လောကဓံကို အမေမပါပဲ ရင်ဆိုင်နိုင်ပါ့မလား

0
516

အန်ထောနီ

အဟာရပြည့်ဝစွာမရရှိတဲ့ တစ်နှစ်လေးလသားအရွယ် အမွှာမောင်နှမနှစ်ယေက်အတွက်ကတော့ ငယ်ငယ်ရွယ်ရွယ်နဲ့ လောကဓံကိုရင်ဆိုင်ကြုံတွေ့နေကြရပါတယ်။

ဖားဆောင်းမြို့နယ် မော်ချီးဒေသ ခဲမဖြူကျေးရွာမှာနေထိုင်နေတဲ့ အမွှာမောင်နှမှ နှစ်ယောက်ရဲ့မိခင်ဟာ လွန်ခဲ့တဲ့ နိုဝင်ဘာလ နောက်ဆုံးပတ်မှာပဲ မတော်တဆတစ်ခုကြောင့်အသက်သေဆုံးခဲ့ရပြီး လက်ရှိအချိန်မှာတော့ အဖေဖြစ်သူဦးစောတင်ထူးနှင့် အဖွားဖြစ်သူတို့နဲ့နေနေရပါတယ်။

ဦးစောတင်ထူးမှာ အမွှာမောင်နှမ နှစ်ဦးအပြင် လေးနှစ်သားတစ်ယောက် နဲ့ ကိုးနှစ်သားတစ်ယောက် စုစုပေါင်းကလေး ၄ ယောက်ရှိပါတယ်။

ဦးစောတင်ထူးတို့က မိသားစုစားဝတ်နေရေးအတွက် အရင်ကတည်းက အမျိုးသမီးနဲ့အတူ မိသားစုစားဝတ်နေရေးအတွက် တောင်ယာအနည်းငယ်နှင့် မိုလိုချောင်းမှာ ချောင်းခဲဆေးတဲ့လုပ်ငန်းကို လုပ်ကိုင်ခဲ့ကြပါတယ်။

ချောင်းထဲမှာခဲသွားဆေးတဲ့အချိန်ဆိုရင် ကလေးတွေကိုအဖွားဖြစ်သူနဲ့သာ ချန်ထားခဲ့ရမှာဖြစ်ပါတယ်။
အခုလိုခဲသွားဆေးတာ တစ်ရက်ကိုတစ်ပိသာလောက်ရပြီးတော့ တစ်ပိသာကို ဈေးကောင်းရချိန်မှာတော့ တစ်သောင်းနဲ့ပြန်လည်ရောင်းချပေမယ့် မိသားစုအတွက်လိုအပ်တဲ့ စားဝတ်နေရေးနဲ့ ကလေးငယ်တွေရဲ့ကျန်းမာရေးအတွက် လုံလောက်မှုမရှိတဲ့အတွက် ခက်ခဲနေတယ်လို့ လို့ဆိုပါတယ်။

ဦးစောတင်ထူးအနေနဲ့ အမျိုးသမီးဆုံးပြီးနောက်ပိုင်းမှာတော့ အလုပ်မဆင်းနိုင်သေးပဲ ကလေးနဲ့ နေနေရသေးတယ်လို့ဆိုပါတယ်။

ဦးစောတင်ထူးဟာ ဧရာဝတီတိုင်းသားဖြစ်ပြီး ဖားဆောင်းဖက်မှာ ဆင်ထိန်းသူအဖြစ်လာရောက်လုပ်ကိုင်ရင်း အခုလိုမျိုး မော်ချီးဒေသဘက်က ကရင်တိုင်းရင်းသူနဲ့ အိမ်ထောင်ကျသွားတာဖြစ်ပါတယ်။