spot_imgspot_imgspot_imgspot_img
Friday, March 29, 2024
spot_imgspot_imgspot_imgspot_img

လွိုင်ကော်နှင့် မယ်ဟောင်ဆောင် ညီအမမြို့တော် (Sister City) အဖြစ် လက်မှတ်ရေးထိုးပြီး

Author

Date

Category

မော်ဦးမြာ၊ စိုင်းလင်းလင်းဦး

လွိုင်ကော်မြို့နှင့် ထိုင်းနိုင်ငံ မယ်ဟောင်ဆောင်မြို့ ချစ်ကြည်ရေးနိုင်ငံ ညီအမမြို့တော်(Sister City)တည်ထောင်ခြင်း နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးပွဲကို လွိုင်ကော်မြို့ ပြည်နယ်ခန်းမ၌ နှစ်နိုင်ငံတာဝန်ရှိသူများမှ မတ်လ ၉ ရက်နေ့တွင် လက်မှတ် ရေးထိုးလိုက်ကြသည်။

နားလည်မှုစာချွန်လွှာ MOU လက်မှတ်ရေးထိုးပြီးနောက် နှစ်နိုင်ငံအကြား အပြန်အလှန် အကျိုးစီးပွား ဖြစ်ထွန်းရေးအတွက် သက်ဆိုင်ရာ တာဝန်ရှိသူများက ဥပဒေအရ ခွင့်ပြုထားသော မူဘောင်အတွင်းမှ ပူးပေါင်းဆောင်ရွက်နိုင်ခြင်း၊ သက်ဆိုင်ရာ အစိုးရမူဝါဒများနှင့် နှစ်နိုင်ငံကြား စည်းမျဉ်းစည်းကမ်းများ ကိုက်ညီမှုရှိပါက ကဏ္ဍအသီးသီးတွင် ပူးပေါင်းဆောင်ရွက်နိုင်ခွင့် ရရှိနိုင်မည်ဟု သိရသည်။

နှစ်နိုင်ငံ အချင်းချင်း ဆက်သွယ်မှုပြုရန်နှင့် အပြန်အလှန် သွားလာလည်ပတ်ခွင့်ရရှိစေမည့် အကျိုးကျေးဇူးများ ရရှိမှာဖြစ်ကြောင်း ကယားပြည်နယ် ပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုက ပြောသည်။

“ကျတော်တို့နိုင်ငံကတော့ အဓိကကတော့ စိုက်ပျိုးရေးနိုင်ငံဖြစ်ပါတယ် ကျတော်တို့ ပြည်နယ်မှာ စိုက်ပျိုးရေးအတွက် လုပ်ကိုင်ဆောင်ရွက်မယ်ဆိုရင် မြေယာပြသနာတွေလည်း အများကြီးရှိပါတယ်။ ရင်းနှီးမြုပ်နှံမှုတွေကို ကျတော်တို့ အများကြီး လုပ်ရဦးမှာပါ ဒီအတိုင်းအတာမှာ ကျတေ်ာတို့ MOU ထိုးပြီးပြီဖြစ်တဲ့အတွက်ကြောင့် စိုက်ပျိုးရေး ကဏ္ဍဖွံ့ဖြိုးတိုးတက်ဖို့အတွက် ကျတော်တို့ အပြန်အလှန် ဖလှယ်မှုတွေ လုပ်မယ် လုပ်ထုံးလုပ်နည်းနဲ့အညီ ဆောင်ရွက်နိုင်တဲ့ အတိုင်းအတာတစ်ခုထိ ကျတော်တို့ ကြိုးစားမယ် ပြီးရင် ကျတော်တို့ ဈေးကွက်တွေ အာမခံချက်ရှိတဲ့ ဈေးကွက်တွေ ပေါ်ပေါက်လာဖို့အတွက် ကျတော်တို့ ဝိုင်းပြီး ကြိုးစားမှာ ဖြစ်ပါတယ်။”ဟု ပြည်နယ်ဝန်ကြီးချုပ်က မီဒီယာများကို ဖြေကြားသည်။

ထို့အပြင် မြန်မာ-ထိုင်းနှစ်နိုင်ငံ ခရီး သွားကဏ္ဍ ပိုမိုမြှင့်တင်ဆောင်ရွက်ရေး၊ နယ်စပ်ကုန်သွယ်မှုကဏ္ဍပို မို တိုးမြှင့်ရေးနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နှစ်နိုင်ငံပိုမိုပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ပြီး ထိုင်းဒုတိယဝန်ကြီးချုပ်က မြန်မာနိုင်ငံသို့ ဖေဖော်ဝါရီ ၃ ရက်က လာရောက်ခဲ့ကာ ထိုင်း-မြန်မာပူးပေါင်းဆောင်ရွက်ရေး လုပ်ငန်းများအတွက် ကဏ္ဍ ၁၆ ခုတွင် နားလည်မှုစာချွန်လွှာများ ရေးထိုးထားသည်။

၂၀၁၆ အောက်တိုဘာလ ကတည်းက ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်ရေးစခန်းကို မယ်စဲ့မြို့တွင် ဖွင့်လှစ်ခဲ့ပြီး နောက်ဆက်တွဲ အနေဖြင့် ကုန်သွယ်ခွင့်နှင့် ခရီးသွားလုပ်ငန်းများကို အထောက်အကူဖြစ်စေသော နှစ်မြို့နယ်အကြား သွားလာလည်ပတ်ခွင့်နှင့် ညအိပ်ခွင့်၊ နှစ်နိုင်ငံအကြား ကုန်သွယ်မှု၌ အထောက်အကူဖြစ်စေသော အခြားဖြေလျော့မှုများကို ခံစားခွင့် ရရှိစေမည့် သဘောတူညီချက်များပါဝင်သော ညီအမ မြို့တော်အဖြစ် ဖေါ်ဆောင်ခြင်းဖြစ်ကြောင်း ကယားပြည်နယ် ဘဏ္ဍာရေးနှင့် စီမံကိန်းဝန်ကြီး ဦးမော်မော်က ကန္တာရဝတီတိုင်း(မ်)သို့ ပြောကြားထားသည်။

မြန်မာနှင့် ထိုင်းနိုင်ငံအကြား ခရီးသွားလုပ်ငန်းဆိုင်ရာပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ရန် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှု နားလည်မှုစာချွန်လွှာအသစ်ကို ဇန်နဝါရီ ဒုတိယပတ်က နေပြည်တော်၌ လက်မှတ်ရေးထိုးခဲ့ခြင်း ဖြစ်သည်။ ညီအမမြို့အဖြစ် နားလည်မှုစာချွန်လွှာရေးထိုးရန်လည်း ပြည်ထောင်စု စီးပွားရေးရာကော်မတီက ခွင့်ပြုခဲ့ပြီး ဖြစ်သည်။ ယင်းနောက် ယခု မတ်လ ၉ ရက်နေ့တွင် (Sister City)တည်ထောင်ခြင်း နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးလိုက်ခြင်းဖြစ်သည်။

နှစ်နိုင်ငံရေးထိုးထားသော နားလည်မှု စာချွန်လွှာအသစ်အရ ခရီးသွားလုပ်ငန်းအုပ်ချုပ်မှု စည်းမျဉ်းများဆိုင်ရာ မူဘောင်များ၊ စီမံကိန်းများ ရေးဆွဲခြင်းနှင့် သတင်းအချက်အလက်များ ဖလှယ်ခြင်း၊ ဈေးကွက်ရှာဖွေရေး၊ ခရီးစဉ်ရေးဆွဲခြင်းနှင့် လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးရေးအတွက် ခရီးစဉ်များ ရေးဆွဲခြင်း နည်းပညာနှင့် အကြံဉာဏ်များ ကူညီပေးခြင်း၊ ခရီးသွားလုပ်ငန်း သတင်းအချက်အလက် ဗဟိုဌာနများ တည်ထောင်ရာတွင် ကူညီပေးခြင်းများ စသည့်အချက်များ ပါဝင်သည်။

မြန်မာနှင့် ထိုင်းနိုင်ငံတို့အကြား နှစ်နိုင်ငံ ခရီးသွားလုပ်ငန်း ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ သဘောတူညီချက်ကို ၁၉၉၈ ဇူလိုင်က ပထမအကြိမ် လက်မှတ်ရေး ထိုးခဲ့ပြီး လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး၊ ဈေးကွက် ရှာဖွေမှုမြှင့်တင်ရေး၊ ခရီးသည်များ နိုင်ငံဖြတ်ကျော်သွားလာမှု လွယ်ကူစေရေး၊ ဘေးအန္တရာယ် တုံ့ပြန်ရေးဆိုင်ရာ ဆက်သွယ်မှုများ ပူး ပေါင်းဆောင်ရွက်ခဲ့သည်။

“အဓိကကတော့ ကျတော်တို့ ဝန်ထမ်းချင်း ကုန်သည်အချင်းချင်းကို နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးစွာနဲ့ ဟိုဘက်ဒီဘက် ဖလှယ်နိုင်တဲ့အဆင့် ဘယ်ဌာနကိုမှ အကြောင်းစရာ မလိုပဲနဲ့ တိုက်ရိုက်ဆက်သွယ်တဲ့ စနစ်ဖြစ်အောင် ကြိုးစားပြီး လုပ်သွားပါမယ်”ဟု ထိုင်းနိုင်ငံ မယ်ဟောင်ဆောင်ခရိုင်ဝန် Mr. Suebsak Eaimvijarn က လက်မှတ်ရေးထိုးပွဲအပြီးတွင် ပြောကြားသည်။

“ပွင့်လင်းမြင်သာစွာနဲ့ နှစ်နိုင်ငံ ပွင့်ပွင်းလင်းလင်း ရောင်းဝယ်ဖောက်ကားသွားမယ်။ ပြီးတော့ international ရောင်းဝယ်မှု စတိုင်နဲ့ပဲ သွားပါမယ် မယ်ဟောင်ဆောင် Governer နဲ့ ရောင်းဝယ်ဖောက်ကားမှု အားလုံးကို သူတို့ဘက်ကနေပြီးတော ကြိုဆိုပါတယ် ပွင့်ပွင့်လင်းလင်း ရောင်းဝယ်ဖောက်ကားပြီးတော ပွင့်ပွင့်လင်းလင်း ဆက်ဆံပြီးတော အားလုံးကိုလည်း ကူညီသွားပါမယ်။”ဟု မယ်ဟောင်ဆောင်ခရိုင်ဝန်က ပြောကြားသွားခဲ့သည်။

spot_img
spot_img

Recent posts