လွိုင်ကော်မြို့ပေါ်က ရပ်ကွက်တစ်ချို့မှာ ကိုယ်ပိုင်အုပ်ချုပ်မှု စတင်ပြုလုပ်ကြ

0
303

ကန္တာရဝတီတိုင်း(မ်)

ကယားပြည်နယ်လွိုင်ကော်မြို့ပေါ်က ရပ်ကွက်တချို့ဟာ အာဏာသိမ်းစစ်ကောင်စီက ခန့်အပ်တဲ့ အုပ်ချုပ်ရေးမှူးတွေကို လက်မခံဘဲ ကိုယ်ပိုင်အုပ်ချုပ်သွားမယ်လို့ ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။

စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလူထုလှုပ်ရှားမှု ကယားပြည်နယ် သပိတ်ကော်မတီကလည်း စစ်ကောင်စီကနေခန့်အပ်တဲ့ အုပ်ချုပ်ရေးမှူးတွေကို အသိအမှတ်မပြုဘဲ ရပ်ကွက်ကျေးရွာတွေမှာ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကို ဖွဲ့စည်းထားဖို့ တိုက်တွန်းထားပါတယ်။

ဒီးမော့ဆိုမြို့အတွင်းက ကျေးရွာတချို့လည်း ပြည်သူအုပ်ချုပ်တဲ့စနစ် ကျင့်သုံးနေကြပြီး ကျေးရွာတွေမှာ လုံခြုံရေးအတွက် ကင်းလှည့်ဆောင်ရွက်နေကြပါတယ်။

“ ရွာမှာ လုံခြုံရေးအရ ကျနော်တို့ ပြည်သူတွေက အုပ်ချုပ်တဲ့လုံခြုံရေးပေါ့။ သပိတ်ကာလအတွင်း စစ်အာဏာသိမ်းတဲ့အတွင်းမှာ လုံခြုံရေးအတွက်က ရွာရဲ့ အစီအမံနဲ့ ကျနော်တို့ဖွဲ့စည်းထားတာရှိပါတယ်။ ညပိုင်းလုံခြုံရေးအတွက် ရပ်ကွက်မှာ အဖွဲ့လိုက် ည၆နာရီကနေ မနက်၄နာရီအထိ ရွာကင်းလှည့်ပါတယ်။ လူငယ်အဖွဲ့ကို လူကြီးတွေက ကွပ်ကဲပြီးတော့ ရွာမှာ လုံခြုံရေးယူနေပါတယ် “ လို့ ရွာရပ်ဖိရပ်ဖတစ်ဦးကပြောပါတယ်။

ဖေဖော်ဝါရီလ ဒုတိယပတ်ကနေစပြီးတော့ ကျေးရွာတွေကို ညအချိန် သူစိမ်းဝင်ရောက်တာတို့ရှိခဲ့တာကြောင့် လူကြီးတွေက ကွပ်ကဲပြီးတော့ ရွာမှာ လုံခြုံရေးယူနေကြတာဖြစ်ပါတယ်။

ဒီးမော့ဆိုမြို့နယ် ထီးဖိုးကလိုးကျေးရွာမှာ နေထိုင်သူတစ်ဦးက “ လုံခြုံရေးရှိတယ် တစ်ညကို လေးယောက် ရှစ်ယောက်လောက် ရွာအဝင်အထွက်မှာ စောင့်ပေးတာတော့ရှိတယ် “ လို့ပြောပါတယ်။

လွိုင်ကော်မြို့ပေါ်မှာ ပြည်သူတွေ ဘေးကင်းလုံခြုံရေးကို အကြောင်းပြပြီး ရဲကား၊ စစ်ကားတွေ နေ့စဉ်ကင်းလှည့်နေပါတယ်။
စစ်တပ်က အာဏာသိမ်းယူခဲ့တဲ့ ဖေဖော်ဝါရီလ ၁ရက်နေ့ကစပြီး လက်ရှိအချိန်ထိ စစ်ကောင်စီက ချမှတ်တဲ့ အမိန့်တွေ လုပ်ဆောင်မှုတွေကို ပြည်သူလူထုတွေက ဆန့်ကျင်ကန့်ကွက်နေကြဆဲဖြစ်ပါတယ်။