spot_imgspot_imgspot_imgspot_img
Thursday, March 28, 2024
spot_imgspot_imgspot_imgspot_img

ယမန်နေ့ည စစ်ကောင်စီလက်နက်ကြီးပစ်ခတ်မှုကြောင့် ပြည်သူတစ်ဦးပွဲချင်းပြီးသေဆုံး

ဓါတ်ပုံ – DMO-PDF

ကန္တာရဝတီတိုင်း(မ်)

ဒီးမော့ဆိုမြို့နယ် ၊ ဆောင်ဒူလာ ကျေးရွာအုပ်စုအတွင်း ကျေးရွာတစ်ရွာမှာ ယမန်နေ့ည က ကျေးရွာအတွင်း နေအိမ်တစ်လုံး လက်နက်ကြီး ထိမှန်ခဲ့ပြီး နေအိမ်အတွင်းက အသက် (၅၄)နှစ်အရွယ် အမျိုးသားတစ်ဦး ပွဲချင်းပြီး သေဆုံးခဲ့ပါတယ်။ ဒါ့အပြင် အသက် (၁၈)နှစ်အရွယ် သမီးဖြစ်သူ၊ (၅)နှစ်အရွယ် မြေးဖြစ်သူ နဲ့ အသက် (၁၅)နှစ်အရွယ်အမျိုးသမီး တစ်ဦးတို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကြပါတယ်။

အသက် (၁၈)နှစ် သမီးဖြစ်သူကတော့ ဝမ်းဗိုက်ဆီးအိမ်နား ထိသွားတဲ့အတွက် အခြေအနေ စိုးရိမ်ရတယ်လို့ ဒီးမော့ဆို ပြည်သူ့ကာကွယ်ရေးတပ် DMO-PDF တာဝန်ရှိသူတစ်ဦးက ပြောပြပါတယ်။

“ ထိခိုက်ဒဏ်ရာရတဲ့သူ သူ့ရဲ့ သမီး (၁၈)နှစ် တစ်ယောက်ပေါ့နော။ လောလောဆယ်တော့ စိုးရိမ်ရတဲ့ အထဲမှာပါတယ်ပေါ့နော။ ဘာဖြစ်လို့လဲဆိုတော့ သူက လုံးဝ ဗိုက်ထိထားတယ်လေ။ ဆီးအိမ်လည်း ထိထားခါကျတော့ သူက စိုးရိမ်ရတဲ့ အခြေအနေထဲမှာတော့ ရှိတာပေါ့။ သူ့ရဲ့ အဖေကတော့ ပွဲချင်းပြီးသေဆုံးသွားတယ်။”  လို့ DMO-PDF တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

လက်နက်ကြီး ကျရောက်တဲ့ကျေးရွာမှာဆိုရင်လည်း ဒေသခံတွေအပြင် စစ်ရှောင်ပြည်သူတွေလည်း အများအပြားရှိနေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။ ငွေတောင်အခြေစိုက် ခလရ (၁၀၂)တပ်က ယမန်နေ့ (ဇွန်လ ၁၀ရက်) ည ၉ နာရီဝန်းကျင်အချိန် လက်နက်ကြီးပစ်ခတ်ခဲ့တာဖြစ်ပြီး ဒေသခံတွေညတွင်းချင်း ထပ်မံ တိမ်းရှောင်နေကြတာတွေ လည်း ရှိတယ်လို့ သိရပါတယ်။

“ ၅လုံး ၆လုံးလောက်ပစ်တယ်။ အိမ်တစ်လုံးလည်း ထိတယ်ဆိုတော့ ကြောက်လန့်ပြီး ထပ်မံ တိမ်းရှောင်နေတာတော့ ရှိတယ်။ ပြည်သူတွေက ကြောက်တယ်လေ။ လက်နက်ကြီး ကျတယ်ဆိုတော့ ထိလည်း ထိတယ်။ အိမ်လည်း တည့်တည့်ထိတယ်ဆိုတော့ သူတို့ ညတွင်းချင်း ရွေ့ပြောင်းသွားတဲ့ သူတွေလည်း ရှိတယ်။” လို့ သူက ဆက်ပြောပြပါတယ်။

ယမန်နေ့ ဒီးမော့ဆို ခေါက်ပလော့ကျေးရွာ မှာတိုက်ပွဲဖြစ်ပွားတာတွေလည်း ရှိခဲ့ပြီး တိုက်ပွဲအခြေအနေ အသေးစိတ်ကိုတော့ မသိရှိရသေးပါဘူး။

ဇွန်လ (၁၀)ရက်နေ့အထိ ကရင်နီပြည်မှာဆိုရင် လက်နက်ကြီး ကြောင့် အရပ်သားပြည်သူ သေဆုံးသူ (၅)ဦးအထိ ရှိနေပြီဖြစ်ပြီး စစ်ကောင်စီပစ်ခတ်မှုကြောင့် (၁)ဦး၊ မိုင်းနင်းမိတဲ့အတွက် (၁) ဦး သေဆုံး ခဲ့ရပါတယ်။

spot_img
spot_img