spot_imgspot_imgspot_imgspot_img
Friday, April 19, 2024
spot_imgspot_imgspot_imgspot_img

ရွှေဆိုင် မိသားစုတစ်စုကို KNDF အမှတ်တံဆိပ်သုံးပြီး ခြိမ်းခြောက်ငွေတောင်းတဲ့စာ တွေ့ရှိရမှုအပေါ် KNDF ဆက်လက်စုံစမ်းသွားမည်

ကန္တာရဝတီတိုင်း(မ်)

ရှမ်းပြည်နယ်မြောက်ပိုင်း ၊ သိန္ဒီမြို့က လုပ်ငန်းရှင် မိသားစုတစ်စုဆီကို ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF အမှတ်တံဆိပ်အသုံးပြုပြီး ခြိမ်းခြောက်ငွေညှစ်တဲ့ စာတစ်စောင်ကို ဖေ့စ်ဘွတ်လူမှုကွန်ယက် စာမျက်နှာမှာ တွေ့ရှိရပြီး ဒီဖြစ်စဉ်အပေါ် ဆက်လက်စုံစမ်းသွားမှာဖြစ်တယ်လို့ KNDFရဲ့ ဗဟိုစုံစမ်းစစ်ဆေးရေးလုပ်ငန်းအဖွဲ့ Investigation Task Force (ITF) မှ အဖွဲ့ဝင်တစ်ဦးက ကန္တာရဝတီတိုင်း(မ်)ကို ပြောပါတယ်။

“ အဲနေရာမှာ ရှိတဲ့ တပ်ရင်း တပ်ဖွဲ့နဲ့ ချိတ်ဆက်ရတာပေါ့နော။ ရှမ်းမြောက်ဆိုတော့ ရှမ်းမြောက်မှာရှိတဲ့ တခြားတော်လှန်ရေးအဖွဲ့အစည်းတွေနဲ့ ချိတ်ဆက်ပြီးမှ လုပ်ဆောင်ရမယ့်အပိုင်းရှိတယ်ပေါ့နော။ နောက်တစ်ခုက ကိုယ့်တပ်ဖွဲ့ထဲမှာပေါ့နော။ ပြန်ပြီးတော့မှ စုံစမ်းရမယ့် ဟာတွေရှိတယ်။ အခုလောလောဆယ်အထိတော့ ကျနော်တို့ သိသလောက်ကတော့ အဲမှာ ကိုယ့်တပ်ဖွဲ့ဝင်တွေ မရှိဘူး။ အဲလိုလုပ်တာ ဘယ်သူလဲဆိုတာလည်း မသိတဲ့ခြေနေမှာရှိတယ် သေချာတာတစ်ခုကတော့ ကျနော်တို့ တပ်ဖွဲ့ဝင်တွေ မဖြစ်နိုင်ဘူးပေါ့နော။ ဖြစ်ခဲ့ရင်လည်း ကျနော်တို့ကတော့ စစ်ဥပဒေအတိုင်းတော့ အရေးယူဆောင်ရွက်ဖို့ရှိတယ်ပေါ့နော။ အဲဒီစာမှာ ဗိုလ်နာမည်ရယ် ဒေသပေါ့ အဲတစ်ခုကြည့်ရမယ် နောက်ရှမ်းမြောက်ပေါ့ ဒေသလည်း ကြည့်ရမယ်ပေါ့နော။ အဲသုံးချက်ကြည့်မယ်ဆိုရင်တော့ ဒါကတော့ KNDF မဖြစ်နိုင်ဘူးဆိုတာကတော့ သိသာတယ်ပေါ့။ “

သိန္ဒီမြို့မှာ KNDF အနေနဲ့ စစ်ရေးအရသော်လည်းကောင်း ၊ ဆက်ဆံရေးရည်ရွယ်ချက်ဖြင့်သော်လည်းကောင်း လုပ်ရှားမှုမရှိဘူးလို့ KNDF က ထုတ်ပြန်ထားပါတယ်။

အဆိုပါ ခြိမ်းခြောက်စာထဲမှာတေ့ာ KNDF လက်နက်ခဲယမ်းအတွက် အလှူငွေကောက်ခံတာဖြစ်ကြောင်း၊ သိန္ဒီမြို့ ဟိုဟိန်းခမ်း ရွှေဆိုင်မိသားစုကနေ ကျပ်ငွေ သိန်း(၆၀) ပေးသွင်းရမည်ဖြစ်ကြောင်း၊ သတ်မှတ်ထားတဲ့ အချိန်အတွင်း မပေးသွင်းနိုင်ပါက ကလေးသူငယ်အပါအဝင် မိသားစုဝင်တွေကို ဖမ်းဆီးပစ်ခတ်မှာဖြစ်ကြောင်း၊ မပေးပါက အသက် အာမခံမည်မဟုတ်ကြောင်း ဖော်ပြထားပါတယ်။ KNDFရဲ့ မူဝါဒအရ ပြည်သူထံ ခြိမ်းခြောက်ငွေတောင်းခံတာတွေကို ပြင်းထန်စွာ တားမြစ်ထားသလို တော်လှန်ရေးကျင့်ဝတ်အရ လုပ်ဆောင်မှာ မဟုတ်ဘူးလို့ ဆိုပါတယ်။

ယခင်က KNDF အမည် အသုံးပြုပြီး စာနဲ့ ခြိမ်းခြောက်မှုဖြစ်စဉ်တွေကို KNDF ဗဟိုစုံစမ်းစစ်ဆေးရေးလုပ်ငန်းအဖွဲ့ကနေ ကိုင်တွယ်ဖြေရှင်းမှုရှိခဲ့ပြီး KNDFတပ်ဖွဲ့ထဲက မဟုတ်တဲ့အတွက် ထပ်မံ မလုပ်ဆောင်ဖို့ ပြောဆိုခဲ့တယ်လို့ ITF အဖွဲ့ဝင်တစ်ဦးက ဆက်ပြောပါတယ်။

“ ကျနော်တို့ တပ်ဖွဲ့ဝင်မဟုတ်တဲ့အတွက် ကျနော်တို့က အရေးယူပိုင်ခွင့်မရှိဘူးပေါ့နော။ သူ့သက်ဆိုင်ရာ အသင်းအဖွဲ့ပေါ့နော တပ်ဖွဲ့ နဲ့ပဲ ဆိုင်တယ်ပေါ့နော။ KNDFအဖွဲ့ ကရဲဘော်တွေ လုပ်မယ်ဆိုရင်တော့ ကျနော်တို့ အရေးယူလေ့ရှိတယ်ပေါ့နော။ “

ခြိမ်းခြောက်ပြီး ငွေတောင်းခံမှုတွေရှိခဲ့ရင် KNDF ကို တိုင်ကြားနိုင်သလို စုံစမ်းစစ်ဆေးမှုအရ KNDF တပ်ဖွဲ့ဝင်ဖြစ်မယ်ဆိုရင် အရေးယူတာတွေ၊ တခြားတော်လှန်ရေးတပ်ဖွဲ့ဝင်ဖြစ်မယ်ဆိုရင် ညှိ့နှိုင်းဆောင်ရွက်ပေးတာတွေ၊ အရပ်သားဖြစ်မယ်ဆိုရင် ကရင်နီပြည် ရဲဌာန ( KSP ) ထံ လွှဲပြောင်းတာတွေပြုလုပ်သွားမယ်လို့ သိရပါတယ်။

မြေပြင်မှာ တော်လှန်ရေးတပ်ဖွဲ့ဝင် အယောင်ဆောင်ပြီး ပြည်သူတွေဆီကနေ ငွေကြေးအလှူခံတာ ၊ ငွေတောင်းခံတာတွေ ရှိနေတဲ့အတွက် KNDF အနေနဲ့ကတော့ တပ်ဖွဲ့ဝင်တွေကို ခြိမ်းခြောက်မှုပုံစံမပြုလုပ်ဖို့ ကြပ်မတ်လမ်းညွှန်တားတာရှိတယ်လို့ဆိုပါတယ်။

တော်လှန်ရေးကို အကြောင်းပြပြီး KNDF အမည်ကို အသုံးပြုကာ လူထုတွေဆီ ခြိမ်းခြောက်ငွေတောင်းခံမှုတွေ ရှိလာတဲ့အတွက် ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် ဗဟိုစုံစမ်းစစ်ဆေးရေး လုပ်ငန်းအဖွဲ့ ( ITF ) ကို ၂၀၂၂ခုနှစ် ဩဂုတ်လအတွင်းမှာ ဖွဲ့စည်းခဲ့ပြီး စုံစမ်းစစ်ဆေးရေးလုပ်ငန်းကို လုပ်ဆောင်လျက်ရှိပါတယ်။

spot_img
spot_img