spot_imgspot_imgspot_imgspot_img
Friday, March 29, 2024
spot_imgspot_imgspot_imgspot_img

လွိုင်ကော်မြို့နယ်အရှေ့ဖက်ခြမ်းမှာ ထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ရှောင်တွေ စားနပ်ရိက္ခာလိုအပ်နေ

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည် လွိုင်ကော်မြို့နယ်အရှေ့ဖက်ခြမ်းရှိ ပါလောင်းကျေးရွာဖက်မှာ ပြီးခဲ့တဲ့တစ်ပတ်ကတည်းက စစ်ကောင်စီတပ်စစ်ကြောင်းထိုးနေတဲ့အတွက် ပါလောင်း၊ ဒေါတရိုး၊ ဒေါစဲကျေးရွာရှိ ဒေသခံပြည်သူတွေက ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး ပစ္စည်း၊ စားနပ်ရိက္ခာ၊ မိုးကာ တွေ လိုအပ်နေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

“စစ်ရှောင်တွေလဲ အရမ်းခက်ခဲနေတယ် အဲ့ဖက်က မြို့ပေါ်လိုမျိုး ကြိုတင်ပြင်ဆင်မှုကမရှိတော့ပိုဆိုးတယ်။ မိုးကာလေးတောင်မရှိကြဘူး စားနပ်ရိက္ခာလည်း အရမ်းခက်ခဲတယ် ပြေးလာရတာ ဘားမှတောင်မသယ်နိုင်ကြဘူး ယူလာတဲ့ရိက္ခာတွေလည်း နောက်ပတ်လောက်ဆို ကုန်ပြီ။ စစ်ရှောင်ထဲမှာလည်း မီးဖွားမယ့်သူတွေလည်းရှိတယ် ကျန်းမာရေးမကောင်းတဲ့သူလည်းပါတယ်။” လို့ ဒေသခံတစ်ဦးကပြောပါတယ်။

ရှားတောဖက်ကနေ လွိုင်ကော်ဖက် ဦးတည်သွားတဲ့ အင်အား ၃၀၀ခန့်ရှိတဲ့စစ်ကောင်စီတပ်က
လွိုင်ကော်-ရှားတောလမ်းမကြီးပေါ်ရှိ ကျေးရွာဖက်ကို သေနတ်ဖောက်ပြီး စစ်ကြောင်းထိုးလာတဲ့အတွက် ဒေသခံတွေထွက်ပြေးတိမ်းရှောင်နေရတာပဲဖြစ်ပါတယ်။ကျေးရွာထဲ သေနတ်ဖောက်ပြီးဝင်ရောက်ခဲ့သလို ပါလောင်းကျေးရွာက ဒေသခံနေအိမ်တစ်လုံးကိုလည်းမီးရှို့ခဲ့ပြီး နေအိမ်၊ ဆိုင်ခန်းကို ဖောက်ထွင်းပြီး ပစ္စည်းယူဆောင်သွားတာရှိတယ်လို့ ဆိုပါတယ်။

ဇန်နဝါရီလ ၂ရက်နေ့မှာလည်း ရိက္ခာကုန်လို့ ပြန်ယူတဲ့ ဒေါတရိုး၊ ဒေါစဲ ဒေသခံ အမျိုးသားလူငယ် ၃ဦး စစ်ကောင်စီတပ်ရဲ့ဖမ်းဆီးခြင်းခံလိုက်ရပြီး လက်နောက်ပြန်ကြိုးတုတ်၊ သေနတ်နဲ့ထု၊ ပုံရိုက်ပြီး ညနေပိုင်းမှာ ပြန်လွှတ်လာတဲ့ ကိစ္စရပ်တွေကြောင့်လည်း ဒေသခံတွေက ရွာမှာ စားဖို့သောက်ဖို့ ပြန်မယူရဲကြတော့တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ တစ်ပတ်ကတည်းက လွိုင်ကော်ဖက်ကိုစစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို ကြတ်ဂူအနီးတစ်ဝိုက်မှာ KA၊ KNDF ပူးပေါင်းတပ်က ကြားဖြတ်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်က ထိခိုက်ဒဏ်ရာရရှိခဲ့သလို လက်ရှိမှာလည်း ပါလောင်းကျေးရွာဖက်ကို ရောက်ရှိနေပြီလို့ KNDF သတင်းနှင့်ပြန်ကြားရေးတာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

“တိုက်ပွဲအခြေအနေက အရင်တစ်ပတ်လောက်ကတည်းထင်တယ် တစ်ခေါက်တော့ဖြစ်တယ် အဲ့မှာစစ်ကြောင်း လွိုင်ကော်ဖက်ကိုထိုးလာတော့ KA က သူတို့ကို ပြောက်ကျားပစ်တယ်ပေါ့လေ မိုင်းဖြတ်တိုက်ခိုက်ပစ်တယ် အဲ့ဒီအချိန်မှာ သူတို့တိုက်ပွဲက ကြတ်ဂူနားမှာဖြစ်တယ် သူတို့လူ အကျအဆုံးလည်းရှိတယ် ထိခိုက်ဒဏ်ရာရတာလည်းများရှိတယ်ပေါ့လေ။ အဲ့ဒီအချိန်ပြီးတော့ စစ်ကြောင်း ၃ကြောင်းထပ်ထိုးလာတယ် ဖြစ်ပြီးနောက်တစ်ရက်မှာပေါ့လေ အင်အားက ၃၀၀ဝန်းကျင်လောက်ရှိမယ် အခုချိန်တော့ သူတို့တွေက ပါလောင်းရွာဖက်ကိုရောက်နေပြီ။”လို့ KNDF သတင်းနှင့်ပြန်ကြားရေးတာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ကရင်နီပြည်အတွင်း လွိုင်ကော်၊ ဒီးမော့ဆို၊ ဖရူဆိုမြို့နယ်တွေမှာ နေ့စဉ်တိုက်ပွဲ ဖြစ်ပွားနေသလို နှစ်ဖက်စစ်ရေးတင်းမာနေတဲ့အခြေအနေမှာရှိတဲ့အတွက် ပြည်သူတွေအနေနဲ့ ခရီးသွားလာခြင်း မပြုဖို့ KNDF ကအသိပေးထားတာလည်းရှိနေပါတယ်။

spot_img
spot_img