spot_imgspot_imgspot_imgspot_img
Thursday, April 25, 2024
spot_imgspot_imgspot_imgspot_img

လက်နက်ကြီးကြောင့် ဘောလခဲ အရပ်သား အမျိုးသားတစ်ဦး ခန္ဓာကိုယ်အပိုင်းပိုင်းပြတ်ထွက် သေဆုံး

ကန္တာရဝတီတိုင်း(မ်)

ယမန်နေ့ (ဇွန်လ ၈ ရက်နေ့)က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဘောလခဲအခြေစိုက်ဗျူဟာကနေ လက်နက်ကြီးပစ်ခတ်ရာမှ စောလုံကျေးရွာအုပ်စု လွယ်ဝိန်းကျေးရွာထဲကျရောက်ခဲ့ပြီး အသက် ၂၉နှစ်အရွယ် အမျိုးသားတစ်ဦးကို ထိမှန်ခဲ့ပါတယ်။

အဆိုပါထိခိုက်မိတဲ့ အမျိုးသားမှာ ဦးအိုက်နူဖြစ်ပြီး လက်နက်ကြီးကြောင့် ခန္ဓာကိုယ်အပိုင်းပိုင်းပြတ်ထွက်ပြီး ပွဲချင်းပြီး သေဆုံးခဲ့တယ်လို့ ကရင်နီတပ်မတော်(KA) စစ်ရေးချုပ် ဗိုလ်မှူးကြီးဘုန်းနိုင်က ကန္တာရဝတီတိုင်း(မ်)ကို ဖြေကြားပါတယ်။

“တန်ပြန်နေ့ (ဇွန်လ ၈ ရက်) က ညနေ လေးနာရီကျော်ကျော်ပေါ့နော။ လွယ်ဝိန်းရွာထဲမှာ ရွာလယ် မှာကျတယ်ပေါ့နော။ စောလုံအပေါ်နည်းနည်းတစ်ရွာပေါ့နော။ အ့မှာ ရွာလယ် တည့်တည့်ကျတော့ အိုက်နူဆိုတဲ့ လူ ထိသွားတယ်။ အသက် ၂၉နှစ်အရွယ် ယောကျ်ားလေး။ အဲ့မှာ တစ်စစီဖြစ်သွားတယ်လေ ကြေသွားတယ်ပေါ့ အစအနဖြစ်သွားတယ်။ ထိသွားတဲ့ကိစ္စ သတင်းရထားပါတယ်။” လို့ ဗိုလ်မှူးကြီးဘုန်းနိုင်က ပြောပါတယ်။

ဒါ့အပြင် ဒီကနေ့ မနက်ပိုင်းမှာလည်း စစ်ကောင်စီက အဆိုပါကျေးရွာထဲကိုပဲ လက်နက်ကြီးလေးလုံး ထပ်မံ ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။ ဒီရက်ပိုင်းအတွင်းမှာ စစ်ကောင်စီက တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ရည်ရွယ်ချက်ရှိရှိ ကျေးရွာတွေထဲ ၁၂၀မမ နဲ့ လက်နက်ကြီးပစ်ခတ်မှုတွေကို လုပ်ဆောင်နေတယ်လို့ ဗိုလ်မှူးကြီးဘုန်းနိုင်က ပြောပါတယ်။

“စစ်ရေးအခြေအနေကတော့ စစ်ကောင်စီကတော့ တတ်နိုင်သလောက် သူတို့နေရာချဲ့ဖို့ နောက်ပြီးတော့ လူထုကိုသတ်ဖို့ ကျနော်တို့ကိုလည်း သတ်ဖို့ အဲ့လိုရည်ရွယ်ချက်နဲ့ အစီအစဉ်နဲ့ နယ်မြေရှင်းလင်းနေတယ်။ အဲ့ဒီဖက်မှာတော့ တိုက်ပွဲဖြစ်ပွားတာတော့မရှိပါဘူး။ ဒါပေမဲ့ အဲလိုမျိုးဖြစ်တဲ့ကိစ္စကတော့ သူတို့ သဘောထားက ဘယ်လိုပြောရမလဲ သူတို့လုပ်ထုံးလုပ်နည်းပေါ့။ “ လို့ ဗိုလ်မှူးကြီးဘုန်းနိုင်က သုံးသပ်ပြောဆိုပါတယ်။

လက်ရှိမှာ စစ်ကောင်စီရဲ့ လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် ကျေးရွာထဲက ဒေသခံအများစုက ထွက်ပြေးတိမ်းရှောင်နေကြရပြီး ရွာစောင့်အဖြစ် ကျန်ရစ်ခဲ့သူအနည်းငယ်သာ ရှိတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ မေလ ၁၇ ရက်နေ့ကလည်း တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဘောလခဲမြို့နယ်ထဲက စောလုံကျေးရွာကို လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားသေဆုံးမှုနဲ့ ကျေးရွာဆေးပေးခန်း၊ လူနေအိမ် ပျက်စီးခဲ့ရပါတယ်။

spot_img
spot_img