လာမည့် အစိုးရသက်တမ်းတွင် ငြိမ်းချမ်းရေးဖော်ဆောင်ရာ၌ လူမှန်နေရာမှန်ဖြစ်ရန်လိုအပ်ဟု ကယားပြည်နယ် အရပ်ဖက်အဖွဲ့အစည်းများပြော

0
692

နော်ဒွေးအယ်ခူ

လာမယ့်အစိုးရသက်တမ်းမှာ ငြိမ်းချမ်းရေးဖော်ဆောင်တဲ့အခါ လူမှန်နေရာမှန်ဖြစ်ဖို့လိုအပ်တယ်လို့ ကယားပြည်နယ် ငြိမ်းချမ်းရေးလေ့လာစောင့်ကြည့်ရေးအဖွဲ့အစည်းတွေက သုံးသပ်ပြောကြားလိုက်ပါတယ်။

ကယားပြည်နယ်ငြိမ်းချမ်းရေးလေ့လာစောင့်ကြည့်ရေးကွန်ယက်မှ ကိုမာတီယားက “ပွင့်ပွင့်လင်းလင်းပြောရရင် ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ပိုပြီးတော့မှ ကျွမ်းကျင်နှံ့စပ်တဲ့ ဒါမှမဟုတ်လည်း ပြောနိုင်ဆိုနိုင်တဲ့ပုဂ္ဂိုလ်တွေကို လူမှန်နေရာမှန်ထားဖို့လိုတယ်ပေါ့။ ပြည်နယ်အဆင့်မှာပဲဖြစ်ဖြစ် ပြည်ထောင်စုအဆင့်မှာပဲဖြစ်ဖြစ် အဲဒါကအင် မတန်မှအရေးကြီးတယ်။ နံပါတ် ၂ အချက်ကတော့ လာမယ့်အစိုးရလက်ထက်မှာ လက်ရှိ တိုင်းရင်းသားတွေနဲ့ ဆွေးနွေးနေတဲ့ဖြစ်စဉ်မှာ ဒီထက်ပိုပြီးတော့မှ တပ်မတော်နဲ့ ညှိနှိုင်းပြီး ဆက်ဆံရေးကောင်းအောင်လုပ်ပြီးတော့မှ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ဆွေးနွေးနိုင်ရင်တော့ ပိုပြီးတော့ ထိရောက်လိမ့်မယ်” လို့ပြောပါတယ်။

ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေမှာလည်း တပ်မတော်ကသာ ဦးဆောင်ဆွေးနွေးနေပြီး အစိုးရကိုယ်စားလှယ်များအနေနဲ့က အားနည်းလျက်ရှိကြောင်း၊ ဒါကြောင့်တပ်မတော်နဲ့ အစိုးရကိုယ်စားလှယ်တွေ ညှိနှိုင်းဆွေးနွေးပြီးမှသာ တိုင်းရင်းသားလက်နက်ကိုင်နဲ့ ဆွေးနွေးမယ်ဆိုရင် ပိုအဆင်ပြေမှာဖြစ်တယ်လို့
၎င်းကထောက်ပြပါတယ်။

ငြိမ်းချမ်းရေးလုပ်ငန်းစဉ် စောင့်ကြည့်ရေးမှာပြည်သူလူထုက တိုက်ရိုက်ပါဝင်ပြီး နှစ်ဖက်အဖွဲ့အစည်းများ ညှိနှိုင်းမှုအားကောင်းမှသာ လုံခြုံစိတ်ချရတဲ့ လုပ်ငန်းစဉ်ဖြစ်လာမယ်ဟု ကိုမာတီယားက ဆက်လက်ပြောပါတယ်။

“စေ့စပ်ညှိနှိုင်းမှုတွေအားကောင်းလာဖို့အတွက် နှစ်ဖက်ဆက်ဆံရေးပေါ့။ အစိုးရဖက်က ငြိမ်းချမ်းရေးကို တကယ် တာဝန် ခံဖော်ဆောင်ပေးမယ့် အစုအဖွဲ့၊ တိုင်းရင်းသားတွေဘက်ကနေ တာဝန်ယူဖော်ဆောင်ပေးမယ့် အစုအဖွဲ့ ဒီလိုမျိုးငြိမ်းချမ်းရေးနဲ့ ဆိုင်တဲ့အစုအဖွဲ့တွေ နှစ်ဖွဲ့ကို တိတိကျကျ ပြန်ပြီးတော့မှ လုပ်ဆောင်ဖို့လိုအပ်တယ်ပေါ့နော်။ ဒါမှလည်း ငြိမ်းချမ်းရေးလုပ်ငန်းမှာ ပါဝင်ပတ်သက်နေတဲ့သူတွေ အလွှာတိုင်းမှာပါဝင်ပတ်သက်သူတွေအတွက် ပိုပြီးတော့မှ လုံခြုံစိတ်ချရတဲ့ လုပ်ငန်းစဉ်တစ်ခုဖြစ်လာမှာပါ”

NLD အစိုးရအနေနဲ့ ၎င်းရဲ့ ဒုတိယသက်တမ်းမှာ ပြည်နယ်အစိုးရအဖွဲ့မှာ ငြိမ်းချမ်းရေးသဘောသဘာဝ နားလည်သူတွေကို နေရာပေးပြီးဦးဆောင်စေကာ ထဲထဲဝင်ဝင်လုပ်ဆောင်ရန်လိုအပ်တဲ့အကြောင်းကို ငြိမ်းချမ်းရေးလေ့ လာစောင့်ကြည့်သူ ကိုကျော်ထင်အောင်က သုံးသပ်ပြောကြားပါတယ်။

“အခုသက်တမ်းက အခြေအနေကို သင်ခန်းစာရယူပြီးတော့ ပြည်နယ်အစိုးရအဖွဲ့ထဲက ငြိမ်းချမ်းရေးသဘောသဘာဝ နားလည်တဲ့သူတွေက ဦးဆောင်ပြီးတော့မှ ထဲထဲဝင်ဝင်လုပ်ဆောင်ဖို့လိုမယ်။ သို့မဟုတ်ဘဲ လုံနယ်လောက် ပြည်နယ်အတွင်းရေးမှူးလောက်နဲ့ကိုပဲ ညှိနှိုင်းမှုတွေ ဆွေးနွေးမှုတွေ လွှတ်ထားမယ်ဆိုရင်တော့ တကယ့်လူထုမျှော်လင့်တဲ့ လူထုရွေးချယ်တဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ၊ ဝန်ကြီးတွေ၊ ဝန်ကြီးချုပ်တွေ မပါဘဲနဲ့ ဆွေးနွေးမယ်ဆိုရင် ပိုမိုမြန်ဆန်တဲ့ ညှိနှိုင်းမှုတွေနဲ့ လူထုတွေလိုလားတဲ့ ပုံစံကို ရရှိမှာမဟုတ်ဘဲနဲ့ သူတို့အတွက် ဆွေးနွေးညှိနှိုင်းရတာ ပိုမိုခက်ခဲနိုင်တဲ့ အခြေအနေမျိုးဖြစ်သွားနိုင်ပါတယ်” လို့ ၎င်းကဆိုပါတယ်။

လာမယ့်အစိုးရသက်တမ်းမှာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို စနစ်တကျ ဆောင်ရွက်ပေးနိုင်မယ့်သူကို တာဝန်ပေးအပ်ရန်လိုအပ်ပြီး လူထုပါဝင်မှုအခန်းကဏ္ဍအတွက် အသိပညာပေးခြင်း လုပ်ငန်းကို ချပြရန်လိုအပ်တယ်လို့ LAIN နည်းပညာအထောက်အကူပြုအဖွဲ့ ဒါရိုက်တာ နော်ဖောဝါးက သုံးသပ်ပြောဆိုပါတယ်။

“ဒီအစိုးရသစ်မှာ ဖြစ်စေချင်တာကတော့ ငြိမ်းချမ်းရေးနဲ့ပတ်သက်တဲ့ Focal Person ကောင်းကောင်း လေး ထားထားပေးဖို့လိုတယ် အစိုးရက။ နောက် ငြိမ်းချမ်းရေးဖြစ်စဉ် ဒီထက်ကောင်းမွန်အောင်ဆိုရင်တော့ အစိုးရအနေနဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်နဲ့ပတ်သက်လို့ လူထုတွေကြားထဲရောက်နိုင်တဲ့ဟာတွေ သေချာလုပ် ပေးဖို့လိုတယ်။ သူတို့ကိုယ်တိုင်လည်းမလုပ်ဘူး။ သူများတွေကိုလည်း မလုပ်ပေးတာထက်စာရင် စနစ်တကျ လူထုတွေကို အသိပညာပေးနိုင်တဲ့ဟာမျိုးတွေ နောက်ပြီးတော့ လူထုပါဝင်မှုအခန်းကဏ္ဍပေါ့ စနစ်တကျကိုင်တွယ်ဖြေရှင်းတာမျိုးတွေ လုပ်စေချင်တယ်။ နောက် ဒီပြည်နယ်ရဲ့ငြိမ်းချမ်းရေးကိစ္စတွေ လေးလေးနက်နက်ထားပြီး ဖြေရှင်းတာတွေ အဲဒါတွေလုပ်စေချင်တယ်”ဟု နော်ဖော်ဝါးက ပြောပါတယ်။

ကယားပြည်နယ်အတွင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နဲ့ပတ်သက်ပြီးအ မျိုးသားပြန်လည်သင့်မြတ်ရေးနှင့်ငြိမ်းချမ်း ရေးဗဟိုဌာနမှတာဝန်ရှိသူများ၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနဲ့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP) တို့ဟာ ၂၀၁၉ခုနှစ် မေ၆ရက်နေ့မှာ တွေ့ဆုံဆွေးနွေးမှုတစ်ကြိမ်ပြုလုပ်ခဲ့ပြီး လစဉ်တွေ့ဆုံဆွေးနွေးမှုကို ဇူလိုင် ၂၀ရက်မှာ တစ်ကြိမ်၊ ဒီဇင်ဘာ ၉ရက်မှာ တစ်ကြိမ် ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။