spot_imgspot_imgspot_imgspot_img
Friday, March 29, 2024
spot_imgspot_imgspot_imgspot_img

လူထုအသံ

Author

Date

Category

လွိုင်ကော်မြို့နယ်အတွင်းရှိ ကျေးရွာတချို့မှ တင်ပြလိုသည့် အခက်အခဲများ
ထေးငှားလျားရွာ မှ ဦးစိုးရယ်

………………………………….
“ရွာမှာက အခု တစ်ခုရှိတာက ကေဘယ်ကြိုးမြှပ်တာပေါ့။ အဲဒါကို ကန့်ကွက်တဲ့သူ တစ်ချို့ရှိနေတယ်။ ပြီးတော့ တာဝါတိုင်ထောင်တာလည်း ကန့်ကွက်သူ တစ်ချို့ရှိတယ်။ ကျနော်တို့ တစ်ရွာလုံးရဲ့ သဘောထားကို ကောက်ယူတော့ ကေဘယ်ကြိုးက ထောက်ခံသူတွေပိုများပြီးတော့ ဆက်သွယ်ရေး တာဝါတိုင်ကိုကျတော့ ကန့်ကွက်တဲ့သူ ပိုများတယ်။ သူတို့ ကန့်ကွက်တာက သူတို့စက်နဲ့လုပ်တော့ စက်သံက ဆူညံလွန်းတယ် အဲဒီတစ်ချက်ကြောင့်ပါ။ ရှမ်းပြည်နယ်ကနေ လုပ်ပြီး ကျနော်တို့ရွာကို ဖြတ်ဆင်းတာပါ။ ကျနော်တို့ တစ်ခေါက် နှစ်ခေါက်လောက် ညှိပေးပြီးတော့ ဒီနေ့ သူတို့ အပြီး လုပ်နေတယ်။ ကေဘယ်ကြိုးက ထောက်ခံသူတွေများတော့ သူတို့အပြီးလုပ်လိုက်တာပါ ဒါတောင် ကန့်ကွက်သူ နှစ်ယောက် သုံးယောက်လောက်ရှိသေးတယ်။ တခြားနေရာမှာလည်း လုပ်တာပဲ ဖွံ့ဖြိုး တိုးတက်ဖို့လုပ်တာ အကျိုးရှိမှာပါ ကျနော်တို့လည်း ခေတ်ရေစီးကြောင်းအတိုင်း လိုက်ရမှာပဲ။ ကောင်းမယ်လို့တော့ ကျနော်ထင်တယ်။ ကန့်ကွက်သူတွေက ဘယ်လိုတွေးလဲဆိုတာတော့ ကျနော်လည်း မသိဘူး။ သူတို့က ဘာကိုတွေ့ပြီး ကန့်ကွက်လဲမသိဘူး သူတို့ိကို ပြောခိုင်းတော့လည်း မပြောဘူး”
ဒေါဥခူရပ်ကွက်မှ ဦးဝင်းဦး
………………………………….
“ရပ်ကွက်ထဲမှာ လမ်းမီးတွေ မှောင်နေတယ်။ လမ်းမီးတွေထွန်းပေးဖို့ ပြောချင်ပါတယ်။ ရပ်ကွက်ထဲမှာ လမ်းမီးလိုအပ်နေတယ်”
ဘာဒိုရွာမှ ဦးမာရီးနို
……………………………
“ကျနော်တို့ရွာက တခြားရွာတွေနဲ့ ယှဉ်ရင် လမ်းပန်းဆက်သွယ်ရေးက အခက်အခဲရှိနေတယ်ပေါ့။ ကျနော်တို့ လမ်းပန်းဆက်သွယ်ရေးက မြို့ပေါ်ရပ်ကွက်တွေနဲ့ အများကြီးကွာတယ်။ သူများရွာတွေနဲ့ယှဉ်ရင်လည်း ကျနော်တို့ အများကြီးနောက်ကျမယ်ထင်တယ်။ ဘာလို့လဲဆိုရင် ကျနော်တို့က မိုးရာသီသွားလာရင် အရမ်းခက်တယ်လေ။ အခုက မြေသားလမ်းပဲ ရှိတယ်လေ။ မြို့နဲ့ဆက်တဲ့လမ်းတော့ ကတ္တရာ တစ်လမ်းရှိတာပေါ့။ ဒါပေမယ့် ရွာလမ်းတော့ မြေသားလမ်းပဲရှိသေးတော့ အနည်းဆုံး ကျောက်ချောလမ်း ရှိရင်လည်း မဆိုးဘူးပေါ့။ အစိုးရကို တင်ပြရင်လည်း ကျနော်လမ်းပန်းဆက်သွယ်ရေးနဲ့ ပါတ်သက်ပြီး အဓိကထား တင်ပြတယ်။ လျှပ်စစ်မီးနဲ့ပါတ်သက်ပြီးတော့ အစိုးရက အခု လာလုပ်ပေးနေပါပြီ။ မီးနဲ့ပါတ်သက်ပြီး သိပ်ပြောစရာ မရှိတော့ပေမယ့် နည်းနည်းခက်တာက အဲဒီလမ်း တစ်ခုပဲ ပေါ့လေ။ ကျေးလက်ကိုလည်း ကျနော်တင်ပြထားပါတယ်”
ဖားတီမာရွာမှ ဦးပလဲရယ်
…………………………..
“ရွာအတွက်က ရေအခက်အခဲတွေဖြစ်တယ်။ ရွာအပြင်ဖက်က လယ်ကွက်နားမှာ သွားခပ်နေရတာ။ ၃ ဖာလုံလောက် သွားခပ်နေရတယ်။ အဲဒီနေရာမှာ ကျနော်တို့ တစ်ရွာတည်း ခပ်တာလည်း မဟုတ်ဘူး။ ရွာနားက သုံးလေးရွာနဲ့ အတူတူပေါင်းခပ်ကြတာ။ အားလုံးက ရေရှားတဲ့ ပြဿနာနဲ့ ကြုံနေရတာဆိုတော့ ရွာသား အချင်းချင်းတော့ အဆင်ပြေပေမယ့် ကြာလာတော့ ရေက ခမ်းသွားတာမျိုးတွေရှိတယ်။ အခုက ဆောင်းပြီးရင် နွေရာသီ ရောက်တော့မှာဆိုတော့ ရေခမ်းသွားမှာ အရမ်းစိုးရိမ်နေရတယ်။ နွေအချိန်ဆို ကျနော်တို့ မြို့ထဲက ရေကိုပဲ မှာသုံးနေရတယ်လေ။ အစိုးရကို တင်ပြတာတွေလည်း ရှိတယ်။ ဘီလူးချောင်းက ရေကို သွယ်ပေးမယ်လို့ ပြောထားတာတော့ရှိပါတယ်။ ကျနော်တို့ အခုလိုမျိုး ရေရှားပါးတဲ့ ပြဿနာ ကြုံနေရတာ ၁ဝ နှစ်လောက် ရှိနေပြီ။ ရေက အရေးကြီးဆုံးရေပဲ။ တခြားဟာ မရှိလို့ ရပေမယ့် ရေက ငတ်နေလို့ မဖြစ်ဘူးလေ”

spot_img
spot_img

Recent posts