spot_imgspot_imgspot_imgspot_img
Friday, March 29, 2024
spot_imgspot_imgspot_imgspot_img

ရေရှားမှုပြဿနာကြုံလာနေရတဲ့ ကရင်နီပြည်က စစ်ရှောင်များ

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ထမင်းချက်ဖို့အတွက် ရေကို တစ်နာရီကြာလမ်းလျှောက်သွားပြီး ဒေါ်နန်းမူ(နာမည်လွဲ)တစ်ယောက် ရေသွားခပ်နေရပါတယ်။ တစ်ပတ်ကို သုံးပုံးလောက်ခပ်ပြီး သောက်သုံးရေနဲ့ ထမင်းချက်ဖို့အတွက် အသုံးပြုနေရတယ်လို့ သူက ပြောပါတယ်။

“ အဓိကကတော့ ထမင်းနဲ့ ချက်စား၊ ချက်သောက်ဖို့ပေါ့။ ကျိုသောက်ဖို့ပဲပေါ့။ ခြေလက်လေးဘာလေးဆေးမယ်ဆိုရင် မဆေးဘူး။ ရေခပ်ဖို့ ဝေးခါကျတော့။”

သူဟာ ဒီးမော့ဆိုမြို့နယ် စံပြ၆မိုင်အုပ်စု ဝမ့်လထွားကျေးရွာမှာ နေထိုင်တာဖြစ်ပြီး တိုက်ပွဲတွေကြောင့် စစ်ဘေးရှောင်နေရတာဖြစ်ပါတယ်။

လွိုင်ကော်မြို့နယ် ဆီးဘူးကျေးရွာမှာ ၃လ သွားရောက်နေထိုင်ခဲ့ပြီး ဒီးမော့ဆို အနောက်ဘက်ခြမ်းက စစ်ရှောင်စခန်းမှာ သွားရောက်နေထိုင်တာ ၄လနီးကျော်ရှိသွားပြီ ဖြစ်ပါတယ်။

စစ်ရှောင်စခန်းမှာ ရေလုံလောက်မှုမရှိတဲ့အတွက် ရေကိုသွားခပ်ပြီး အသုံးပြုနေကြရတာဖြစ်ပါတယ်။ ဆိုင်ကယ်ဆီဖိုး မတတ်နိုင်တဲ့အတွက် မနက်အစောကြီး ခြေကျင်နဲ့သွားခပ်ရတယ်လို့ ဒေါ်နန်းမူက ပြောပါတယ်။

“ အဝေးကြီးသွားခပ်ရတယ်။ နောက်ဆိုင်ကယ်နဲ့ သားကို ဆိုင်ကယ်နဲ့သွားခိုင်းမယ်ဆိုရင်လည်း ဆိုင်ကယ်ဆီလည်းမဝယ်နိုင် အဲ့တာကြောင့် သူ့ကို ပလိုင်းနဲ့ မနက်မနက်ဆိုရင် သူ့ကို ပလိုင်းနဲ့သွားခပ်ခိုင်းတယ်။”

ကရင်နီပြည်နယ်က စစ်ရှောင်တွေဟာ ပြန့်ကျဲနေပြီး စစ်ရှောင်တစ်ချို့ဟာ မြို့ပေါ်တွေမှာ မနေထိုင်ရဲကြတော့ဘဲ ဝေးလံတဲ့ တောတောင်ထဲ သွားရောက်နေထိုင်ကြပါတယ်။

အခုလို ပွင့်လင်းရာသီရောက်တဲ့အချိန်မှာတော့ ရေရှားပါးမှုဒဏ်ကို စတင်ကြုံတွေ့နေရပါတယ်။
စစ်ရှောင်စခန်းမှာ မီးဖွားခါနီးမိခင်တွေလည်း ရှိနေပြီး အဲ့ဒီအထဲမှာ ဒေါ်နန်းမူလည်း အပါအဝင်ဖြစ်ပါတယ်။

“ အဓိကတာတော့ ဒီရေနဲ့ မီးနဲ့ တအားအခက်အခဲဖြစ်တယ်။ မီးအဆင်မပြေလည်း ကလေးစာကျက်ဖို့လည်း အဆင်မပြေဘူး။ အဒေါ်မွေးဖွားရမယ်ဆိုတော့ ပိုပြီးအရေးကြီးတယ်ပေါ့။ မီးနဲ့ရေနဲ့ စားဝတ်နေရေး။”

ကရင်နီပြည်နယ်မှာ တိုက်ပွဲတွေဖြစ်ပွားပြီး တောထဲတောင်ထဲ စစ်ဘေးရှောင်နေရတဲ့ ပြည်သူ ၉သောင်းကျော်ရှိနေတယ်လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့ ကောက်ယူထားတဲ့ စာရင်းအရသိရပါတယ်။

စစ်ရှောင်တွေဟာ တစ်ကိုယ်ရေသန့်ရှင်းရေးအတွက် ရေကို ၃ရက်တစ်ခါသွားချိုးရတယ်လို့ စစ်ရှောင်ပြည်သူ တစ်ဦးက ပြောပါတယ်။ လက်ရှိမှာ စစ်ရှောင်တွေသောက်သုံးနေတဲ့ ရေတွေဟာ ကြည်လင်နေတာမျိုး မဟုတ်ပါဘူး။ နွေရာသီရောက်ရင် သူတို့ ရေကို ဘယ်မှာ သွားယူရမလဲ တွေးရင်း စိတ်ပူနေကြပါတယ်။

“ စိုးရိမ်တယ်။ နှစ်လပိုင်း သုံးလပိုင်းကျရင် စစ်ဘေးရှောင်လည်းများမယ်ဆိုတော့ ရေ လည်း မလောက်မငှဖြစ်မှာ မလောက်ဘူး။ အဲ့ဒီတော့ စိုးရိမ်တယ်။ အဒေါ်တို့ကလည်း အဲ့ဒီရေမှ မလောက်ဘူးဆိုရင် ဘယ်မှာသွားခပ်သောက်ရမလဲမသိဘူး။ “လို့ သူက ဆက်ပြော ပါတယ်။

ရေမလုံလောက်တဲ့အတွက် ရေတွေကို အကန့်အသတ်နဲ့ အသုံးပြုနေရတယ်လို့ ဖယ်ခုံမြို့နယ်က စစ်ဘေးရှောင် အမျိုးသမီးတစ်ီဥးက ပြောပါတယ်။

“ ကျမတို့ ရေသုံးစနစ်က နှစ်ပတ်မှာ တစ်ကြိမ်ဘဲ ရေချိုးခွင့်ပေါ့နော။ အဝတ်ဆိုရင်လည်း နှစ်ပတ်မှာ တစ်ကြိမ်ဘဲလျှော်တယ်ပေါ့နော။ ပြီးလို့ရှိရင် ရေနဲ့ပတ်သက်ပြီးတော့ ကျမတို့ စည်းကမ်းတွေဘာတွေ ထုတ်ထားတဲ့ဟာ ရှိတယ်ပေါ့နော။ ကျမတို့ ရေလုံလောက်မှုမရှိလို့ အဲ့လိုလုပ်ထားပါတယ်။ “ လို့ ဖယ်ခုံမြို့နယ် စစ်ဘေးရှောင် အမျိုးသမီးတစ်ဦးက ပြောပါတယ်။

ကရင်နီပြည်နယ်မှာ လက်ရှိအချိန်အထိ တိုက်ပွဲတွေ ပြင်းထန်နေပြီး စစ်ဘေးရှောင်တွေများပြားလာနေပါတယ်။ စစ်ဘေးရှောင်တွေအတွက် လိုအပ်ချက်တွေက များပြားနေဆဲဖြစ်ပါတယ်။

spot_img
spot_img

Recent posts