spot_imgspot_imgspot_imgspot_img
Friday, April 19, 2024
spot_imgspot_imgspot_imgspot_img

လူငယ်ပါဝင်မှုအားကောင်းလာတဲ့ ကရင်နီတပ်မတော်

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

၂၀၂၁ခုနှစ်၊ ဖေဖော်ဝါရီ ၁ရက်နေ့က စစ်ကောင်စီတပ် ရဲ့ တစ်ကျော့ပြန်အာဏာသိမ်းမှုကို လူထုတစ်ရပ်လုံး ဆန့်ကျင်တော်လှန်နေကြတာ နိုဝင်ဘာလ ၁ရက်နေ့အထိဆိုရင် တစ်နှစ် ၉ လရှိသွားပါပြီ။ ကရင်နီပြည်တွင်းမှာဆိုရင် နှစ်ပေါင်း ၇၄ နှစ်ကျော်ကြာ တော်လှန်ရေး ဆင်နွှဲလာနေတဲ့ ကရင်နီတပ်မတော် (KA)အပါအဝင် အာဏာသိမ်းပြီးနောက် ပေါ်ပေါက်လာတဲ့ တော်လှန်ရေးတပ်ဖွဲ့ တွေ လည်း ရှိနေပါတယ်။

စစ်အာဏာရှင်ကို မလိုလားတဲ့ လူငယ်တွေ အများစုကလည်း ကရင်နီတပ်မတော် (KA)နဲ့အတူ တော်လှန်ရေးမှာ ပူးပေါင်းပါဝင်လာကြပါတယ်။
ကရင်နီတပ်မတော်ဟာ အာဏာသိမ်းပြီးနောက် အခြေခံစစ်သင်တန်း အပတ်စဉ် ၇၀ကနေ ၇၄အထိ ၅ ခုထိ ဖွင့်လှစ်နိုင်ခဲ့ပြီး လူအင်အား နှစ်ထောင် နီးပါး အထိ သင်တန်းပြီးစီးခဲ့ကြပါတယ်။

“ ကျနော်တို့ ပြောင်းလဲမှုက အများကြီးရှိတယ်လို့လည်း ပြောလို့ရပါတယ်။ ဘာဖြစ်လို့လဲဆိုရင် အာဏာမသိမ်းခင်တုန်းက ကျနော်တို့ စစ်အင်အားတွေက ကျနော်တို့ KAရဲ့ တပ်ဖွဲ့ဝင်အင်အားက နည်းနည်းပဲကျန်တယ်။ ဘာဖြစ်လို့လဲဆိုရင် စစ်မတိုက်တာကလည်း အပစ်ခတ်ရပ်စဲရေး ယူထားတာက ၁၀နှစ်နီးပါးရှိတယ်။ ” လို့ ကရင်နီပြည်ကာကွယ်ရေး ဒု-ဝန်ကြီး ခူဒယ်နီယာယ် ကပြောပါတယ်။

ကရင်နီတပ်မတော် မှာပါဝင်နေတဲ့ ရဲဘော်တွေမှာဆိုရင် ၈၀ရာခိုင်နှုန်းက လူငယ်တွေ ဖြစ်ပါတယ်။ တပ်မတော်ထဲကို ဝင်မယ့် ရဲဘော်တွေကို အသက် ၁၈နှစ်ကနေ ၃၅နှစ်အထိ ကန့်သတ်ထားပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၂ရက် နေ့က ကရင်နီတပ်မတော် အခြေခံစစ်သင်တန်း အပတ်စဉ် ၇၄မှာ သင်တန်းဆင်းခဲ့တဲ့ ရဲဘော် ကိုကျော်ကတော့ လွိုင်ကော်သူနာပြု တက္ကသိုလ် မှာ ဒုတိယနှစ် တက်ရောက်တဲ့ သူတစ်ဦး ဖြစ်ပြီး စစ်အာဏာရှင် ပြုတ်ကျဖို့အတွက် တော်လှန်ရေးမှာ ပါဝင်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

“ အစကတော့ ဒီအတိုင်းပဲ အရေးတော်ပုံ အောင်အောင်တိုက်မယ်ပေါ့။ အဲ့လိုပဲ တွေးထားတယ်။ ဒါပေမယ့် ဒီမှာရောက်လာတော့ သူတို့ရဲ့ ဖွဲ့စည်းပုံ အခြေခံတွေကကောင်းတော့ ဒီဖွဲ့စည်းပုံအတိုင်းပဲ ဆက်သွားရဖို့ မျှော်လင့်တယ်ပေါ့။ ကျရာဒေသတော့ ထမ်းဆောင်ရမှာပဲ အဲ့လိုပဲ အဓိကတော့ အမိန့်နာခံမှုပေါ့။ အမိန့်နာခံမှုတော့ရှိရမယ်ပေါ့။ သူတို့ပေးတဲ့ တာဝန်ကျေပွန်အောင် လုပ်ရမှာပေါ့။“ လို့ ရဲဘော် ကိုကျော်က ဆိုပါတယ်။

ဒါ့အပြင် အမျိုးသမီး ရဲမေတွေပါဝင်လာမှုကလည်း ရာကဏန်းအထိ ရှိလာသလို ရှေ့တန်းမှာ တာဝန်ထမ်းဆောင်တာတွေ၊ ဆေးမှူးအဖြစ်တာဝန်ထမ်းဆောင်တာတွေ၊ ဒရုန်းအဖွဲ့တွေ၊ ဆက်သွယ်ရေးတွေ နဲ့ နောက်တန်းတွေမှာ ယူနီဖောင်း ချုပ်တာတွေ စတဲ့နေရာတွေမှာ တာဝန်ထမ်းဆောင်နေတာတွေ ရှိပါတယ်။ တပ်ထဲမှာ တာဝန်ထမ်းဆောင်နေတဲ့ ရဲမေတချို့တွေမှာလည်း တပ်ကြပ်အဆင့်ထိ တာဝန်ယူထားတာတွေ ရှိတယ်လို့ သိရပါတယ်။

CDM ပြုလုပ်ခဲ့ပြီး ကရင်နီတပ်မတော်မှာ ရဲမေအဖြစ် ၁နှစ်ကျော် တာဝန်ထမ်းဆောင်နေပြီဖြစ်တဲ့ နော်ထဲပလျားကတော့ မြန်မာနိုင်ငံ ယာဉ်ထိန်းရဲတပ်ဖွဲ့မှာ ၈နှစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ သူတစ်ဦးဖြစ်ပါတယ်။ သူကတော့ ကာကွယ်ရေးလက်အောက် လေ့ကျင့်ရေးပိုင်းမှာ တာဝန်ထမ်းဆောင်နေတာဖြစ်ပါတယ်။

အမျိုးသမီးဖြစ်တဲ့အတွက် စိန်ခေါ်ချက်တွေ ရှိပေမယ့် စစ်အာဏာပြုတ်ကျဖို့အတွက် ပြည်သူနဲ့အတူ တော်လှန်ရေးမှာ ပါဝင်နေတာဖြစ်တယ်လို့ ဆိုပါတယ်။

“ KA (ကရင်နီတပ်မတော်) ထဲမှာပေါ့နော။ အမျိုးသမီးရဲမေ တွေအများကြီးရှိတယ်။ အခွင့်အရေးလို့ ပြောတဲ့အခါမှာ ကျမတို့အတွက်ကတော့ အခွင့်အရေးရှိတယ်ပေါ့နော။ ကျမတို့ ရှိတဲ့နေရာမှာပါဝင်တယ်။ ကျမတို့က အမျိုးသမီးဖြစ်ပေမယ့် တပ်ပိုင်းဆိုင်ရာမှာတော့ ရှိတဲ့နေရာကနေ လုပ်တယ်။” လို့ နော်ထဲပလျားကပြောပါတယ်။

အာဏာသိမ်းပြီးနောက်မှ ကရင်နီတပ်မတော် ထဲပါဝင်လာတဲ့ ရဲဘော်၊ ရဲမေတွေရဲ့ လုပ်ရည်ကိုင်ရည် ပေးဆပ်မှုအပေါ်ကြည့်ပြီး တပ်စိပ်မှူး၊ တပ်ကြပ်ကြီး၊ တပ်ခွဲမှူးအထိ ပေးတာတွေရှိသလို အရာရှိ ၂ယောက် ဖြစ်သွားတာတွေလည်း ရှိနေတယ်လို့ သိရပါတယ်။

စစ်အာဏာရှင်ကို လက်နက်ကိုင်တော်လှန်နေကြတဲ့ ရဲဘော်တွေဟာ တခြားသူတွေထက် ပိုကြိုးစားရမှာဖြစ်သလို တော်လှန်ရေးမှာ ကိုယ်ကျိုးစွန့် အနစ်နာခံ ရမှာဖြစ်တယ်လို့ ခူဒယ်နီယာယ်က ဆိုပါတယ်။

“ ကျနော်တို့က စစ်အာဏာရှင်ရဲ့အောက်မှာ စစ်ကျွန်ရဲ့အောက်မှာပဲ ကြီးပြင်းလာတာ အသက်ရှင်လာတာ နှစ်ပေါင်း ၇၀ကျော်ပြီပေါ့နော။ ကျနော်တို့ ဒီပွဲမှ မအောင်ဘူးဆိုလို့ရှိရင် နောက်ထပ် ဒီစစ်ကျွန်အောက်မှာပဲ ဆက်ရှိနေရင်တော့ မဖြစ်တော့ဘူး။ အဲ့တော့ဒီပွဲက နိုင်ကိုနိုင်မှရမယ်။ သင်တန်းပြီးတဲ့ ရဲဘော်တွေတိုင်းက ကျနော်တို့ တော်လှန်ရေးလုပ်တာက အပျော်လာလုပ်တာမဟုတ်ဘူး။ သေမယ် ရှင်မယ် ပြတ်မယ် စသဖြင့် ဒါကတော့ ရှိထားပြီးသား ကိုယ့်ကိုယ်စောင့်နေပြီးသားပဲ။ ဒီဟာကို ပဓာန မထားပဲနဲ့ လူထု အတွက်လည်း လုပ်တယ်။ တိုင်းပြည်အတွက်လည်း လုပ်တယ်။ ကိုယ့်အမျိုးသားတွေ အေးအေးချမ်းချမ်းနေထိုင်ဖို့ အတွက် အလုပ်လုပ်တယ်ဆိုတဲ့ စိတ်ဓါတ်နဲ့ လုပ်သွားဖို့တော့လိုတယ်။ “ လို့ ခူဒယ်နီယာယ်က ဆက်ပြောပါတယ်။

ကရင်နီပြည်တွင်းက လက်ရှိတော်လှန်ရေးမှာ ကရင်နီတပ်မတော် အပြင် တခြားသော တော်လှန်ရေးတပ်ဖွဲ့ တွေမှာဆိုရင်လည်း လူငယ်တွေကနေ ဦးဆောင် ပါဝင် တိုက်ခိုက်နေကြတာဖြစ်ပြီး သမိုင်းတွေကိုလည်း နားလည်ထားဖို့လိုအပ်အကြောင်း ကရင်နီတပ်မတော် စစ်ရေးချုပ် ဗိုလ်မှူးကြီး ဘုန်းနိုင်က ပြောပါတယ်။

“ လူငယ်ကတော့ အများကြီးလိုအပ်တယ်ပေါ့နော။ ဘာဖြစ်လို့လဲဆိုရင် တော်လှန်ရေးက ကြာပြီ အသက်အရွယ်လည်း ကြီးလာပြီဆိုတော့ လူငယ်တွေက ကျနော်တို့ နေရာကို ယူဖို့လိုတယ်။ နားလည်ဖို့လည်းလိုတယ်။ လေ့လာဖို့လည်း လိုတယ်။ အထူးသဖြင့် သမိုင်းဆိုတာ အရေးကြီးတယ်လေ။ လူဆိုတာ အရင်းအမြစ် သမိုင်းကနေပဲ ပူးပေါင်းပြီးတော့မှ လူမျိုးဖြစ်လာတယ်။ တိုင်းပြည်ဖြစ်လာတယ်။ ကလေးတွေက ဒီဟာကို လေ့လာဖို့လိုအပ်တယ်။ “ လို့ ဗိုလ်မှူးကြီးဘုန်းနိုင်က ပြောပါတယ်။

အာဏာသိမ်းပြီးနောက် ကရင်နီပြည်မှာဆိုရင် ၂၀၂၁ခုနှစ်၊ မတ်လ ၂၁ရက်က တိုက်ပွဲစတင်ဖြစ်ပွားလာခဲ့တာဖြစ်ပြီး တိုက်ပွဲအတွင်းတွေမှာဆိုရင် လူငယ်တွေ အသက်ပေးဆပ်ခဲ့ရတာတွေလည်း ရှိနေပါတယ်။ တိုးတက်သောကရင်နီပြည်သူ့အင်အားစု ( PKPF ) ရဲ့ နိုင်ဝင်ဘာ ၁ရက်နေ့ထုတ်ပြန်ချက်မှာ အာဏာသိမ်းကာလအတွက်း အသက်ပေးခဲ့ရတဲ့ ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ဝင်ရဲဘော် ၁၈၃ဦး ရှိတယ်လို့ ထုတ်ပြန်ချက်မှာပါရှိပါတယ်။

spot_img
spot_img

Recent posts