတစ်သိန်းခွဲကို တွက်လိုက်တယ်ဆိုလို့ရှိရင် တစ်ရက်ကို ဆန်အိတ်က တစ်ထောင်လောက်လိုတယ်။ တစ်လဆိုလို့ရှိရင် ဆန်အိတ်က သုံးသောင်းလောက်လိုတာပေါ့။ “

မိသားစုနဲ့ တစ်ကွဲတစ်ပြား စစ်ရှောင်နေရတဲ့ အမျိုးသမီးတစ်ဦးက မိသားစုအတွက် စိုးရိမ်တယ်လို့ ပြောပါတယ်။

“ အေးပေါ့။ စိတ်ခံစားချက်ဆိုတာက ဝမ်းနည်းတယ်ပေါ့။ လူဆိုတာ ကြုံလာမှ ကိုယ်ချင်းစာတတ်တယ် ဆိုတဲ့ဟာမျိုးပေါ့။ ကိုယ့်မိသားစုကပါ အဲ့လိုမျိုးဖြစ်တော့လေ စိတ်မကောင်းဘူး ဝမ်းနည်းတယ်။ ဘာဘဲဖြစ်ဖြစ် ဟိုဘဲငိုချင်တယ်။ ဘားမှ ကြိုတင်ပြင်ဆင်ချိန်လည်းမရ ဘားမှရိက္ခာလည်း မပါတော့ အဲ့တာတွေကြားရတော့ အဆင်မပြေဘူးပေါ့နော။ အဆင်ပြေနေပါ့မလား သူများနဲ့ သွားနေရတယ်ဆိုတော့လည်း သူများနဲ့ ကပ်နေရတာဆိုတော့လည်း အဆင်ကောပြေပါ့မလား သူများနားကပ်နေရတယ်ဆိုတော့ အမျိုးမျိုးတော့ အဘက်ဘက်ကနေပြီးတော့ တွေးပြီးဝမ်းနည်းတယ်။ စိတ်ပူတယ်။ စိတ်မချဘူး အဲ့လိုမျိုး ဖြစ်တယ်ပေါ့နော။ “

ကရင်နီပြည်နယ်မှာ တိုက်ပွဲတွေဟာ နေ့ညမပြတ် ပြင်းထန်နေပြီး တစ်နေ့ထက်တစ်နေ့ ဒေသခံတွေဟာ နေရပ်ပြန်နိုင်ဖို့ထက် မြို့ကို စွန့်ခွာတိမ်းရှောင်နေသူတွေသာ ပိုမိုများပြားလာနေပါတယ်။

spot_img
spot_img