ရေအလှူရှင်တွေကို မျှော်နေရတဲ့ ဒေါဖုရွာ (ရုပ္သံ)

0
520

ရေတစ်ပုံးရဖို့အရေး အချိန်တွေကုန်နေရပြီး အခြားအိမ်အလုပ်တွေပါပျက်ရတယ်လို့ ကယားပြည်နယ်၊ ဒီးမော့ဆို မြို့နယ်၊ ဒေါဖုကျေးရွာသူ ဒေါ်လူမြာက ပြောပါတယ်။

ဒေါဖုရွာဟာ အိမ်ခြေ ၅၀ နီးပါးရှိပြီး လူဦးရေ ၂၀၀ ကျော်ရှိတဲ့ ကျေးရွာဖြစ်ပြီးတော့ ရွာကနှစ်စဉ်မှီခိုအသုံးပြုနေတဲ့ လျှိုကြားက စိမ့်စမ်းရေတွေ လက်ရှိမှာ ရေထွက်နည်းသွားလို့ သောက်သုံးရေရဖို့အတွက် ရွာသူ၊သားတွေ ရေဆိပ်မှာ အလှည့်ကျ အချိန်တွေအကြာကြီး တန်းစီစောင့်ဆိုင်းရတယ်လို့ ဆိုပါတယ်။

နှစ်စဉ်နွေရာသီမှာ ရေရှားပါးတဲ့ ဒေါဖုရွာရဲ့ သောက်သုံးရေအလုံအလောက်ရဖို့အတွက် နိုင်ငံတာကာ အန်ဂျီအို အဖွဲ့တစ်ခုက ၂၀၁၂ ခုနှစ်မှာ ရေလွှတ်ကန်ကြီးတစ်လုံးနဲ့ ရွာတွင်းရေလှောင်ကန်အသေး နှစ်လုံးတည်ဆောက်ဖို့ အကူ အညီပေးခဲ့ပါတယ်။

ဒါပေမယ့်လည်း ၉ နှစ်လောက်ကြာပြီဖြစ်လို့ ရေလွှတ်ကန်ကနေ ရွာအတွင်းက ရေလှောင်ကန်ထဲကို ပို့လွှတ်ပေးတဲ့ ရေပိုက်တွေလည်း ဆွေးမြေ့ကုန်ပြီလို့ ဆိုပါတယ်။

ရွာအတွင်းရှိ ရေလှောင်ထဲရေမရောက်နိုင်တော့တဲ့အခါ ရွာသူ၊သားတွေက ရေဆိပ်အထိ သွားခပ်ကြတာကြောင့်လည်း ရေလှောင်ကန်ထဲကို ရေရောက်နိုင်ဖို့ ပိုပြီးခက်ခဲသွားတယ်လို့ ရွာမိ၊ရွာဖ တစ်ဦးက ပြောပါတယ်။ အခုဆိုရင် သောက်သုံးရေရရှိဖို့ ၁၀ မိုင်လောက်ဝေးတဲ့ ကန်ခုနှစ်ဆင့်နဲ့ ၁၇ မိုင်ကျော်ဝေးတဲ့ ငွေတောင်ဆည်အထိပါ သွားနေကြရတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ဒီလိုမျိုး မိုင်ဆယ်ချီဝေးတဲ့ နေရာအထိ အမြဲတမ်းမသွားနိုင်သလို လူတိုင်းလည်း မတတ်နိုင်ကြပါဘူး။ ဆိုင်ကယ်၊ ကားတွေ ရှိတဲ့ အိမ်ထောင်စုတွေကပဲ ဒီလိုမျိုး အဝေးကြီးအထိ သောက်သုံးရေသွားခပ်ဖို့ အားထုတ်နိုင်ကြတာပါ။

ရွာအနီးဝန်းကျင်မှာရှိတဲ့ လျှိုကြားက စိမ့်စမ်းရေတွေကို လျှိုပိတ်တမံတည်ဆောက်ပြီး ရေသိုလှောင်ထားနိုင်ရင် တော့ ရွာအတွက် အကျိုးရှိနိုင်တယ်လို့ ရွာခံတွေက ဆိုပါတယ်။