spot_imgspot_imgspot_imgspot_img
Friday, March 29, 2024
spot_imgspot_imgspot_imgspot_img

လသားအရွယ် စစ်ရှောင်ကလေးငယ်တစ်ဦး ဝမ်းပျက်ဝမ်းလျောရောဂါကြောင့် အသက်ဆုံးရှုံး

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်၊ ဒီးမော့ဆို အနောက်ဖက်ခြမ်းရှိ လိုဘာခိုကျေးရွာအုပ်စုထဲက စစ်ရှောင်စခန်းတစ်ခုမှာ မေလ နောက်ဆုံးပတ်အတွင်း ဝမ်းပျက်ဝမ်းလျော ရောဂါကြောင့် လေးလသား အရွယ် ကလေးငယ်တစ်ဦး အသက်ဆုံးရှုံး ခဲ့တယ်လို့ စစ်ရှောင်ကူညီသူတစ်ဦးက ပြောပြပါတယ်။

“အနောက်ဖက်ခြမ်းမှာဆိုရင် ရက်ပိုင်းကလေးနဲ့ လသား ကလေးတွေဆိုရင် အခုချိန်ထိဆိုရင် သုံးယောက်လောက် ရှိပြီ။ ဟုတ်တယ် လေးလသားအရွယ်က ဝမ်းပျက်ဝမ်းလျောကြောင့် ဖြစ်တယ်။ နှစ်ယောက်က ဝမ်းပျက်ဝမ်လျောကြောင့်လား ဆိုတာတော့ ကျနော် သေချာမသိဘူး။ ပြီးခဲ့တဲ့နှစ်မှာ ဆုံးသွားတဲ့ လသားကလေးနှစ်ယောက်က။ ဘာရောဂါလဲတော့ ကျနော်မမှတ်ဘူး။ သေချာတာက ဆေးဝါးမလုံလောက်လို့ ဆုံးသွားတာလောက်တော့ မှတ်မိတယ်” လို့ စစ်ရှောင်ကူညီသူတစ်ဦးက ကန္တာရဝတီတိုင်း(မ်) ကို ပြောပါတယ်။

ရေသန့်ရှင်းမှု မရရှိတာနဲ့ ဆေးဝါး အလုံအလောက်ကုသခွင့် မရရှိတာတွေလည်း ရှိတယ်လို့ စစ်ရှောင်ကူညီသူတစ်ဦးက အခုလို ဆက်ပြောပါတယ်။

“အနောက်ပဒေါင်ဖက် တစ်ကြောပေါ့။ ဖယ်ခုံမြို့နယ်နဲ့ ဒီးမော့ဆို အနောက်ဖက်ခြမ်းမှာ ကြုံနေရတယ်ပေါ့။ စစ်ဘေးရှောင် ပစ္စည်းသွားပို့ရင်းနဲ့ ရေရှားပါးမှုပြဿနာရယ် လူတအားများတော့ ရေမသန့်တဲ့ ဟာတွေ ကျနော်တို့ တွေ့ရတာပေါ့။ အဓိက အဲ့ဒါတွေကြောင့် ဖြစ်တယ်လို့ ကျနော်တို့ တွေ့မြင်ရတယ်ပေါ့။ နောက်တစ်ခုက ကျနော်တို့ ကူတာကတော့ ဒီ ပစ္စည်းတွေ မလောက်ဘူးပေါ့။ ဆေးဝါးတွေလည်း အများကြီး လိုအပ်တယ်ပေါ့။ ဆေးဝါး မလုံလောက်တဲ့ အနေအထားမှာလည်း ကြုံနေရတယ်ပေါ့“ လို့ သူက ဆက်ပြောပါတယ်။

စစ်ရှောင်စခန်းတွေမှာ ရေကောင်းရေသန့်၊ မိုးကာ၊ ဆေးဝါး စတာတွေ အဓိက လိုအပ်နေကြတယ်လို့ စစ်ဘေးရှောင် ကူညီစောင့်ရှောက်ပေးသူတွေက ပြောကြပါတယ်။

ကရင်နီပြည်က စစ်ရှောင်စခန်းတချို့တွေမှာ အသေမွေးလာတဲ့ ကလေးငယ်တွေနဲ့ မွေးပြီး တစ်လအတွင်း သေဆုံးသွားတဲ့ ကလေးငယ် ၂၀၂၁ခုနှစ်အတွင်း ၇ ဦးရှိနေတယ်လို့လည်း လူထုကျန်းမာရေးနှင့် ဖွံ့ဖြိုးရေးကွန်ယက် CHDN ကောက်ယူထားတဲ့ စာရင်းအရ သိရပါတယ်။ လက်လှမ်းမှီသလောက် ကောက်ယူထားတဲ့ စာရင်းသာဖြစ်ပြီး ဒီထက်ပိုများနိုင်တယ်လို့ ဆိုပါတယ်။

ကရင်နီပြည်မှာ တိုက်ပွဲတွေကြား စစ်ရှောင်ရင်း လုံလောက်တဲ့ ကျန်းမာရေးစောင့်ရှောက်ခွင့် မရရှိလို့ ကလေးငယ်တွေနဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေ အသက်ဆုံးရှုံးရတာတွေလည်း ရှိနေပါတယ်။

ဒီးမော့ဆိုမြို့နယ်မှာ စစ်ရှောင်ဦးရေ ၇ သောင်းကျော် ရှိတယ်လို့ ကရင်နီလူမှု အသင်းအဖွဲ့များကွန်ယက် KCSN က မေလ ၁၁ ရက်နေ့မှာ ဖော်ပြထားတဲ့ စာရင်းအရ သိရှိရပါတယ်။

ဓါတ်ပုံ – ကရင်နီပြည် စစ်ဘေးရှောင် ကူညီစောင့်ရှောက်ရေးကွန်ရက်
spot_img
spot_img