spot_imgspot_imgspot_imgspot_img
Friday, March 29, 2024
spot_imgspot_imgspot_imgspot_img

ရေမသန့်ရှင်းမှုကြောင့်ဖြစ်နိုင်တဲ့ရောဂါများနှင့် ၎င်းတို့ကို ကာကွယ်နိုင်ရန်နည်းလမ်းများ

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

နွေရာသီရောက်ပြီဆိုတာနဲ့ ပတ်ဝန်းကျင်မှာ ခြောက်ကပ်နေပြီး ရေရှားပါးတဲ့ဒေသတွေမှာ ရေမှတစ်ဆင့် ကူးစက်တတ်တဲ့ရောဂါတွေဟာ တစ်ခြားကူးစက်ရောဂါတွေထက် ပိုမိုဖြစ်နိုင်တယ်လို့ သိရပါတယ်။

နွေရာသီမှာ အပူကိုကာကွယ်နိုင်ဖို့ လိုအပ်သလို၊ ဖြစ်ပေါ်တတ်တဲ့ ကူးစက်ရောဂါတွေကို ကာကွယ်နိုင်ဖို့ အရေးကြီးပါတယ်။ ဒါကြောင့် တောတောင်ထဲ ၊ ရေရှားပါးတဲ့ ဒေသမှာ စစ်ရှောင်နေရတဲ့ စစ်ဘေးရှောင် ပြည်သူတွေအတွက် ရည်ရွယ်ပြီး နွေရာသီမှာ အဖြစ်များတဲ့ ရောဂါတွေနဲ့ ကာကွယ်နိုင်ရန် နည်းလမ်းတွေကို တင်ဆက်ပေးလိုက်ပါတယ်။
………….

နွေရာသီမှာ အဖြစ်များတဲ့ ရောဂါတွေကတော့ ပြင်းထန် ကာလဝမ်းရောဂါ အပါအဝင် ဝမ်းပျက် ဝမ်းလျှော ရောဂါများ၊ ဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်တဲ့ အသည်းရောင်အသားဝါရောဂါ၊ အူရောင်ငန်းဖျား (တိုက်ဖွိုက်) ရောဂါ စတဲ့ ရောဂါတွေ ဖြစ်ပွားတတ်ပါတယ်။

ဝမ်းပျက်ဝမ်းလျှောရောဂါများ

ဝမ်းပျက်ဝမ်းလျှောခြင်းဆိုတာ ဝမ်းအရည်တွေ ခဏခဏ သွားတာဖြစ်ပြီး တစ်နေ့တာမှာ ဝမ်းအရည်တွေ ၃ ကြိမ်( ဒါမှမဟုတ်) ၃ ကြိမ်နဲ့ အထက် သွားတာမျိုးကို ဖြစ်စေပါတယ် (ပုံမှန်ဝမ်း မကြာခဏသွားခြင်းဟာ ဝမ်းပျက်ဝမ်းလျှောခြင်း မဟုတ်ပါ) ။ ပျို့အန်ခြင်း၊ ဗိုက်ရစ်ခြင်းနဲ့ အဖျားငွေ့ငွေ့ရှိခြင်းစတဲ့ လက္ခဏာတွေနဲ့တွဲပြီး ခံစားရနိုင်ပါတယ်။

ဝမ်းပျက်ဝမ်းလျှောခြင်းကိုဖြစ်စေတဲ့ အကြောင်းအရင်းတွေများစွာ ရှိတဲ့အထဲမှာမှ ရေမသန့်ရှင်းမှုကြောင့်နဲ့ ဆက်စပ် ဖြစ်ပွားမှုက ပိုမိုများပြားပါတယ်။ မသန့်ရှင်းသော သောက်သုံးရေသောက်မိခြင်း၊ တစ်ကိုယ်ရည် သန့်ရှင်းမှု အားနည်းခြင်း၊ ယင်နားစာများ စားသုံးခြင်း စတာတွေကြောင့် ဝမ်းပျက်ဝမ်းလျှောရောဂါတွေ ဖြစ်စေနိုင်ပါတယ်။

ဗိုက်အောင့်ဗိုက်နာ ဖြစ်ခြင်း၊ ဝမ်းဗိုက်မှာ ဖောရောင်ပြီး ရေတွေနဲ့ ပြည့်နေသလို ခံစားရခြင်း၊ ဝမ်းမအောင့်နိုင်ခြင်း၊ ရုတ်တရက် မထိန်းနိုင်လောက်အောင် ဝမ်းသွားချင်လာခြင်း၊ မူးဝေအော့အန်ခြင်း၊ ဂနာမငြိမ်ဖြစ်ခြင်း၊ အဖျားတက်ခြင်း စတဲ့ လက္ခာတွေ ဖြစ်လေ့ရှိပါတယ်။

ဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်တဲ့ အသည်းရောင်အသားဝါရောဂါ

အသည်းရောင်အသားဝါရောဂါဟာ အသည်းရောင်အသားဝါ ဗိုင်းရပ်စ်ပိုး (အေ၊ ဘီ၊ စီ၊ ဒီ၊ အီး) တို့ကြောင့် ဖြစ်ပွားတာဖြစ်ပါတယ်။

အဓိကအားဖြင့် အရေပြားနဲ့ မျက်သားများ အဝါရောင်ဖြစ်ခြင်း၊ ဆီးအရောင်ရင့်ရင့် သွားခြင်းနဲ့ ဝမ်းအရောင် ဖျော့ခြင်း စတဲ့ ရောဂါလက္ခဏာတွေ ပြလေ့ရှိပါတယ်။

အသည်းရောင်အသားဝါ ဗိုင်းရပ်စ် (အေ) နဲ့ (အီး) ဗိုင်းရပ်စ်ပိုးပါတဲ့ အစားအစာ၊ ရေမှတစ်ဆင့် ကူးစက်တာဖြစ်ပါတယ်။ အသည်းရောင်အသားဝါရောဂါ (အေ) ဟာ အသည်းရောင်အသားဝါ ဘီ၊ စီ၊ ဒီ နဲ့ အီး ဗိုင်းရပ်စ်ပိုးတွေကြောင့် ဖြစ်ပွားတဲ့ ရောဂါတွေနဲ့ ယှဉ်ရင် အပျော့စားရောဂါ ဖြစ်တယ်လို့သိရပါတယ်။

အသည်းရောင်အသားဝါရောဂါ အေနဲ့ အီးဟာ ဗိုင်းရပ်စ်ပိုး ကူးစက်ခံရပြီး အလိုလိုနေရင်း ပြန်လည်ကောင်းမွန်လာနိုင်ပေမယ့် ဗိုင်းရပ်စ်ပိုးသတ်ဆေးဝါးတွေ မရှိသေးဘူးလို့ သိရပါတယ်။

သတိပြုရမှာက ကိုယ်ဝန်ဆောင်စဉ် အသည်းရောင်အသားဝါရောဂါ (အီး) ကူးစက်ခံရမယ်ဆိုရင် ရောဂါပြင်းထန်နိုင်တာကြောင့် ကြိုတင်ကာကွယ်ထားရမှာဖြစ်ပါတယ်။

အူရောင်ငန်းဖျား (တိုက်ဖွိုက်) ရောဂါ

အူရောင်ငန်းဖျားရောဂါဟာ Salmonella typhi (ဒါမှမဟုတ်) Salmonella paratyph (အဆိပ်ဖြစ်စေတဲ့ ဘတ်တီးရီးယားပိုး) တွေက အူလမ်းကြောင်းနဲ့ သွေးကြောအတွင်း ဘက်တီးရီးယားပိုး ကူးစက်တာကြောင့် ဖြစ်တဲ့ ဖျားနာခြင်းကို ဆိုလိုပါတယ်။

ပိုးရှိသူထိတွေ့ထားတဲ့ အစားအစာနဲ့ ရေတွေမှာ အဆိုပါ ဘက်တီးရီးယားတွေကို တွေ့နိုင်ပြီး အခြားသောလူများကို ကူးစက်နိုင်ပါတယ်။

104.9 F ( 40.5 C) အထိ အဖျားတက်ခြင်း၊ ခေါင်းကိုက်ခြင်း၊ အားနည်းပြီး ပင်ပန်းနွမ်းနယ်ခြင်း၊ ဝမ်းချုပ်ခြင်း (သို့မဟုတ်) ဝမ်းလျှောခြင်း၊ ခန္ဓာကိုယ်မှာ အဖုအပိမ့် ထွက်ခြင်း၊ ဗိုက်အလွန်အမင်း ဖောင်းလာခြင်း စတဲ့ လက္ခဏာတွေ ပြလေ့ရှိပါတယ်။

အထက်ပါ ဖော်ပြထားတဲ့ ဝမ်းပျက်ဝမ်းလျှောရောဂါ၊ အသည်းရောင်အသားဝါရောဂါ၊ အူရောင်ငန်းဖျား (တိုက်ဖွိုက်) ရောဂါ တွေဟာ သန့်ရှင်းတဲ့ရေ လုံလောက်စွာ မသုံးစွဲနိုင်တာကြောင့် ဖြစ်ပါတယ်။

ဒါ့ကြောင့် အဆိုပါရောဂါတွေကို ကာကွယ်ရမယ့် နည်းလမ်းတွေကတော့ ရေကိုကျိုချက်ပြီး (သို့မဟုတ်) ကလိုရင်းဆေးခတ်ပြီး သောက်သုံးပါ။ သန့်ရှင်းစွာ နဲ့ ကျက်အောင် ချက်ထားတဲ့ အစားအစာတွေကို စားပေးပါ။ သန့်ရှင်းတဲ့ ယင်လုံအိမ်သာတွေကို အသုံးပြုပါ။ အိမ်သာ အသုံးပြုပြီးချိန်တိုင်း၊ အစားအစာတွေကို ပြင်ဆင်ချက်ပြုတ်ခြင်း မပြုမီနဲ့ မစားသုံးမီအချိန်တိုင်း လက်ကို ဆပ်ပြာနဲ့ သေချာဆေးပါ။ ကလေးငယ်များရဲ့ မစင်များ၊ ပေကျံနေသော အဝတ်များကို စနစ်တကျ သိမ်းဆည်း လျှော်ဖွတ်ပါ။ ရေတွင်းရေကန်အနီးတွင် လျှော်ဖွတ်ခြင်း မပြုသင့်ပါ။

ဝမ်းပျက်ဝမ်းလျှောခြင်း ဖြစ်နေလျှင် ကောင်းကောင်းအနားယူပြီး ရေဓာတ်မဆုံးရှုံးအောင် ရေများများသောက်ပေးပါ။ ဓာတ်ဆားရည်ကို သောက်ပေးပါ။

သတိပြုရမှာက အထက်ပါရောဂါတစ်ခုခုကြောင့် ဖျားခဲ့မယ်ဆိုရင် မိမိသဘောအတိုင်း ပဋိဇီဝဆေး တွေ မသောက်သုံးပဲ တတ်ကျွမ်းနားလည်တဲ့ ကျန်းမာရေးဝန်ထမ်းတွေ ညွှန်ကြားမှသာ သောက်ရမှာ ဖြစ်ပါတယ်။

ကိုးကား – NUG , MOH facebook & Hello Sayarwon page

spot_img
spot_img

Recent posts