spot_imgspot_imgspot_imgspot_img
Friday, March 29, 2024
spot_imgspot_imgspot_imgspot_img

လွိုင်ကော်မြို့တွင်း ညမထွက်ရနဲ့ လူ ၅ဦးထက်ပိုမစုရ အမိန့်ကို စစ်ကောင်စီ လက်အောက်ခံ ထွေအုပ်ရုံးက ထုတ်ပြန်

ကန္တာရဝတီတိုင်း(မ်)

ယမန်နေ့ (ဒီဇင်ဘာလ ၂၃ရက်နေ့) ညနေ ၅နာရီ ကျော်လောက်မှာ လွိုင်ကော်မြို့အတွင်း ည ၉နာရီကနေ မနက်၄နာရီအထိ ညမထွက်ရအမိန့်ကို စစ်ကောင်စီလက်အောက်ခံ ထွေအုပ်ရုံးကနေ ကားနဲ့ လိုက်လံကြေညာခဲ့တယ်လို့ လွိုင်ကော်မှာနေထိုင်တဲ့ ဒေသခံတွေဆီကနေ သိရပါတယ်။

လိုက်လံကြေညာတဲ့ အချက်မှာ ညမထွက်ရ အမိန့်တစ်ခု တည်းဖြစ်ပေမယ့် လူမှုကွန်ယက်စာမျက်နှာ ဆိုရှယ်မီဒီယာပေါ်မှာ ပျံ့နှံ့လာတဲ့ စစ်ကောင်စီ ထုတ်ပြန်ချက်စာရွက်အရ လွိုင်ကော်မြို့အတွင်း စုဝေးခြင်း ၊ ဟောပြောခြင်း ၊လှုံ့ဆော် ဆန္ဒပြခြင်း ၊ဖျက်ဆီးခြင်း ၊ ရုန်းရင်းဆန်ခတ်ပြုမူတာတွေကို မပြုလုပ်ဖို့နဲ့ လူ၅ဦးနဲ့အထက် လမ်းမကြီးတွေ ၊ အများပြည်သူ သွားရာ လမ်းကြား ၊လမ်းသွယ် ၊ ဥယျာဉ်၊ အများပြည်သူနဲ့ သက်ဆိုင်တဲ့နေရာတွေမှာ မစုဝေးဖို့ ဖော်ပြပါရှိပါတယ်။

ညမထွက်ရ အမိန့်ဟာ ယခင်ကတည်းက ရှိခဲ့တဲ့အတွက် လွိုင်ကော်မြို့မှာ နေထိုင်သူတွေအနေနဲ့ ညဘက်အပြင်ထွက်လေ့မရှိတော့ပေမယ့် လူ၅ဦးထက်ပိုမစုရအမိန့်အပေါ်မှာတော့ ဒေသခံတွေ စိုးရိမ်မှုရှိနေပါတယ်။

” ညမထွက်ရ အမိန့် ကတော့ မထူးဆန်းဘူး ၊ ဘယ်သူမှလည်း ညဆိုသိပ်မထွက် သလို ထွက်လို့ အပစ်ခံရသူတွေလည်းရှိနေ လို့လေ ၊ ဒါပေမဲ့ ၅ ဦးထက် စုဝေးခြင်း မပြုရန် ဆိုတာကိုတော့ စိုးရိမ်မိတယ် ၊ သူငယ်ချင်းတွေနဲ့ တွေ့နေရင်တောင် မဆီမဆိုင်ဖမ်းတာမျိုးတွေလုပ်တော့မလားလို့ တွေးမိ တယ်။ ” လို့ လွိုင်ကော်မြို့နေ ဒေသခံလူငယ်တစ်ဦးက ပြောပါတယ်။

ညမထွက်ရ အမိန့်ရဲ့သတ်မှတ်ကာလကို အတိအကျမသိရပဲ နောက်ထပ် အမိန့်တစ်စုံတစ်ရာ မထုတ်ပြန်မချင်းလို့ သာဖော်ပြထားပါတယ်။

လွိုင်ကော်မြို့အတွင်း နောင်ယားကန် အနီး စစ်ဆေးမှုတွေကိုယခင်တည်းက မကြာခဏ ပြုလုပ်နေပြီး ဖမ်းဆီးမှုတွေလည်းရှိခဲ့ပါတယ်။ အခုလို ၅ ယောက်ထက် ပိုမစုရဆိုတဲ့ အမိန့်ကြောင့် လွိုင်ကော်မြို့ အထင်ကရနေရာတွေမှာ လည်ပတ်မည့်သူတွေအနေနဲ့ ဖမ်းဆီးအရေးယူခံရနိုင်တယ်လို့ သုံးသပ်သူတွေလည်း ရှိနေပါတယ်။

spot_img
spot_img