spot_imgspot_imgspot_imgspot_img
Friday, March 29, 2024
spot_imgspot_imgspot_imgspot_img

ရှေ့တန်းစစ်မြေပြင်က အမျိုးသမီးစစ်သည် မော်စိုးမြာ

(ကန္တာရဝတီတိုင်း(မ်))

“ပထမဆုံးရှေ့တန်းတက်ရတဲ့ချိန်ဆိုလည်း ကိုယ်သွားပစ်တာမဟုတ်ဘူးကိုယ်က အဲလို ရှေ့တန်း နယ်မြေမှာ စစ်သားတွေက ဘယ်နားရှိနေလဲ ဘယ်လိုမျိုးနေနေလည်းဆိုတာကို ကိုယ်က ကင်းသွားထောက်တာ။ ကိုယ်ကကင်းသွားထောက်တော့ ကိုယ်ကင်းသွားထောက်တာကို စစ်သားတွေက မြင်သွားတာ အဲ့တာလက်နက်ကြီးနဲ့လှမ်းပစ်တာ လှမ်းပစ်တော့ ထွက်ပြေးခဲ့ရတာ ပေါ့နော် အရမ်းလည်းလန့်ခဲ့ပါတယ်”

မော်စိုးမြာတစ်ယောက် သူမရဲ့ ပထမဆုံး ရှေ့တန်းအတွေ့အကြုံကို ပြောပြနေတာ ဖြစ်ပါတယ်။သူမဟာ အသက် ၁၈ နှစ်သာ ရှိသေးပြီး ကရင်နီအမျိုးသားများကာကွယ်ရေး KNDF တပ်ရင်း ၅ တပ်ခွဲ ၄ ရဲ့ သတင်းနဲ့ ပြန်ကြားရေးကို တာဝန်ယူ ထမ်းဆောင်ပေးနေတဲ့ စစ်သည်အမျိုးသမီးငယ်တစ်ဦးဖြစ်ပါတယ်။

၂၀၂၁ ခုနှစ် နွေဦးတော်လှန်ရေးမှာ ပေါ်ပေါက်လာတဲ့ ကရင်နီပြည်တော်လှန်ရေးအင်အားစုတွေထဲမှာမှ KNDF တပ်ဖွဲ့က စုဖွဲ့မှု အကောင်းဆုံးဖြစ်ပြီး အမျိုးသမီးအထူးတပ်ခွဲကိုလဲ ပထမဆုံး ဖွဲ့စည်းနိုင်ခဲ့ တော်လှန်ရေးတပ်ဖွဲ့တစ်ဖွဲ့လည်း ဖြစ်ပါတယ်။ အဲဒီတပ်ခွဲထဲမှာ မော်စိုးမြာတစ်ယောက် ပါဝင်နေပါတယ်။

မော်စိုးမြာဟာ စစ်ကောင်စီမှ အာဏာမသိမ်းခင်အချိန်ထိ အထက်တန်းကျောင်းသူတစ်ဦးဖြစ်ပြီး အာဏာသိမ်းပြီးနောက်ပိုင်း တော်လှန်ရေးမလုပ်ခင်အထိတော့ စစ်ရှောင်ရင်း စစ်ရှောင်နေတဲ့ရွာမှာ ကလေးတွေကို English Speaking တွေ သင်ပေးခဲ့ပါတယ်။

သူမရဲ့ အနာဂတ်ရည်မှန်းချက်ကတော့ Traveller တစ်ယောက်ဖြစ်ချင်တယ်လို့ ဆိုပါတယ်။

“ ဒီတော်လှန်ရေးသာမစခဲ့ဘူးဆိုရင် ကိုယ်ကမြို့အနှံ့ လျောက်သွားပတ်သွားနေတဲ့ Traveller တစ်ယောက်ဖြစ်နေပြီပေါ့နော။”

ဒီတော်လှန်ရေးပြီးမှကိုယ်ဖြစ်ချင်တာတွေ ၊ လုပ်ချင်တာတွေ လုပ်ခွင့်ရမှာဖြစ်တဲ့အတွက် လက်နက်ကိုင်တော်လှန်ရေးလမ်းစဉ်ကို နီးစပ်ရာသူငယ်ချင်းတွေနဲ့ ချိတ်ဆက်ပြီး KNDF တပ်ထဲ ဝင်ဖြစ်သွားတယ်လို့ သူမက တပ်ထဲဝင်ဖြစ်ပုံကို ပြောပြပါတယ်။

“နီးစပ်ရာသူငယ်ချင်းတွေကို ချိတ်ဆက်ကြည့်တော့ သူတို့ကလည်း KNDF ထဲမှာလုပ်နေတယ် ဆိုတော့ အဲ့ဒါနင်လည်းပါမလာဆိုတော့ အဲ့ဒါနဲ့ကိုယ်ကလည်း KNDF ထဲကို ဝင်ဖြစ်သွားတာပေါ့နော။ “ လို့ မော်စိုးမြာက ပြောပါတယ်။

၂၀၂၁ ခုနှစ် ဩဂုတ်လ မှာ လက်နက်ကိုင်တပ်ထဲ စတင်ဝင်ရောက်ခဲ့ပြီး လက်ရှိမှာတော့ KNDF အမျိုးသမီးတပ်ခွဲထဲ သတင်းနဲ့ပြန်ကြားရေးမှာ တာဝန်ထမ်းဆောင်တာ ၁ လ ကျော်သာရှိသေးတယ်လို့ ဆိုပါတယ်။

“ရှေ့တန်းကသွားဖူးပါတယ်။ ဒါပေမယ့် ဘယ်နှစ်ကြိမ်သွားဖူးလည်းဆိုတာတော့ မမှတ်မိတော့ဘူး သွားတာတော့ တော်တော်များများသွားခဲ့ပါတယ်” လို့ သူမရဲ့ ရှေ့တန်းသွားရောက်ခဲ့တာတွေကို ပြောပြပါတယ်။

မော်စိုးမြာက KNDF ထဲကို စတင်ဝင်ရောက်ခဲ့စဉ်က ကင်းစောင့်တာ၊ ဆေးမှူးတွေနဲ့အတူ စစ်ဘေးရှောင် ပြည်သူတွေကို သွားရောက်ကူညီတာတွေလုပ်ဆောင်ခဲ့ပေမယ့် လက်ရှိမှာတော့ သူမဟာ အမျိုးသမီး အထူးတပ်ခွဲမှာ ပြန်ကြားရေးတာဝန်ယူပြီးနောက်ပိုင်း သူမကိုယ်တိုင် ရှေ့တန်းမှာ မှတ်တမ်းယူတာတွေ လုပ်ဆောင်နေရပါတယ်။

“အမျိုးသားတွေနဲ့အတူရှေ့တန်းသွားရတဲ့ခံစားချက်က ကိုယ်ကမိန်းကလေးဆိုတော့ အမျိုးသားတွေ လောက်တော့ မလုပ်နိုင်ဘူးပေါ့နော။ ဒါပေမယ့် ကြိုးစားရတယ်။ နောက်ပြီးတော့သူတို့ကလည်း သူတို့အတွေ့ကြုံတွေကို ပြောပြတယ်။” လို့ သူမရဲ့ ရှေ့တန်းအတွေ့အကြုံတွေကို ပြောပြပါတယ်။

လက်ရှိ KNDF တပ်ဖွဲ့မှာ အမျိုးသမီးတွေ ပါဝင်လာမှုများပြားလာတာနဲ့အမျှ အမျိုးသားတွေနဲ့ တန်းတူ ရှေ့တန်းမှာ ရဲရဲရင့်ရင့်နဲ့ တိုက်ပွဲဝင်နေကြတာကို တွေ့နေရပါတယ်။
KNDF တပ်ဖွဲ့မှာ အမျိုးသားနဲ့ အမျိုးသမီး ဆိုပြီး ခွဲခြားသတ်မှတ်ထားတာ မရှိဘဲ တန်းတူအခွင့်အရေးတွေရှိနေကြပြီး အမျိုးသမီးတွေ အနေနဲ့ သူတို့လုပ်နိုင်စွမ်းအပေါ်ပဲ မူတည်တယ်လို့ KNDF အတွင်းရေးမှူး ၃ ခူးရီးဒူ ကပြောပါတယ်။

“အမျိုးသမီးရဲ့ပါဝင်မှုကို ဒီရာခိုင်နှုန်းနဲ့ချပြီးတော့ အဲဒီအနေအထားထိရောက်အောင် လုပ်ရမယ်ဆိုတဲ့ မူဝါဒတွေ စည်မျဉ်းစည်းကမ်းတွေတော့ မရှိဘူး ကျတော်တို့ KNDF မှာ သို့သော် ဒီအမျိုးသမီးတွေရဲ့ တော်လှန်ရေးမှာတော့ ဒီထက်ပါဝင်လာဖို့ဆိုတဲ့ဥစ္စာကတော့ ကျတော်တို့ကထင်မြင်ယူဆတယ် အဲဒီအတွက်ကြောင့်မို့လို့ပဲ ကျတော်တို့က အမျိုးသမီးတွေကို ဒီကနေ အားပေးချင်တယ်” လို့ ခူးရီးဒူက ပြောပါတယ်။

ကရင်နီပြည်က အမျိုးသမီးတွေဟာ တော်လှန်ရေးကာလအတွင်း ရှေ့တန်းစစ်မြေပြင် တိုက်ပွဲမှာ ကိုယ်တိုင် ပါဝင်ကြသူတွေရှိသလို ရှေ့တန်းကို ပံပိုးပေးရတဲ့ ထောက်ပို့တပ်သားအနေနဲ့ ပါဝင်ကြသူတွေလည်း ရှိနေပါတယ်။

ကဏ္ဍပေါင်းစုံမှာ အသီးသီးပါဝင်လာတဲ့ အမျိုးသမီးအများစုဟာ ခေတ်ပညာတတ်လူငယ်တွေဖြစ်နေတာကိုလဲ စုံစမ်းသိရှိရပါတယ်။

တော်လှန်ရေးစစ်သည်အမျိုးသမီးတစ်ဦးဖြစ်တဲ့ မော်စိုးမြာကတော့ သူမလိုလားတောင်းတတဲ့ ဆန္ဒနဲ့ပတ်သက်ပြီး ယခုလိုထုတ်ဖော်ပြောကြားသွားခဲ့ပါတယ်။

“နောက်အစိုးရတက်လာရင်တော့ အာဏာရှင်မဆန်ပဲ ပြည်သူတွေနဲ့ တသားထဲဖြစ်မဲ့အစိုးရမျိုးကိုပဲလိုချင်တာ ပေါ့နော။ အမျိုးသမီး၊ အမျိုးသားရယ်လို့မဟုတ်ပဲ လွတ်လပ်ပြီးတော့ တန်းတူအခွင့်ရေးပေးမဲ့ ခေါင်ဆောင်မျိုး နောက်ပြီးတော့ လူတွေရသင့်ရထိုက်တဲ့ အခွင့်အရေးမျိုးပေးတဲ့စနစ်ကို အုပ်ချုပ်တဲ့ခေါင်းဆောင်မျိုးပဲ လိုချင်တယ်။”

spot_img
spot_img