spot_imgspot_imgspot_imgspot_img
Friday, April 19, 2024
spot_imgspot_imgspot_imgspot_img

လူသားချင်းစာနာထောက်ထားမှု အကူညီတွေကို နယ်စပ်ဖြတ်ကျော်ကူညီဖို့ နိုင်ငံတကာကို တောင်းဆို

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

မြန်မာနိုင်ငံအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေပေးအပ်တဲ့နေရာမှာ အမှန်တကယ်လိုအပ်နေတဲ့ သူတွေဆီရောက်ရှိဖို့ နယ်စပ်ဖြတ်ကျော်ကူညီမှသာ ထောက်ပံ့နိုင်မှာဖြစ်တယ်လို့ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့သုံးဖွဲ့ နဲ့ အမျိုးသားညီညွှတ်ရေးအစိုးရ (NUG) တို့က တောင်းဆိုလိုက်ပါတယ်။

အဲဒီတောင်းဆိုချက်ကို မေလ ၁၀ ရက်နေ့မှာ ထုတ်ပြန်ခဲ့တာဖြစ်ပြီး ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)၊ ကေအဲန်ယူ ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ချင်းအမျိုးသားတပ်ဦး (CNF)နဲ့ အမျိုးသားညီညွှတ်ရေးအစိုးရ ( NUG ) လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တာရယ်ဆိုင်ရာစီမံခန့်ခွဲရေး ဝန်ကြီးဌာန တို့က ပူးပေါင်း ထုတ်ပြန်ထားတာဖြစ်ပါတယ်။

 

“ လက်ရှိအနေအထားမှာ နိုင်ငံတကာအနေနဲ့ လူသားချင်းစာနာထောက်ထားမှုကို ပေးတဲ့အခါမှာ စစ်ကောင်စီယန္တာရားကို ရှောင်ပြီးတော့ လုပ်ဖို့ဆိုရင် နယ်စပ်ဖြတ်ကျော်ပြီး ပေးတဲ့နည်းက အကောင်းဆုံးဖြစ်ပါတယ်။ နယ်စပ်ဖြတ်ကျော်ပေးတဲ့နည်း နဲ့ဆိုရင် နယ်စပ်မှာကော၊ ပြည်တွင်းမှာကော ကျနော်တို့ EROs နဲ့ အရပ်ဖက်အဖွဲ့အစည်းအတွေက ရှိပြီးသား ဖြစ်တယ်၊ လူသားချင်းစာနာထောက်ထားမှု အကူအညီပေးတဲ့နေရာမှာလည်း အတွေ့အကြုံအများကြီး ရှိထားပြီးဖြစ်တာပေါ့နော်။ လက်ရှိမှာတော့ အကူအညီတွေက နယ်စပ်ကိုဖြတ်ကျော်ပြီး ဝင်ပေမယ့် နိုင်ငံတကာ ကနေတရားဝင် အသိအမှတ်ပြုပြီး ဝင်တာမျိုးမဟုတ်တော့ အကန့်အသတ်နဲ့၊ အနည်းငယ်လောက်ပဲ ဝင်နေရတဲ့ အနေအထားဖြစ်တာပေါ့။ “ လို့ ထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီး ပြောဆိုခွင့်ရှိသူတစ်ဦးက ကန္တာရဝတီတိုင်း(မ်)ကို ဖြေကြားခဲ့တာဖြစ်ပါတယ်။

လွန်ခဲ့တဲ့ ၁၂လကျော်ကာလအတွင်း
မြန်မာနိုင်ငံကို လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးအပ်ဖို့အတွက် လိုအပ်တဲ့ ဆန်းစစ်လေ့လာချက်တွေကို ပြုလုပ်ခဲ့ရာမှာ အကူအညီတွေကို မြန်မာနိုင်ငံရဲ့ အရှေ့ဖက်နဲ့ အနောက်ဖက်နယ်စပ်တစ်လျောက်မှာသာ ထောက်ပံ့နိုင်မယ်ဆိုပြီး ထုတ်ပြန်ချက်မှာ ဖော်ပြပါရှိပါတယ်။

ဒါကြောင့် အကူအညီပေးနိုင်မယ့် သက်ဆိုင်တဲ့နိုင်ငံတွေ ပေါင်းစည်းပြီးတော့ အားလုံးပါဝင်တဲ့ လူသားချင်းစာနာကူညီမှုဖိုရမ်တစ်ခုကို ပြုလုပ်နိုင်ဖို့အတွက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၃ခုနဲ့ NUG ကထုတ်ပြန်ချက်မှာ တောင်းဆိုထားပါတယ်။

လက်ရှိ မြန်မာနိုင်ငံမှာဆိုရင် လူသားချင်းစာနာမှုအကူအညီတွေကို ကူညီတဲ့နေရာမှာ စစ်ကောင်စီဖက် ပိတ်ဆို့တားဆီးမှုတွေလည်း ရှိနေတာဖြစ်ပါတယ်။ အထူးသဖြင့် စစ်ဖြစ်တဲ့ဒေသတွေမှာ လူထုကို ရန်သူသဖွယ်မှတ်ယူပြီး တိုက်ခိုက်မှုတွေ လုပ်ဆောင်နေတာရှိသလို လူသားချင်းစာနာမှုကူညီဆောင်ရွက်နေတဲ့ သူတွေကို လိုအပ်နေတဲ့သူတွေဆီ အကူညီမရောက်အောင် စစ်ဆေးရေးဂိတ်တွေမှာ စစ်ဆေး တင်းကြပ်တာတွေရှိနေတယ်လို့ အရပ်ဖက်အဖွဲ့အစည်းတွေက ပြောဆိုကြပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ မေလ(၇)ရက်နေ့မှာလည်း စစ်ရှောင်တွေကိုကူညီဖို့ ဆီဆိုင်မြို့ကို လာနေတဲ့ အာဆီယံ သံတမန်ယာဉ်တန်း ပစ်ခတ်ခံခဲ့ရပါတယ်။ ဒီလိုပစ်ခတ်မှုကို စစ်ကောင်စီလက်အောက်ခံ ဌာနေပြည်သူ့စစ် (PNO)လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ (PNFC)က ပြောဆိုထားတာရှိပါတယ်။

ယာဉ်တန်းပစ်ခတ်ခံရတဲ့အပေါ် အမေရိကန်၊ စင်္ကာပူ၊ အင်ဒိုနီးရှားနိုင်ငံတွေက ရှုတ်ချကြောင်း ထုတ်ပြန်ကြတာရှိသလို အကြမ်းဖက်မှုတွေ ရပ်တန့်ပြီး လူသားချင်းစာနာထောက်ထားမှုဆိုင်ရာတွေကို အတားအဆီးမရှိ ဝင်ရောက်ခွင့်ပြုဖို့ လည်း စစ်ကောင်စီကို တောင်းဆိုထားတာရှိပါတယ်။

“ ပွင့်ပွင့်လင်းလင်းပြောရရင် ကျနော်တို့သိရသလောက်ဆိုရင် အဲ့တုန်းက အာယီယံယာဉ်တန်း သယ်လာတဲ့အကူအညီဆိုတာ နဲနဲလေးပဲ။ လူ ၅၀ စာလောက်လား ပြောတယ်။ ကြည့်ရတာ အာဆီယံအနေနဲ့လည်း စစ်ဖြစ်နေတဲ့နယ်မြေတွေမှာ စစ်ဘေးရှောင်ကူညီနိုင်ဖို့ မြေစမ်းခရမ်းပျိုးကြည့်တာဖြစ်နိုင်တယ်။ စစ်ကောင်စီဖက်ကလည်း အာဆီယံဖြစ်ဖြစ်၊ တခြားနိုင်ငံတွေဖြစ်ဖြစ် ဒါမျိုးအလုပ်တွေ လုပ်လို့မရအောင် သက်သက် ချိန်းခြောက်လိုက်တာဖြစ်တယ်။ ဒါက အာဆီယံအနေနဲ့ သက်ဆိုင်ရာ စစ်ကောင်စီဌာနတွေနဲ့တိုင်ပင်ညှိနှိုင်း သဘောတူပြီးတော့ သွားပို့တာနော်။ ဒါပေမယ့် အာဆီယံကို ပစ်မှတ်ထားတိုက်ခိုက်မှုတွေ ဖြစ်တာပဲ။ ဒီအဖြစ်အပျက်ကို ကြည့်မယ်ဆိုရင် လူသားချင်းစာနာထောက်ထားမှုပေးတဲ့အခါမှာ စစ်ကောင်စီ ယန္တရားကိုဖြတ်ပြီး သွားရင် ဒီလို အန္တရာယ်တွေရှိတယ်ဆိုတာ ပြသလိုက်တာဖြစ်တယ်။ အဲဒါကြောင့်မို့လို့ ကျနော်တို့တွေက နယ်စပ်ဖြတ်ကျော်အကူအညီကို တိုက်တွန်းရတာဖြစ်ပါတယ်။ “ လို့ ထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီး ပြောဆိုခွင့်ရှိသူတစ်ဦးက ကန္တာရဝတီတိုင်း(မ်)ကို ဖြေကြားခဲ့တာဖြစ်ပါတယ်။

မေလ (၁၀)ရက်နေ့ထုတ်ပြန်ချက်မှာတော့ မြန်မာပြည်သူအားလုံးအတွက် လူသားချင်းစာနာကူညီမှုဖိုရမ် ပြုလုပ်နိုင်ဖို့ အာဆီယံကို တိုင်းရင်းသားတော်လှန်ရေးအဖွဲ့တွေဖြစ်တဲ့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)၊ ကေအဲန်ယူ ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ချင်းအမျိုးသားတပ်ဦး (CNF)နဲ့ အမျိုးသားညီညွှတ်ရေးအစိုးရ ( NUG ) လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တာရယ်ဆိုင်ရာစီမံခန့်ခွဲရေး ဝန်ကြီးဌာန တို့က ပူးပေါင်း ထုတ်ပြန်ထားတာဖြစ်ပါတယ်။

အားလုံးပါဝင်တဲ့ လူသားချင်းစာနာကူညီမှုဖိုရမ်ကို အကောင်အထည်ဖော်နိုင်ဖို့ မျှော်လင့်သလို လူသားချင်းစာနာမှုအကူညီတွေအတွက် အစီစဉ်တွေကို အထောက်အကူဖြစ်ဖို့ ရည်ရွယ်တယ်လို့ ဆိုပါတယ်။

spot_img
spot_img

Recent posts