spot_imgspot_imgspot_imgspot_img
Friday, April 19, 2024
spot_imgspot_imgspot_imgspot_img

ရှားတောအနီး သံလွင်မြစ်ကူးတံတား စီမံကိန်း၏ အကျိုးဆက် နှစ်ဖက်ညှိနှိုင်းကြမည် 

Author

Date

Category

စူးမယ်

ရှားတောမြို့နယ် တာတမောအနီးတွင် တည်ဆောက်မည့် သံလွင်တံတားစီမံကိန်းနှင့် ပတ်သက်၍ နှစ်ဖက်ခေါင်းဆောင်များမှ အကျေအလည် ညှိနှိုင်းပြီးမှသာလျှင် ရှေ့ဆက်လုပ်ငန်းစဉ်အတွက် ဆုံးဖြတ်ကြရမည်ဖြစ်ကြောင်း ကရင်နီအမျိုးသားတိုးတက်ရေးပါတီ အထွေထွေအတွင်းရေးမှူး ဦးရွှေမျိုးသန့်က ကန္တာရဝတီတိုင်း(မ်)သို့ ပြောကြားလိုက်သည်။

အဆိုပါ သံလွင်တံတားတည်ဆောက်ရေး စီမံကိန်းအား၂၀၁၇-၂၀၁၈ ခုနှစ် ဘဏ္ဍာရေးနှစ်တွင် စတင်လုပ်ဆောင်ရန် လျာထားပြီး ၂၀၂၀-၂၁ ဘဏ္ဍာရေးနှစ် အရောက်တွင် အပြီးသတ်ပြီးစီးရန် ကယားပြည်နယ်အစိုးရမှ စီစဉ်နေခြင်းဖြစ်သည်။

ဦးရွှေမျိုးသန့်က “ကျနော်တို့က နှစ်ပိုင်း စဉ်းစားရမှာပေါ့။ တစ်ပိုင်းက နှစ်နိုင်ငံကြားမှာရှိတဲ့ မဟာဗျူဟာအရ စီးပွားကူးသန်း ရောင်းဝယ်ရေးလုပ်တဲ့နေရမှာဆိုရင် နှစ်နိုင်ငံလုံးမှာရှိတဲ့ အထူးသဖြင့် နှစ်ပြည်နယ်ပေါ့ ။ ကျနော်တို့ ကရင်နီပြည်နယ်နဲ့ ထိုင်းနိုင်ငံ မယ်ဟောင်ဆောင်ခရိုင်ပေါ့။ ဖွံ့ဖြိုးတိုးတက်နိုင်ဖို့ရှိတယ်။ သို့သော်လည်း ပြဿနာက နိုင်ငံရေးကိစ္စတွေကို သေချာမဖြေရှင်းရသေးတဲ့အခါမှာ ပြဿာနာ ပြန်လည်မဖြစ်ပွားနိုင်ဘူးလို့ ဘယ်သူမှ အာမခံချက်မပေးနိုင်ဘူး။ အဲတော့ ကျနော်တို့က ဒီကိစ္စကို တော်တော်နဲ့ ဖြေရှင်းရမယ့်သဘောတော့ ရှိတယ်။ စီးပွားရေးဆိုင်ရာ အခွင့်အလမ်း၊ နှစ်နိုင်ငံမှာရှိတဲ့ စီးပွားရေး မဟာဗျူဟာ အဲဒီအပေါ်မှာရှိတဲ့ ကျနော်တို့ရဲ ့ ငြိမ်းချမ်းရေးအခြေအနေ အဲလိုရှိတဲ့ပေါ်မှာ ကျနော်တု့ိ စဉ်းစားပြီးတော့မှ ကျနော်တို့ ခေါင်းဆောင်တွေ စဉ်းစားပြီးတော့မှ ဆုံးဖြတ်ရမယ့် သဘောမှာတော့ ရှိပါတယ်”ဟု ၎င်းက ပြောသည်။

သံလွင်မြစ်ကူးတံတားစီမံကိန်းနှင့် ပတ်သက်ပြီး အစိုးရမှ ကေအဲန်ပီပီနှင့် သေသေချာချာ ညှိနှိုင်းဖို့လိုအပ်ကြောင်း၊ စီးပွားရေးအမြင်အရ လုပ်ဆောင်မည်ဆိုပါက နှစ်နိုင်ငံ အကျိုးစီးပွားများ ရရှိလာနိုင်သော်လည်း အဆိုပါ ဒေသတွင် နှစ်ဖက်တပ်များမှ ဆုတ်ခွာပေးရမည်ဖြစ်ကြောင်း KNPP၏ အထွေထွေအတွင်းရေးမှူး ဦးရွှေမျိုးသန့်က ထပ်လောင်းပြောကြားသည်။

ငြိမ်းချမ်းရေးဖြစ်စဉ်ကို ထိခိုက်လာမည့် ကိစ္စရပ်များဖြစ်နိုင်သော စစ်ရေးအရ စီမံကိန်းကို အကောင်အထည်ဖေါ်ခြင်းဖြစ်ပါက မိမိတို့မှ ဘဝင်မကျကြောင်း ၎င်းက ထည့်သွင်းပြောကြားသေးသည်။

၂၀၁၇-၂၀၁၈ ဘတ်ဂျက်နှစ်မှစ၍ လွိုင်ကော်ခရိုင်အတွင်း တံတား စီမံကိန်း ၅ ခု လျာထားပြီး ရှားတောမြို့နယ်ရှိ အဆိုပါ သံလွင်မြစ်ကူးတံတားသည် တံတားစီမံကိန်းများအနက် အကြီးဆုံး စီမံကိန်းတစ်ခုလည်း ဖြစ်သည်။

ယခုအခါ စီမံကိန်းအတွက် ရှေ့ပြေးတိုင်းတာမှုများ ပြုလုပ်နေပြီဟု ကယားပြည်နယ်၊ ရှားတောမြို့နယ် လမ်းဦးစီးဌာန၏ ဦးစီးအရာရှိ(မြို့ပြ) ဦးခင်ဇော်အောင်က အတည်ပြုပြောကြားသည်။

“ကျနော်တို့ကတော့ အထက်က ညွှန်ကြားထားတဲ့အတိုင်း လုပ်ရုံပဲ။ တံတားအူကြောင်းအတွက် တိုင်းတာတွေတော့ လုပ်ပြီးနေပြီ။ နောက်ဆက်တွဲ ဆုံးဖြတ်ချက်ကတော့ သူတို့ခေါင်းဆောင်တွေအပေါ်မှာပဲ မူတည်တယ်။”ဟု ဦးခင်ဇော်အောင်က ဇူလိုင်လ ၂၅ ရက်နေ့တွင် ပြောကြားသည်။

ထိုင်းနိုင်ငံ မယ်ဟောင်ဆောင်ခရိုင်နှင့် လွိုင်ကော်မြို့တို့အား ညီအစ်မမြို့တော်အဖြစ် နားလည်မှု စာချွန်လွာကို မတ်လ ၉ ရက်နေ့တွင် လက်မှတ်ရေးထိုးထားပြီးဖြစ်ကာ ကုန်သွယ်ရေးလုပ်ငန်းများနှင့် ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရန် ဦးတည်လုပ်ဆောင်ကြတော့မည်ဟု ဦးရွှေမျိုးသန့်က ပြောသည်။

“အဓိက တစ်ခုပဲ ကျနော်တို့ ကြားထဲမှာ အဟန့်အတား သဘောမျိုးဖြစ်နေတာကတော့ လက်ရှိ ကျနော်တို့ရဲ ့ ငြိမ်းချမ်းရေးအခြေအနေပေါ့လေ။ ငြိမ်းချမ်းရေးအခြေအနေသာ တကယ်လို့ ရရှိထားတဲ့အခြေအနေလေးကို ဆက်ပြီးတော့ ထိန်းနိုင်မယ်ဆိုရင် ပြဿနာတွေမဖြစ်နိုင်ဘူး အထူးသဖြင့် တပ်မတော်နဲ့ စစ်တပ်ဖက်ကလည်း သူတို့ ကတိကဝတ်တွေအတိုင်း ခိုင်မာစွာ ရပ်တည်မယ်ဆိုရင် ဒါဟာ နှစ်ဦး နှစ်ဖက် အကျိုးရှိနိုင်မယ့်ကိစ္စဖြစ်ပါတယ်”ဟု ၎င်းက ပြောကြားခဲ့သည်။

ပြည်နယ်အတွင်း သံလွင်မြစ်ကူးတံတားတစ်စင်ကို ဖါးဆောင်းမြို့နှင့် မယ်စဲ့မြို့အကြား တည်ဆောက်ထားပြီးဖြစ်ကာ ယခုအခါ ဒုတိယမြောက်တံတားအဖြစ် တည်ဆောက်ရန် လျာထားခြင်းလည်း ဖြစ်သည်။

spot_img
spot_img

Recent posts