spot_imgspot_imgspot_imgspot_img
Friday, March 29, 2024
spot_imgspot_imgspot_imgspot_img

ယမန်နေ့က လက်နက်ကြီး ထိမှန်မှုကြောင့် လွိုင်လင်လေး ဒေသခံ ၃ဦး ထိခိုက်ဒဏ်ရာရ

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ယမန်နေ့ (ဇန်နဝါရီလ ၁၅ရက်) ညနေ ၃နာရီအချိန် လွိုင်ကော်မြို့နယ် လွိုင်လင်လေးမှာ လက်နက်ကြီးကျတဲ့အတွက် မိသားစု ၃ဦး မစိုးရိမ်ရတဲ့ ထိခိုက်ဒဏ်ရာရှိခဲ့တယ်လို့ သွားရောက်ကူညီကယ်ဆယ်ပေးခဲ့တဲ့ ရွှေလွိုင်ကော်ပရဟိတတာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

“ မနေ့က လွိုင်လင်လေးနားမှာ တိုက်ပွဲဖြစ်တယ်ဗျ။ ညနေ ၃နာရီလောက်မှာ လွိုင်လင်လေးမြို့ထဲ ကို လက်နက်ကြီးတစ်လုံးကျတော့ အဲ့ဒီ မိသားစုနေတဲ့ နေအိမ်ဝန်းထဲ ကျပြီးတော့ မိသားစု သုံးဦး ဒဏ်ရာရသွားတာ။ အခုတလောကတော့ ငြိမ်နေပါပြီ။ “ လို့ ရွှေလွိုင်ကော်ပရဟိတ အသင်းဝင်တစ်ဦးက ပြောပါတယ်။

အမျိုးသားတစ်ဦး ညာဖက်လက်မောင်းထိခိုက်ပြီး ဘယ်ဖက်ခြေချောင်း ၂ချောင်းပြတ်ထွက်တဲ့ ဒဏ်ရာရရှိခဲ့သလို အမျိုးသမီး နှစ်ဦး ညာဖက်လက်မောင်း ယမ်းစထိမှန်ခဲ့တယ်လို့ ဆိုပါတယ်။ ယမန်နေ့က ပစ်ခတ်သံတွေ ကြားရတာရှိတယ်လို့ လွိုင်ကော်အရှေ့ဖက်ခြမ်း ဒေသခံတွေဆီကနေ သိရှိရတာရှိပေမယ့် ဘယ်နေရာမှာ တိုက်ပွဲဖြစ်ပွားတာတွေ ရှိနေလဲဆိုတာကိုတော့ မသိရှိရသေးပါဘူး။

ဒါ့အပြင် ယမန်နေ့ ဇန်နဝါရီလ ၁၅ရက်နေ့ တစ်ရက်တည်းမှာပဲ ဒီးမော့ဆိုမြို့မှာ စစ်ကောင်စီအခြေစိုက်တပ်တွေကနေ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကြီး ပစ်ခတ်မှုလုပ်ဆောင်ခဲ့တာကြောင့်
ဒီးမော့ဆိုအရှေ့ဖက်ခြမ်းမှာတင် လက်နက်ကြီး ၁၀လုံးထက်မနည်း ကျရောက်တာတွေရှိပြီး လူနေအိမ် ထိခိုက်ပျက်စီးတာတွေလည်း ရှိခဲ့ပါတယ်။

ဒီးမော့ဆို အနောက်ဖက်ခြမ်းမှာလည်း လက်နက်ကြီး ကျရောက်တာတွေ ရှိတယ်လို့ ဒီးမော့ဆို အနောက်ဖက်ခြမ်း ဒေသခံတစ်ဦးက ပြောပါတယ်။

“ ဒီ ၁၂နာရီခွဲ နောက်ပိုင်းမှာ သူလျှောက်ပတ်ထုတာတော့ ဒီးမော့ဆိုအနောက်ဖက်ပိုင်းမှာတော့ အလုံး ၂၀၊ ၃၀ လောက်ရှိမယ်။ အဲ့တာ သူတို့ ၁၂နာရီခွဲကနေ ညနေ ၃နာရီ ၄နာရီအထိ သူတို့ လျှောက်ပတ်ထုတယ်။ “ လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ဒါ့အပြင် ဖရူဆိုမြို့နယ်ဖက်မှာလည်း တိုက်ပွဲဖြစ်ပွားတာတွေမရှိပဲ လက်နက်ကြီး ပစ်ခတ်တာရှိတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

၂၀၂၃ခုနှစ် ဇန်နဝါရီလ ၁ရက်နေ့ကနေ ၁၅ရက်နေ့အထိ ကန္တာရဝတီတိုင်း( မ် ) ရဲ့ လက်လှမ်းမှီသလောက် ကောက်ယူထားတဲ့ စာရင်းအရ ကရင်နီပြည်မှာ လက်နက်ကြီးထိမှန်မှုကြောင့် အရပ်သား ၃ဦးသေဆုံးပြီး ၆ ဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။

ကရင်နီပြည်မှာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း အရပ်သားထိခိုက်သေဆုံးသူ (၂၉၃) ဦးရှိပြီး လက်နက်ကြီးထိမှန်သေဆုံးသူနဲ့ အသတ်ခံရသူတွေ အများဆုံးဖြစ်တယ်လို့ တိုးတက်သော ကရင်နီပြည်သူ့အင်အားစု ( PKPF ) ဇန်နဝါရီလ ၁ရက်နေ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ဇန်နဝါရီလ ၁၅ရက်နေ့ ဒီးမော့ဆ်ို အနောက်ဖက်ခြမ်းတစ်နေရာမှာ ကျရောက်တဲ့ လက်နက်ကြီး။
spot_img
spot_img

Recent posts