spot_imgspot_imgspot_imgspot_img
Thursday, April 25, 2024
spot_imgspot_imgspot_imgspot_img

“လှပသော ကျွန်ုပ်တို့၏ ရိုးရာဓလေ့ကို လေ့လာခြင်း” ဆွေးနွေးပွဲ မှတဆင့် မြေနှင့်ပတ်သက်သော သဘောထား၆ချက် ထုတ်ပြန်

Author

Date

Category

နော်ဒွေးအယ်ခူ

ကယား(ကရင်နီ)ပြည်နယ်၊ ဒီမော့ဆိုမြို့တွင် ဇွန်လ ၂၈ ရက်နေ့က ကျင်းပပြုလုပ်ခဲ့သည့် “လှပသော ကျွန်ုပ်တို့၏ ရိုးရာဓလေ့ကို လေ့လာခြင်း” ဆွေးနွေးပွဲမှတဆင့် ကရင်နီပြည်ရှိ ဌာနေတိုင်းရင်းသားတို့၏ မြေနှင့် ပတ်သက်သော သဘောထား ၆ ချက် ထုတ်ပြန်ခဲ့ကြောင်း သိရသည်။

ဆွေးနွေးပွဲတွင် ဌာနေတိုင်းရင်းသားများနှင့် ဒေသခံတိုင်းရင်းသားတို့၏ မြေနှင့် အရင်းအမြစ်အုပ်ချုပ်စီမံမှုများအကြောင်း၊ ၎င်းတို့ရင်ဆိုင်နေရသော စိန်ခေါ်မှုများ၊ ခြိမ်းခြောက်မှုများ၊ ဖမ်းဆီးချုပ်နှောင်ခြင်းများ၊ တရားစွဲဆိုခံနေရမှုများ၊ ကရင်နီမူဝါဒဆိုင်ရာ အကြောင်းအရာများကို အဓိက ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

“ကျတော်တို့လက်ရှိ ပြည်နယ်မှာ အထူးသဖြင့် အောက်ခြေကလူတွေ အောက်ခြေက တောင်သူလယ်သမားတွေအတွက် ဒါတွေက ခြိမ်းခြောက်မှုတွေ ဖြစ်နေတယ်ပေါ့။ မြေသိမ်းတဲ့ဟာတွေ ဥပမာ ဖရူဆိုဖက်မှာဆိုရင် မြေလာလျှောက်တဲ့ ကိစ္စလေးတွေ ကျတော်တို့ ရိုးရာဓလေ့အရ ဘိုးစဉ်ဘောင်ဆက်ကတည်းက နှစ်ပေါင်း၁၀ဝအထက် နှစ်ပေါင်း၅ဝအထက် ကျတော်တို့နေလာခဲ့တဲ့ မြေအပေါ်မှာ ကျတော်တို့ မသိဘဲနဲ့ ကျတော်တို့မြေက ပါသွားတဲ့ ကိစ္စမျိုးတွေ ရှိလာတယ်ပေါ့နော။ ဒီဟာတွေကြောင့် သူတို့ကို ခေါ်ပြီးမှ ကျတော်တို့ ပိုပြီးမှ နားလည်အောင် ကျတော်တို့ရဲ့ အခွင့်အရေးတွေ ဘယ်လိုပုံစံမျိုးနဲ့ ဘယ်လိုနည်းလမ်းမျိုးနဲ့ ကျတော်တို့ ဘယ်လိုပြန်ပြီးမှ မြှင့်တင်မလဲဆိုတဲ့ ကိစ္စရပ်တွေကို ဆွေးနွေးဖို့ပဲဖြစ်ပါတယ်” ဟု Kayah Earthrights Action Network မှ ပွဲတာဝန်ခံ ခွန်းစိုးမိုးအောင်ကပြောသည်။

၎င်းအကြောင်းအရာနှင့် ပတ်သက်ပြီိး ဆွေးနွေးမှုမှတစ်ဆင့် သဘောထားထုတ်ထားပြန်ချက်အရ (၁) ကရင်နီပြည်ရှိ ဌာနေတိုင်းရင်းသားများ၊ ဒေသခံတိုင်းရင်းသားများ၏ မြေနှင့် အရင်းအမြစ်စီမံခန့်ခွဲခြင်းစနစ်များ၊ အုပ်ချုပ်စီမံမှုစနစ်များကို အသိအမှတ်ပြု လေးစားလိုက်နာရန် (၂) မြေများကို သိမ်းဆည်းခြင်း၊ အတင်းအဓမ္မဖမ်းဆီးချုပ်နှောင်ခြင်း၊ တရားစွဲဆိုခြင်းများကြောင့် ၎င်းတို့၏ဘဝလုံခြုံမှုနှင့် ငြိမ်းချမ်းရေးကို ထိခိုက်စေသည့်အတွက် တရားစွဲဆိုဖမ်းဆီးခြင်းများအား ချက်ခြင်းရပ်တန့်ပေးရန် ပါရှိသည်။

ထို့ပြင် (၃) ရိုးရာဓလေ့များနှင့် ပတ်သက်၍ ဆွေးနွေးရာတွင် ပိတ်ပင်တားဆီးခြင်းများ၊ ကန့်သတ်ထားခြင်းများ မပြုလုပ်ဘဲ လွတ်လပ်စွာ ဆွေးနွေးပိုင်ခွင့်ရှိရမည် (၄) ကရင်နီပြည်သူပြည်သားများနှင့် ဌာနေတိုင်းရင်းသားတို့၏ သဘောဆန္ဒမပါဘဲ ၎င်းတို့၏မြေ၊ အရင်းအမြစ်နှင့် နယ်နမိတ်များကို ထိခိုက်ပျက်စီးစေမည့် ဆုံးဖြတ်ချက်ချခြင်း၊ လုပ်ပိုင်ခွင့်များ ချထားပေးခြင်းနှင့် လုပ်ငန်းအကောင်အထည်ဖော်ခြင်းမပြုရန် (၅) ကရင်နီပြည်တွင် မြေလွတ်မြေလပ်နှင့်မြေရိုင်း လုံးဝမရှိပါ။ ဌာနေတိုင်းရင်းသားများပိုင်ဆိုင်သော နယ်နမိတ်အတွင်းရှိ မြေနှင့် အရင်းအမြစ်များ၊ ၎င်းတို့၏ စီမံခန့်ခွဲမှုစနစ်များကို ၎င်းတို့၏ သဘောတူညီချက်မရှိဘဲ နည်းလမ်းမျိုးစုုံဖြင့် အတင်းအဓမ္မသိမ်းဆည်းခြင်းများ၊ ဖျက်ဆီးခြင်းများနှင့် ပပျောက်အောင် လုပ်ဆောင်ခြင်းများ မပြုရန် (၆) ဌာနေတိုင်းရင်းသားများ၏ မြေ၊ အရင်းအမြစ်နှင့် နယ်နမိတ်များကို အကာအကွယ်ပေးနိုင်မည့် စစ်မှန်သော ဖယ်ဒရယ်မြေဥပဒေသစ် သို့မဟုတ် ပြည်ထောင်စုမြေဥပဒေသစ်တစ်ရပ် မပေါ်ထွန်းမှီအထိ ဌာနေတိုင်းရင်းသားများ၏မြေနှင့် အရင်းအမြစ်ကို ထိခိုက်ပျက်စီးစေမည့် ဥပဒေများပြဌာန်းခြင်း၊ ရင်းနှီးမြှုပ်နှံမှုများ သဘောတူညီမှု ပြုလုပ်ခြင်းနှင့် မြေလုပ်ပိုင်ခွင့်များကို ချထားခြင်းမပြုရန် စသည့် အချက် ၆ ချက်ဖြင့် ထုတ်ပြန်လိုက်ကြောင်း သိရသည်။

ဌာနေတိုင်းရင်းသားများ၏ ဓလေ့ထုံးတမ်းများသည် တစ်ဦးချင်းပိုင်ဆိုင်မှု၊ မိသားစုအလိုက် ပိုင်ဆိုင်မှု၊ လူမျိူးစု မျိူးနွယ်စုအလိုက် ပိုင်ဆိုင်မှု၊ ကျေးရွာပိုင်ဆိုင်မှု ရှိသည့်အတွက် လက်ရှိပြဌာန်းထားသော ဥပဒေသည် ရိုးရာဓလေ့နှင့် ကွာဟမှုရှိသည့်အတွက် ပြဿနာပိုဖြစ်စေနိုင်ကြောင်း ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးသဲရယ်က သုံးသပ်ပြောဆိုထားသည်။

“လက်ရှိပြဌာန်းထားတဲ့ ဥပဒေထဲမှာတော့ ကျေးရွာနယ်နမိတ်ဆိုတာကို အသိအမှတ်မပြုပေးဘူး ဥပဒေအရက။ ဆိုတော့ ကျတော်တို့ ဒီနေရာမှာ ဓလေ့နဲ့ ဥပဒေနဲ့က တော်တော်လေး ကွာဟမှုဖြစ်နေတယ်ပေါ့။ဆိုတော့ ဒီနေရာမှာ ပြဿနာပိုပြီးဖြစ်စေတယ်လို့ ကျတော်တစ်ယောက်အနေနဲ့ ယူဆတယ်” ဟု ဦးသဲရယ်က ပြောသည်။

“လှပသော ကျွန်ုပ်တို့၏ ရိုးရာဓလေ့ကို လေ့လာခြင်း” ဆွေးနွေးပွဲကို ၂ရက် ကျင်းပပြုလုပ်ရန် လျာထားသော်လည်း မြေနှင့် ပတ်သက်သော အကြောင်းအရာများကို အာဏာပိုင်များမှ ဆွေးနွေးခွင့်မပြုသည့်အတွက် တစ်ရက်သာ ကျင်းပခဲ့ရကြောင်း ပွဲစီစဉ်သူထံမှ သိရသည်။

“ကျတော်တို့ ရိုးရာဓလေ့လို့ပြောလိုက်တဲ့ အနေအထားတစ်ခုမှာ ခုနပြောတဲ့ သူတို့မပါခိုင်းစေတဲ့ မြေပေါ့။ မြေကတော့ ရိုးရာဓလေ့လို့ပြောလိုက်တာနဲ့ မြေဆိုတဲ့ဟာက ပါပြီးသားပေါ့။ ဆိုတော့ ဒါကလည်း ရှောင်လွဲလို့မရတဲ့ဟာတစ်ခုဖြစ်တယ်။ လက်ရှိ ပကတိအနေအထားမှာ ဒီမှာရှိနေတဲ့ တောင်သူတွေ အားလုံးအတွက် အရေးကြီးတယ်။ တောင်သူတွေအားလုံးအတွက် အရေးကြီးသလို သူတို့နဲ့အတူတကွ ပြီးတော့ ပြည်နယ်ရဲ့ အေးချမ်းသာယာရေး၊ ငြိမ်းချမ်းရေးပေါ့နော သူတို့ရဲ့ဘဝရပ်တည်ရေးကစပေါ့ ဒါတွေက အရေးကြီးနေတော့ ဒီမှာ ဆွေးနွေးဖြစ်ကြတယ်ပေါ့” ဟု ခွန်စိုးမိုးအောင်က ဆက်ပြောသည်။

ကယား(ကရင်နီ)ပြည်အတွင်းရှိ မြို့နယ်အသီးသီးမှ တောင်သူလယ်သမားများ၊ ဌာနေတိုင်းရင်းသားများ၊ လူထုအခြေပြုအရပ်ဖက်လူမှုအသင်းအဖွဲ့များမှ ကိုယ်စားလှယ်များ၊ တစ်သီးပုဂ္ဂလနှင့် ပြင်ပလေ့လာ စုစုပေါင်း ၂၀ဝနီးပါး ဆွေးနွေးပွဲကို ပါဝင်တက်ရောက်ဆွေးနွေးခဲ့ကြောင်း သိရသည်။

spot_img
spot_img

Recent posts