spot_imgspot_imgspot_imgspot_img
Friday, March 29, 2024
spot_imgspot_imgspot_imgspot_img

ယမန်နေ့ မိုးဗြဲမြို့မှာ တိုက်ပွဲ နှစ်နေရာဖြစ်ခဲ့၊ စစ်ကောင်စီ လေကြောင်းဗုံးကြဲခဲ့သလို လက်နက်ကြီး ပစ်ခတ်မှုကြောင့် ၃နှစ်ခွဲအရွယ် ကလေးငယ်တစ်ဦး သေဆုံးခဲ့

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ယမန်နေ့ (မေလ ၂၇ရက်) ရှမ်းပြည်နယ်တောင်ပိုင်း မိုးဗြဲမြို့ ညောင်ဝိုင်း နဲ့ ပေါ်ဦး ရပ်ကွက် တွေမှာ စစ်ကောင်စီနဲ့ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဖက် လေယာဉ်နဲ့ ၈ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့သလို လက်နက်ကြီးတွေလည်း ပစ်ခတ်ခဲ့တယ်လို့ မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ် တပ်ရင်း(၁) က ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။

“ မနေ့ည မိုးဗြဲ ညောင်ဝိုင်းမှာဖြစ်တယ်ပေါ့နော။ ညောင်းဝိုင်း ရယ် ပေါ်ဦးဖက် မှာပေါ့။ ထိတွေ့မှု နည်းနည်းဖြစ်တယ်။ ပြီးတော့ လက်နက်ကြီးတွေ ပစ်တယ်။လေယာဉ်နဲ့ ၈ကြိမ် လာကြဲသွားတာပေါ့။ ညောင်ဝိုင်းတပ်စွဲထားတဲ့နေရာကို ပစ်ခတ်တာ ပေါ်ဦးဖက်ကတော့ ဆင်းလာတဲ့ ဟာကို ထိတွေ့ဖြစ်တယ်။ မြို့ထဲမှာ ပျက်စီးကတော့ ညောင်ဝိုင်း ဘုန်းကြီးကျောင်း၊ ပြီးတော့ နေအိမ် အသေးစိတ်ကတော့ ကျနော်တို့ မကြည့်ရသေးဘူးပေါ့။ “ လို့ MBPDFတပ်ရင်း(၁) တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

စစ်ကောင်စီနဲ့ ပူးပေါင်းတပ်တို့ ထိ‌ေတွ့တိုက်ပွဲမှာတော့ နှစ်ဖက်ထိခိုက်ကျဆုံးမှု အခြေနေကိုတော့ မသိရှိရသေးပါဘူး။

စစ်ကောင်စီရဲ့လက်နက်ကြီး ပစ်ခတ်မှုတွေ ကြောင့် ယမန်နေ့ညနေ (၅)နာရီအချိန် မိုးဗြဲမြို့ ၊ စည်ကား(၃)ရပ်ကွက် အသက် ၃နှစ် ၅လအရွယ် သမီးငယ် တစ်ဦး ဘယ်ဖက်ရင်ဘတ်ပွင့် ဒဏ်ရာကြောင့် သေဆုံးခဲ့ရတယ်လို့ Mobye Rescue Teamက ယမန်နေ့ သတင်းထုတ်ပြန်ပါတယ်။

ဒါ့အပြင် ပြည်သူ (၄)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ညောင်ဝိုင်း ဘုန်းကြီးကျောင်းအပါအဝင် ၊ နေအိမ်တွေ ထပ်မံပျက်စီးဆုံးရှုံးခဲ့ရတယ်လို့ သိရပါတယ်။

ဒီကနေ့ (မေလ ၂၈ရက်) နံနက် လေးနာရီခွဲအချိန်မှာလည်း စစ်ကောင်စီ လေယာဉ်နဲ့ မိုးဗြဲအနောက်ဖက်ခြမ်း စစ်ရှောင်စခန်းတစ်နေရာကို နှစ်ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ MBPDFက သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ဗုံးကြဲတိုက်ခိုက်မှုကြောင့် စစ်ရှောင်ပြည်သူ (၄)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ် (၃) လုံးထိခိုက်ပျက်စီးသွားခဲ့ရပါတယ်။

“ စိုးရိမ်ရတာတော့ မရှိဘူး။ ဒါပေမယ့် နည်းနည်းလေး ထိခိုက်ကြီးတာလောက်တော့ရှိတယ်။ အသက် ၄၀ အမျိုးသမီးတစ်ဦးကတော့ တင်ပါးဆုံ ဖက်မှာ ထိသွားတယ်ဆိုတော့ နည်းနည်းတော့ကြီးမာပေါ့နော။ အသက် အန္တာရယ်တော့ မရှိပါဘူး။ “ လို့ မိုးဗြဲ PDFတပ်ရင်း(၁) တာဝန်ရှိသူတစ်ဦးက ဆက်ပြောပါတယ်။

ဒီကနေ့ မှာတော့ ထိတွေ့တိုက်ပွဲဖြစ်ပွားတာမရှိသေးပေမယ့် စစ်ရေးတင်းမာနေတဲ့အတွက် မိုးဗြဲကို ဖြတ်သန်းသွားလာတဲ့ ပြည်သူလူထုတွေအနေနဲ့ မိမိလုံခြုံရေး အထူးကရုပြုကြဖို့ သတိပေးထားပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ ၂၆ ရက်နေ့မှာလည်း မိုးဗြဲမြို့၊ ညောင်ဝိုင်းရပ်ကွက်မှာ တပ်စွဲနေတဲ့ စစ်ကောင်စီတပ်နဲ့ အမှတ် (၁၀၀၁) မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ် MBPDF တပ်ရင်း(၁) ၊ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF တပ်ရင်း(၃)၊ KNDF တပ်ရင်း(၁) နဲ့ မြို့ပြတော်လှန်ရေးတပ်ဦး (URF) တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီ (၂၀) ဦး သေဆုံး၊ (၂) ဦး အရှင်ဖမ်းမိခဲ့သလို စစ်ကောင်စီဖက်က တိုက်လေယာဉ်နဲ့ ၄ ကြိမ် လာရောက်ပစ်ခတ်တာရှိခဲ့ပါတယ်။

spot_img
spot_img

Recent posts