spot_imgspot_imgspot_imgspot_img
Thursday, April 25, 2024
spot_imgspot_imgspot_imgspot_img

လူငယ်တွေအမှုကို ခရိုင်အဆင့်မှာ ပြင်ဆင်ချက်တက်တာနဲ့ပတ်သက်ပြီး KNPP နှင့် ဆက်သွယ်မေးမြန်းချက်

Author

Date

Category

ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုနဲ့ စီမံဘဏ္ဍာဝန်ကြီး ဦးမော်မော်တို့ကို နိုင်ငံရေးရာဇဝတ်ကောင်များ၊ ကရင်နီ အမျိုးသားသစ္စာဖောက်၊ တိုင်းရင်းသားများသွေးစည်းချစ်ကြည်ရေး၏ ရန်သူများ၊ ကျေးဇူးကန်းသူများအဖြစ် ကြေငြာချက်ထုတ်လက်မှတ်ရေးထိုးပြီး လူမှုကွန်ယက်စာမျက်နှာပေါ်တင်ခဲ့တဲ့ကရင်နီလူငယ်ခြောက်ဦးကို လွိုင်ကော်မြို့နယ်တရားရုံးက အလုပ်ကြမ်းနဲ့ထောင်ဒဏ် (၆) လချမှတ်ခဲ့ပါတယ်။

ထောင်ဒဏ်ကျခံရတဲ့ လူငယ်တွေအနေနဲ့ ယခုလမှာ အားလုံးပြန်လည်လွတ်မြောက်လာမှာကို မကျေနပ်တဲ့အတွက် ပြည်နယ်အစိုးရအဖွဲ့တရားလိုဘက်က မကျေနပ်တဲ့အတွက် ခရိုင်တရားရုံးမှာအမှုကို ပြင်ဆက်ချက်တက်လိုက်ပြီး ယခုလ (၆) ရက်နေ့မှာ ရုံးချိန်းပြန်လည်ချိန်းဆိုလိုက်ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) က ပြီးခဲ့တဲ့ နိုင်ဝင်ဘာ (၃၀) ရက်နေ့မှာ အမှုပြင်ဆင်ချက်တက်တဲ့လုပ်ရပ်ကို ပြင်းပြင်းထန်ထန်ရှုတ်ချကြောင်း ကြေညာချက်တစ်စောင်ထုတ်ပြန်ခဲ့ပါတယ်။

လူငယ်တွေအမှုကို ခရိုင်အဆင့်မှာ ပြင်ဆင်ချက်တက်တာနဲ့ပတ်သက်ပြီး KNPP ရဲ့အထွေထွေအတွင်းရေးမှူး ဦးရွှေမျိုးသန့်ကို ကန္တာရဝတီတိုင်း(မ်) ဆက်သွယ်မေးမြန်းထားပါတယ်။

KNPP ရဲ့အထွေထွေအတွင်းရေးမှူး ဦးရွှေမျိုးသန့်

ကန္တာရဝတီတိုင်း(မ်)။ ။ နိုင်လွတ်လုံ ပုဒ်မ (၁၀) ဥပဒေကို ဆရာတို့အနေနဲ့ဘယ်လိုမြင်လဲဗျ။
ဦးရွှေမျိုးသန့်။ ။ ခေါင်းစဉ်တပ်ထားတာကြည့်ပါ ((နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာဆိုင်ရာလွတ်လပ်မှုနှင့် ပုဂ္ဂိုလ်ဆိုင်ရာဆိုင်ရာ လုံခြုံမှုကို ကာကွယ်ပေးရေးဥပဒေ)) ဖြစ်ပါတယ်။ ဥပဒေရဲ့အနှစ်သာရက အာဏာလက်မဲ့နိုင်ငံသားများကို အာဏာရှိတဲ့ အစိုးရအုပ်ချုပ်ရေးယန္တရာမှာ တာဝန်ရှိတဲ့သူတွေက နိုင်ငံသားများရဲ့ ပုဂ္ဂိုလ်ဆိုင်ရာလွတ်လပ်မှုကို မတရားချိုးဖောက်ခြင်းကနေ အကာအကွယ်ပေးလိုတဲ့ရှုထောင့်ကနေချဉ်းကပ်စဉ်းစားပြဌာန်းထားတဲ့ ဥပဒေဖြစ်တယ်၊ ဒီတော့ သည်ဥပဒေဟာ အာဏာလက်ဝယ်ရှိတဲ့ အစုအဖွဲ့ကဖြစ်ဖြစ် တစ်ဦးခြင်းကဘဲဖြစ်ဖြစ် အာဏာမရှိတဲ့သာမာန်ပြည်သူအပေါ် အာဏာအလွဲသုံးပြီး ဖိနှိပ်မှုကို မကျူးလွန်အောင်၊ ကျူးလွန်ခဲ့ရင်လည်း သည်ဥပဒေနဲ့ အရေးယူလို့ရအောင်ပြဌာန်းထားတာဖြစ်တဲ့အတွက် သာမာန်ပြည်သူလူထုက မိမိတို့နေ့စဉ်ဘ၀ လုံခြုံရေးအတွက် အားကိုးအားထားပြုရမဲ့ဥပဒေဖြစ်ပါတယ်။

ကန္တာရဝတီတိုင်း(မ်)။ ။ ဆရာတို့ ၃၀ ရက်နေ့က ထုတ်ပြန်လိုက်တဲ့ထုတ်ပြန်ချက်ထဲမှာ ကရင်နီလူငယ်တွေကို စတင်တရားစွဲကတည်းက လွဲမှားနေတယ်ဆိုတာပါတယ်။ ဆရာ ဘယ်လိုလွဲမှားမှုမျိုးလဲခင်ဗျ။
ဦးရွှေမျိုးသန့်။ ။ ပထမတစ်ချက်က ဥပဒေရဲ့အနှစ်သာရဖြစ်တဲ့ အာဏာရှိသူက အာဏာလက်မဲ့ ပြည်သူတစ်ဦးခြင်းရဲ့ ပုဂ္ဂိုလ်ဆိုင်ရာဆိုင်ရာလွတ်လပ်မှုနဲ့ လုံခြုံမှုကိုအကာအကွယ်ပေးရမယ်ဆိုတဲ့ ဥပဒေကို အာဏာရှိတဲ့ အစိုးရ ဝန်ကြီးတွေက သာမာန်ပြည်သူကို သည်ဥပဒေနဲ့ပြန်ပြီးတရားစွဲကတည်းက အကြီးအကျယ်လွဲနေပြီပေါ့ဗျာ။
နောက်တချက်က ဒီဥပဒေက ပုဂ္ဂိုလ်ဆိုင်ရာဆိုင်ရာလွတ်လပ်မှုနှင့် ပုဂ္ဂိုလ်ဆိုင်ရာဆိုင်ရာ လုံခြုံမှုကို လို့ဆိုတဲ့အတွက် တစ်ဦးတစ်ယောက်ခြင်းရဲ့ ထိခိုက်နစ်နာမှုကို တိုင်တန်းနိုင်တယ်ဆိုတဲ့ သဘောရှိပေမဲ့ သည် ဥပဒေကိုကိုင်ပြီး တရားစွဲတဲ့နေရာမှာ မိမိတို့ကို ထိခိုက်ပါတယ်ဆိုတဲ့ ဝန်ကြီးချုပ်နဲ့ ဝန်ကြီးဦးမော်မော်တို့ ကိုယ်တိုင်မစွဲဘဲ အစိုးရအဖွဲ့အတွင်းရေးမှူးက စွဲပေးတယ်ဆိုတော့ ပြည်နယ်အစိုးရကနေတာဝန်ယူစွဲဆို တင်သွင်းတဲ့ သဘောသက်ရောက်နေတဲ့အတွက် ပြည်နယ်အစိုးရရဲ့ ဝိတ်ပါနေတယ် သည်တချက်လဲ လွဲတာဘဲ ဒါကြောင့် အစကတည်းကလွဲနေတယ်လို့ဆိုတာပေါ့။

ကန္တာရဝတီတိုင်း(မ်)။ ။ အခုလူငယ်တွေက မြို့နယ်တရားရုံးရဲ့စီရင်ချက်အရ အလုပ်နဲ့ထောင်ဒဏ်ခြောက်လ ချမှတ်ခံရပြီး ထောင်ဒါဏ်ပြည့်တော့မဲ့အချိန်မှာ ပြည်နယ်အစိုးရဘက်က အမှုပြင်ဆက်ချက်တက်ပြီး လူငယ်တွေကို ထောင်ထပ်ချဖို့လုပ်တဲ့အပေါ် ဆရာတို့အနေနဲ့ဒီကိစ္စကို ဘယ်လိုမြင်လဲခင်ဗျ။
ဦးရွှေမျိုးသန့် ။ ။ နဂိုကတည်းက မတရား စွဲဆိုထားတဲ့အမှုဖြစ်တယ် လို့ကျနော်တို့က ပြောပြီးသားလေ။ သည်အပေါ်မှာ ဒီအမှုအရ ပစ်ဒဏ်ချမှတ်ပြီးပြီ အဲဒါကို ချမှတ်တဲ့ပစ်ဒါဏ်က နည်းတယ်ဆိုပြီး ပြည်နယ်အစိုးရရဲ့ ထပ်မံပြင်ဆင် လျှောက်ထားမှုကို ခရိုင်ဥပဒေအရာရှိက ကြီးလေးတဲ့ ပစ်ဒဏ်ချမှတ်သင့်တယ်ဆိုပြီး ဥပဒေအကြံပေးတယ်။ ဒီ နိုင်ငံသားများပုဂ္ဂလိကဆိုင်ရာ လွတ်လပ်မှုနဲ့ လုံခြုံမှုအကာအကွယ်ပေးရေး ဥပဒေနဲ့ပါတ်သက်ပြီး အောက်ခြေဥပဒေရုံးတွေရဲ့ဥပဒေအကြံပေးမှုတွေမှားနေတဲ့အတွက် ပြည်ထောင်စုဥပဒေချုပ်ကလည်း ၁၉-၁၁-၂၀၁၉ ရက်စွဲနဲ့ အောက်ခြေအဆင့်ဆင့်ကဥပဒေရုံးတွေကို တရားစွဲဆိုမှုနှင့် အမှုလိုက်ဆိုင်ရာညွန်ကြားချက် အမှတ်-၁/၂၀၁၉ နဲ့ထုတ်ပြန်သတိပေးထားပြီးဖြစ်တယ် ဥပဒေအရာရှိရဲ့ ဥပဒေ အကြံပေးစာထုတ်ပြန်တဲ့ရက် ဟာ ၂၂-၁၁-၂၀၁၉ ဖြစ်တာကြောင့် ပြည်ထောင်စုဥပဒေချုပ် သတိပေးစာထုတ်ပြီးမှ ထုတ်ပြန်တဲ့သဘောရှိတာ ကြောင့် ပြည်နယ်အစိုးရကလည်း မတရားထပ်မံစွဲတင်ဖို့ပြင်သလို ခရိုင်ဥပဒေအရာရှိကလည်း ဥပဒေချုပ်ရဲ့ သတိပေးစာကိုမျက်ကွယ်ပြုပြီး ဥပဒေအကြံပေးတယ် သည်တော့ ဒါဟာ အာဏာရှိသူတွေက ဥပဒေကို လက်တလုံးခြားနဲ့ လုပ်ချင်သလိုလုပ်နေတဲ့ မတရားမှုလို့ဘဲမြင်တယ်။

ကန္တာရဝတီတိုင်း(မ်)။ ။ ပြည်နယ်အစိုးရရဲ့လုပ်ရပ်တွေဟာ အခုဆရာတို့ သွားနေတဲ့ပြည်တွင်းငြိမ်းချမ်းရေးအပေါ်သက်ရောက်မှု ဘယ်လိုရှိလဲခင်ဗျ။
ဦးရွှေမျိုးသန့်။ ။ ကရင်နီအမျိုးသားတိုးတက်ရေးပါတီဟာ မတရားမှုကို တော်လှန်လာတာ နှစ်ပေါင်း (၇၀) ကျော်ပြီး သည်လို နှစ်ပေါင်း (၇၀) ကျော်ရပ်တည်လာနိုင်တာဟာ ပြည်သူလူထုကိုအလေးထားလို့ ပြည်သူလူထုရဲ့ထောက်ခံမှုကို ရရှိလို့ ဆိုတော့ ကျနော်တို့လို ပြည်သူက တိုက်ရိုက်မရွေးတဲ့သူတွေတောင်ပြည်သူတွေရဲ့ မျက်နှာကို ကြည့်တာ။ ပြည်သူကရွေးပြီး အစိုးရလုပ်နေတဲ့သူတွေက ပိုကြည့်ရမှာပေါ့ဗျာ။ ကျနော်တို့ကတော့ ပြည်သူမျက်နှာကို ဘဲကြည့်တဲ့အတွက် ပြည်သူနဲ့အဆင်မပြေတဲ့အစိုးရဆိုရင် ကျနော်တို့လည်း လက်တွဲအလုပ်လုပ်ဖို့ခက်တယ် ကျနော်တို့ပြည်နယ်ရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေရပ်တန့်နေရခြင်းအကြောင်းတွေထဲမှာပြည်နယ်ထဲမှာ ဖြစ်နေတဲ့ဲပြဿနာတွေကို အကြေအလည်မဖြေရှင်းနိုင်ရသေးတဲ့ အချက်တွေကိစ္စဟာလဲ အဓိကအချက် အနေနဲ့ပါတယ် သည်နေ့ပြည်နယ်ထဲမှာ ဖြစ်နေတဲ့ပြဿနာကြီးတွေကိုကြည့် လိုက် KNPP ကြောင့်ဖြစ်နေတာ တခုမှမရှိဘူး အစိုးရနဲ့ တပ်မတော်ကြောင့်ဖြစ်နေတဲ့ပြဿနာတွေဘဲရှိတယ်။ ဒီပြဿနာတွေမပြေလည်ဘဲ ကျနော်တို့ငြိမ်းချမ်းရေးအတွက် ဘယ်လိုရှေ့ဆက်မလဲ။

ကန္တာရဝတီတိုင်း(မ်)။ ။ ကရင်နီလူငယ်တွေကို ပြည်နယ်အစိုးရက အခုလို အမှုပြင်ဆင်ချက်တက်ပြီး ထောင်ထပ်ချဖို့လုပ်တဲ့အဓိက အကြောင်းရင်းကဘာတွေဖြစ်မလဲ။ ဆရာတို့အမြင်ဘယ်လိုရှိလဲခင်ဗျ။
ဦးရွှေမျိုးသန့် ။ ။ မသေခြာတာတွေကိုတော့ မပြောချင်ပါဘူး ကြားတာတော့ရှိတာပေါ့ ဒါကဟုတ်ချင်လည်းဟုတ်မှာပေါ့ သည်လူငယ်တွေကို ပြည်နယ်အစိုးရက ရွေးကောက်ပွဲပြီးတဲ့အထိထိန်းသိမ်းထားချင်တဲ့အကြောင်းကအဓိက လို့ကြားပါတယ် ဒီကိစ္စကြောင့်ဆိုရင် လည်း ပြဿနာက ပိုဆိုးသွားပါလိမ့်မယ်။

ကန္တာရဝတီတိုင်း(မ်)။ ။ လူငယ်တွေအပေါ် ပြည်နယ်အစိုးရက အခုလို အမှုပြင်ဆင်ချက် တက်လိုက်တဲ့အတွက် ကရင်နီပြည်မှာ နောက်ဆက်တွဲ အကျိုးသက်ရောက်မှုတွေက ဘာတွေဖြစ်လာနိုင်မလဲဆရာ။
ဦးရွှေမျိုးသန့် ။ ။ သည်မတရားမှုကို လက်မခံနိုင်တဲ့ လူငယ်တွေကြောင့် ပြဿနာတက်နိုင်သလို အစိုးရအပေါ် ပြည်နယ်အတွင်းမှာရှိတဲ့ လူငယ်ထုတွေ၊ အရပ်ဘက်အဖွဲ့အစည်းတွေ ပြည်သူတွေယုံကြည်မှုကျဆင်း နိုင်သလို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အပေါ်မှာလည်း ယုံကြည်မှုကျဆင်းစေနိုင်ပါတယ်။

ကန္တာရဝတီတိုင်း(မ်)။ ။ အမှုပြင်ဆင်ချက်တက်တဲ့ သက်ဆိုင်ရာပြည်နယ်အစိုးရကတာဝန်ရှိသူတွေကို ဆရာ့အနေနဲ့ဘာတွေများပြောချင်လဲဆရာ။
ဦးရွှေမျိုးသန့်။ ။ အခုချိန်ဟာ မြန်မာနိုင်ငံအနေနဲ့ ကမ္ဘာ့အလယ်မှာ နိုင်ငံ၏ဂုဏ်သိက္ခာကို ထိန်းသိမ်းကာကွယ်ဖို့အတွက် နိုင်ငံတော်အတိုင်ပင်ခံကိုယ်တိုင် နယ်သာလန်နိုင်ငံ၊ Tha Hague မြို့မှာ ရုံးစိုက်တဲ့ အပြည်ပြည် ဆိုင်ရာတရားမျှတမှုခုံရုံး International Couth of Justice (ICJ) မှာ စွဲဆိုခံထားရတဲ့ အမှုကိစ္စကိုရင်ဆိုင်ဖြေရှင်းဖို့ မြန်မာနိုင်ငံတနိုင်ငံလုံး အမျိုးသားရင်ကြားစေ့ရေးကနေ တမျိုးသားလုံး စည်းလုံးညီညွတ်မှုအင်အားရ ယူပြီး ရင်ဆိုင်ဖြေရှင်းဖို့အတွက် ပြည်ထောင်စုအစိုးရကိုယ်၌က စည်းရုံးနေရသည့် အကျပ်အတည်းကာလဖြစ်တယ်၊ ဒီလို စည်းလုံးညီညွှတ်ဖို့ အမျိုးသားသွေးစည်းမှုတည်ဆောက်ဖို့ လိုနေတဲ့ အချိန်မှာ ဒီလုပ်ရပ်ဟာ အင်မတန်အမျှော်အမြင်ကင်းမဲ့တဲ့ လုပ်ရပ်ဖြစ်တယ်လို့ ပြောလိုတယ်။ နောက်ပြီး ဒီမိုကရေစီခေတ်ကြီးမှာ အာဏာနဲ့ဗိုလ်ကျမှုတွေ ရပ်တန်းကရပ်ဖို့လိုပါတယ်၊ မတရားမှန်းသိသိနဲ့ရှေ့ ဆက်တိုးနေမယ်ဆိုရင် နောက်ဆက်တွဲမလိုလားအပ်တဲ့ ဆိုးကျိုးတွေဖြစ်ပေါ်နိုင်သလို သည်မတရားမှုတွေကို ကျူးလွန်ကြမဲ့သူတွေရဲ့ သမိုင်းမှာ အမဲစက်တွေကျန်ခဲ့မှာပါ ဒီတော့ရှေ့မတိုးခင် သေခြာစဉ်းစားဖို့ပြောချင် ပါတယ်။

spot_img
spot_img

Recent posts