spot_imgspot_imgspot_imgspot_img
Friday, April 19, 2024
spot_imgspot_imgspot_imgspot_img

လူငယ် ၆ဦးမှ တစ်ဦး ဖမ်းဆီးခံရကာ ချုပ်ရမန်နှစ်ပတ်ရပြီး လာမည့် ၁ရရက်နေ့ တရားရုံး ပြန်လည်ချိန်းဆို

Author

Date

Category

နော်ဒွေးအယ်ခူ

နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနှင့် ပုဂ္ဂိုလ်ဆိုင်ရာ လုံခြုံမှုကို ကာကွယ်ပေးရေး ဥပဒေပုဒ်မ ၁ဝ ဖြင့် တိုင်ကြားခံရသည့် ကရင်နီလူငယ် ၆ ဦးအနက် တစ်ဦးဖမ်းဆီးခံရကာ ချုပ်ရမန်နှစ်ပတ်ရရှိပြီး လာမည့်၁ရ ရက်နေ့တွင် တရားရင်ဆိုင်ရမည်ဖြစ်ကြောင်း သိရသည်။

ဖမ်းဆီးထိန်းသိမ်းခံရသည့် လူငယ်တစ်ဦးကို တရားရုံးတွင် ရမန်ရယူပြီးနောက် လွိုင်ကော်အကျဉ်းထောင်သို့ ပြောင်းရွှေ့ထိန်းထိမ်းခဲ့သည်။

ဖမ်းဆီးခံရသော ခူးကြူးဖဲကေး (ဂူဂူး)

လူငယ်ခူးကြူးဖဲကေး (ခ) ဂူဂူးကို ဇွန်လ ၂ရက်နေ့တွင်ညနေပိုင်း ဖရူဆိုမြို့သို့သွားရာ လမ်းတွင်ဖမ်းဆီးခံလိုက်ရကြောင်း သိရသည်။

ယနေ့ နံနက်ပိုင်း လွိုင်ကော်မြို့မရဲစခန်းတွင် အချုပ်ကျနေသည့်အချိန် ခူးကြူးဖဲကေးက “ အဲလို ဖမ်းလိုက်တာနဲ့မပြီးသွားဘူး။ ဒါက အမျိုးသားရေးကိစ္စဖြစ်တယ်။ သက်ဆိုင်တဲ့ တာဝန်ရှိ ပုဂ္ဂိုလ်တွေက သေချာဖြေရှင်းစေချင်တယ်” လို့ ကန္တာရဝတီတိုင်း(မ်) နှင့်တွေ့ဆုံစဉ်တွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

ကရင်နီလူငယ်တစ်ဦးဖြစ်သည့် ခွန်းဘားနက်ဒ်ဘုတ်ကလည်း “လူငယ်တွေကိုချုပ်တယ်ဆိုတာက သူတို့ကို နိုင်ငံရေးအရ သစ္စာဖောက်လို့ စွပ်စွဲတဲ့စာအပေါ် မူတည်ပြီးမှ တရားစွဲတယ်ပေါ့။ တကယ်တမ်း ဒီစာထုတ်ခဲ့တာလည်း ကြာပြီ။ ဗိုလ်ချုပ်ကြေးရုပ် ရွှေ့ပြောင်းရေး မညှိနှိုင်းမီကတည်းက ထုတ်ခဲ့တာ။ ဒါပေမယ့် အခုချိန်မှာ ဒီခုကို အမှုအဖြစ်လုပ်တာက လူငယ်တွေအပေါ် ယုတ်မာမှုလို့ပဲ ကျတော်တို့မြင်တယ်။ နောက်တစ်ခုက ကျတော်တို့ လူငယ်တွေကရှင်းတယ်။ ဒီစာကြောင့် တရားစွဲတယ်ဆိုရင် ကျတော်တို့လည်း ဒီစာအပေါ်မှာပဲ ထပ်ပြီး လက်မှတ်ထိုးမယ် ကျတော်တို့ ဒီလူငယ် ၆ယောက်နဲ့ပဲ ရပ်တည်မယ်။ အဲဒီအပေါ်မှာမှ စောနလိုမျိုး ထပ်ပြီးမှ ယုတ်မာမှုတွေ ရှိနေမယ်ဆိုရင်တော့ ဒါကတော့ သမိုင်းက ဆုံးဖြတ်လိုက်မယ်” ဟု လူငယ်များအပေါ် တရားစွဲဆိုမှုနှင့် ပတ်သက်ပြီး ပြောဆိုလိုက်သည်။

အမှုရင်ဆိုင်နေသည့် လူငယ်များက ပြည်နယ်ဝန်ကြီးချုပ်နှင့် ဝန်ကြီးဦးမော်မော်တို့နှစ်ဦးကို နိုင်ငံရေးရာဇဝတ်ကောင်များ၊ ကရင်နီအမျိုးသားသစ္စာဖောက်များ၊ တိုင်းရင်းသားများသွေးစည်းချစ်ကြည်ရေး၏ ရန်သူများ၊ ကျေးဇူးကန်းသူများအဖြစ် မတ်လ ၂၅ရက်နေ့တွင် သတ်မှတ်ကြေညာခဲ့ခြင်းဖြစ်သည်။

Advertisement

ထို့ကြောင့် ကရင်နီလူငယ် ၆ ဦးကို နိုင်ငံသားများ၏ ပုဂိ္ဂုလ်ဆိုင်ရာ လွတ်လပ်မှု၊ လုံခြုံမှုကို ကာကွယ်ပေးရေး ဥပဒေ ပုဒ်မ ၁ဝဖြင့် ပြည်နယ်အစိုးရကိုယ်စား ဦးသက်နောင်မှ လွိုင်ကော်မြို့မရဲစခန်းသို့ မေလ၁ရရက်နေ့တွင် အမှုဖွင့်တိုင်ကြားခဲ့ခြင်း ဖြစ်သည်။

“ကျတော်တို့တွေကတော့ အကြမ်းမဖက်တဲ့နည်းကို အမြဲတမ်း ဆုပ်ကိုင်တယ်။ တွေ့ဆုံညှိနှိုင်းရေးကို ကျတော်တို့ အမြဲတမ်းဖော်ဆောင်တယ်။ ဒါပေမယ့် ကတိတွေ အကြိမ်ကြိမ်ပျက်ခဲ့လို့သာ ဒီအခြေအနေထိရောက်လာတယ်။ ကျတော်တု့ိက ဗို်လ်ချုပ်ကြေးရုပ်ရွှေ့ပြောင်းရေး အစီအစဉ်မဖြစ်တဲ့အတွက် ကျတော်တု့ိက ကော်မတီကို ဖျက်လိုက်တယ်။ အဲဒီ ဖျက်လိုက်တဲ့အပေါ်မှာမှ သူတို့ဟာသူတို့ ဘာကို စိုးရိမ်ပြီးမှ ကျတော်တို့ လူငယ် ၆ ယောက်အပေါ် တရားစွဲတာလဲဆိုတာတော့ မသိဘူးပေါ့။ ဒါကတော့ တရားမျှတမှုမရှိဘဲနဲ့ လုံးဝ ငြိုးအတေးနဲ့ ဒီပြည်နယ်ဝန်ကြီးချုပ်ကသော်လည်းကောင်း စီမံဘဏ္ဍာဝန်ကြီးကသော်လည်းကောင်း ယုတ်မာတယ်လို့ပဲ ကျတော်တု့ိက ခံယူတယ်။ ဒီအပေါ်မှာ ဘားမှ သဘောထားမှတ်ချက်မပေးတဲ့ ပြည်နယ်အစိုးရ အဖွဲ့ဝင်သော်လည်းကောင်း၊ ပြည်သူ့ရွေးကောက်ခံဖြစ်ပါတယ်ဆိုတဲ့ လွှတ်တော်အမတ်သော်လည်းကောင်း ကျတော်တို့က ရှုတ်ချတယ်” လို့ ခွန်းဘားနက်ဒ်ဘုတ်က ဆက်ပြောသည်။

မေလ ၁ရရက်နေ့မှစကာ ရဲဝန်ထမ်းများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့က ကရင်နီလူငယ်ခေါင်းဆောင် (၆)ဦးတို့၏ နေအိမ်သို့ လာရောက်ရှာဖွေမှုများ ပြုလုပ်ခဲ့ပြီး လက်ရှိအချိန်မှာလည်း အမှု အလိုရှိသူများအဖြစ် ထုတ်ပြန်ထားသည်။

၎င်းအမှုအလိုရှိသူ လူငယ် ၆ ဦးမှာ ကိုစစ်မုန်း(ခ) ဒီးဒီ၊ မျိုးလှိုင်ဝင်း၊ ဂျွန်ပေါလ်၊ ခူးရီးဒူ၊ ခူးကြူးဖဲကေးနှင့် ခွန်းသောမတ်စ်တို့ဖြစ်ကြသည်။

နိုင်ငံသားများ၏ ပုဂိ္ဂုလ်ဆိုင်ရာ လွတ်လပ်မှု၊ လုံခြုံမှုကို ကာကွယ်ပေးရေး ဥပဒေ ပုဒ်မ ၁ဝဖြင့် ပြစ်မှုထင်ရှားကာ စီရင်ခြင်းခံရလျင် အနည်းဆုံး ၆ လမှ အများဆုံး ၃နှစ်အထိ ထောင်ဒဏ်ချမှတ်နိုင်သည့်အပြင် အနည်းဆုံးကျပ်သုံးသိန်းမှ အများဆုံးကျပ်ဆယ့်ငါးသိန်းအထိ ငွေဒဏ်ချမှတ်နိုင်ကြောင်း သိရသည်။

spot_img
spot_img

Recent posts