spot_imgspot_imgspot_imgspot_img
Friday, March 29, 2024
spot_imgspot_imgspot_imgspot_img

ရှမ်းပြည်-တောင် ပိုင်းက ကျေးရွာတချို့တွေမှာ စစ်ရှောင်တွေကို ထပ်မံ လက်မခံတာတွေ ရှိလာ


မော်မီမြာ (ကန္တာရဝတီတိုင်း(မ်))

ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ‌ဒေသက တချို့ ကျေးရွာ ၊ ရပ်ကွက် တွေမှာ ကရင်နီပြည်က ထပ်မံလာရောက်မယ့် စစ်ရှောင်တွေကို လက်မခံဖို့ ပြောဆိုတာတွေ ရှိနေတယ်လို့ စစ်ရှောင်တွေဆီကနေ သိရပါတယ်။

စစ်ရှောင်တွေ လက်မခံဖို့ PNO နဲ့ ထွေအုပ် ကနေပြီး ညွှန်ကြားထားတယ်လို့ ပြောဆိုကြတာရှိသလို လူမှုကွန်ယက်စာမျက်နှာ နဲ့ တချို့သတင်းဌာနတွေရဲ့ သတင်းရေးသားမှု  တွေမှာလည်း တွေ့မြင်ရတာရှိပါတယ်။

ဓတ်ပုံ – ရှမ်းပြည်နယ်တောင်ပိုင်းရှိ စစ်ရှောင်စန်းတစ်နေရာ

ကျေးရွာတချို့တွေမှာ ထပ်မံ လက်မခံဖို့ ပြောဆိုတာတော့ ရှိပေမယ့် ထွေအုပ်ကနေပြီး ထုတ်ပြန်ချက်ထုတ်တာတော့ မတွေ့ရှိရဘူးလို့ ကျေးရွာအုပ်စုတွေထဲက တာဝန်ရှိသူတစ်ဦးက ပြောပြပါတယ်။

“ အဲ့လို စာတွေ ဘာတွေ တော့ ထုတ်ပြန်တာမရှိဘူး။ တအားများလို့ ရှိရင်တော့ အဆင်မပြေဘူးပေါ့နော။ အဲ့လိုမျိုးတော့ ပြောထားတယ်။ ရွာ ပေါ်မှာပဲ မူတည်တာပေါ့။ ရွာက သူတို့ လက်ခံလို့ရသေးရင်တော့ လက်ခံလို့ရတာပေါ့ အောက်မှာ။ အပေါ်မှာတော့ စာရင်း ပေးမတင်တော့ဘူး။ “ လို့ ဆီဆိုင်မြို့နယ် ကျေးရွာအုပ်စုတွေထဲက တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

လက်ရှိ ရှမ်းပြည်နယ်မှာ ကရင်နီပြည်ဘက်က စစ်ရှောင်တွေ တအားများပြီး လုံခြုံရေးနဲ့ စားနပ်ရိက္ခာ အပိုင်း စိတ်ပူတဲ့အတွက် ထပ်မံလက်မခံဖို့ ပြောဆိုကြတာလည်း ဖြစ်တယ်လို့ စစ်ရှောင်ကူညီသူ ခွန်ကျော်ဆွေ က ပြောပြပါတယ်။

“ ကျ‌နော် ကြားသိရတာတော့ အဲ့ဒီရုံးက အစည်းအဝေးလုပ်တယ်။ နှစ်ပတ်လောက်ရှိပြီထင်တယ်။ သူတို့အစည်းအဝေးထိုင်တဲ့အခါကျ‌တော့ စစ်ရှောင်‌အသစ်တွေ ထပ်မလက်ခံဖို့တော့ပြောတယ်။ ဘာလို့လက်မခံလဲဆိုတော့ ဆီဆိုင်မှာ စစ်ရှောင်တွေအရမ်းများတယ်။ အရမ်းများတဲ့အခါကျတော့ မနိုင်မနင်းဖြစ်မှာစိုးလို့ စိုးရိမ်တာ တစ်ခုပေါ့။ နောက်တစ်ခုက လုံခြုံရေးအရ စိုးရိမ်တာလည်းပါတယ်။ အဲ့ဒီအကြောင်းပြချက်နှစ်ခုနဲ့ စစ်ရှောင်အသစ်တွေကို လက်မခံဖို့တော့ စာထုတ်ထားတယ်ဗျ။ စာတော့ ကျနော်မဖတ်ရဘူး။ အုပ်ချုပ်ရေးမှူးက ကျနော့်ကို အဲ့လိုပြောတယ်ပေါ့။ “ လို့ စစ်ရှောင်ကူညီသူ ခွန်ကျော်ဆွေ က ဆိုပါတယ်။

ဆီဆိုင် မြို့မှာဆိုရင်တော့ ကရင်နီပြည်က စစ်ရှောင် ၂သောင်း လာရောက် စစ်ရှောင်နေခဲ့ကြတာဖြစ်ပါတယ်။ တချို့ နေရပ်ပြန်တာတွေ ရှိပြီး လက်ရှိမှာဆိုရင် စစ်ရှောင် ၈ထောင်ကျော် နေထိုင်နေကြသေးတာဖြစ်ပါတယ်။ ဖယ်ခုံအင်းအရှေ့ပိုင်းမှာ တိုက်ပွဲပြင်းထန်ပြီးနောက် အမျိုးရှိရာဆီ ထပ်မံလာရောက်ကြတဲ့ စစ်ရှောင် အသစ်တွေလည်း ရှိတယ်လို့ သိရပါတယ်။

“ ထပ်လာနေချင်တယ်ဆိုရင် လက်မခံတော့ဘူး အဲ့လို ပြောသံကြားတယ်။ ဒါပေမယ့် တရားဝင် စာထုတ်ထားတာတော့ မတွေ့ရဘူး။ ကျမ အမျိုးတွေ ဒီမှာ ထပ်လာနေချင်တယ်။ အဲ့လိုပြောတော့ ကျမ ဘုန်းကြီးကျောင်း တစ်ကျောင်းမှာ သွားမေးကြည့်တာ လူသိပ်မများဘူး လူနည်းတယ်ဆိုတော့ လက်ခံမလား သွားမေးကြည့်တော့ ရပ်ကွက်ကတော့ လက်မခံတော့ဘူး။ ဒါပေမယ့် ဘုန်းကြီးကတော့ ခေါ်ချင်တယ်။ ဒါပေမယ့် ဒီ ရပ်ကွက်က ထပ်လက်မခံချင်တော့ဘူး အဲ့လို။ “ လို့ ရှမ်း-တောင် ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ‌ဒေသ ထဲက ကျေးရွာတစ်ရွာမှာ စစ်ရှောင်နေသူ တစ်ဦးက ပြောပြပါတယ်။

ရှမ်း-တောင်မှာ ဆိုရင် ၂၀၂၁ ခုနှစ် ဇွန်လကနေ စစ်ရှောင်တွေ လာရောက် တိမ်းရှောင်တာတွေ ရှိသလို လွိုင်ကော်မြို့မှာ တိုက်ပွဲဖြစ်တဲ့ ၂၀၂၂ ဇန်နဝါရီ (၈) ရက်နေ့ မှာလည်း ရှမ်းပြည်၊ ဆီဆိုင်မြို့နယ် ကို စစ်ရှောင်တွေကို လာရောက် စစ်ရှောင်တာတွေရှိခဲ့ပါတယ်။  



ဆီဆိုင်မှာ ဆိုရင် လွိုင်ကော် ၊ ဒီးမော့ဆို ၊ ဖရူဆို ၊ နန်းမယ်ခုံ က စစ်ရှောင်တွေ လာရောက် ခိုလုံနေကြတာဖြစ်ပါတယ်။ လက်ရှိဆီဆိုင်မှာ စစ်ရှောင်နေကြတဲ့ သူတွေက အမျိုးရှိတဲ့သူတွေက အမျိုးတွေရဲ့အိမ် ၊ စစ်ရှောင်စခန်း ၊ ဘုန်းကြီးကျောင်း ၊ ဘုရားကျောင်း စတဲ့ နေရာတွေမှာ နေထိုင်နေကြရတာဖြစ်ပါတယ်။

spot_img
spot_img