spot_imgspot_imgspot_imgspot_img
Tuesday, March 19, 2024
spot_imgspot_imgspot_imgspot_img

လွိုင်ကော်မြို့ပေါ်မှာ လျှပ်စစ်မီးပြတ်တောက်ပါက မီတာခဆောင်မှသာ ပြန်လည်ပြင်ဆင်ပေးနေ

ကန္တာရဝတီတိုင်း( မ် )

ကရင်နီပြည် လွိုင်ကော်မြို့ပေါ်မှာ အိမ်သုံးလျှပ်စစ်မီးတွေ အကြောင်းအမျိုးမျိုးကြောင့်ပြတ်တောက်သွားရင် လျှပ်စစ်မီတာခ ဆောင်ပြီးမှ ပြန်ပြင်ပေးနေတာတွေ ရှိတယ်လို့ လွိုင်ကော်မြို့ ဒေသခံ တစ်ဦးက ပြောပါတယ်။

“မီးပျက်ရင် မီတာခတွေ ဆောင်ပြီးမှ ပြင်ပေးတယ်။ ကိုယ့်အိမ်က ပြတ်လို့ သွားပြင်ခိုင်းရင် မီတာခဆောင်ခိုင်းတာမျိုးပေါ့။” လို့ သူက ပြောပါတယ်။

၂၀၂၁ခုနှစ် ဖေဖော်ဝါရီလ စစ်တပ်အာဏာသိမ်းပြီးနောက် မကောက်ခံနိုင်ခဲ့တဲ့ မီတာခတွေကိုပါ ပေါင်းပြီး ကောက်ခံနေတာဖြစ်တယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။ မီတာခဆောင်ဖို့ လျှပ်စစ်ဝန်ထမ်းတွေကနေ သွားကြည့်တာမျိုးမဟုတ်ပဲ အိမ်ကနေ ဓာတ်ပုံရိုက်သွားပြီး သွားပြပေးဆောင်ရတယ်လို့ ဆိုပါတယ်။

အခုလို မီတာခမဆောင်ရတာ ၁၉လ အကြာမှ မီတာခ ပေါင်းပေးရတဲ့အတွက် ယူနစ်တွေများနေပြီး ကျပ်ငွေသိန်းနဲ့ချီ ပေးဆောင်ရတဲ့ မိသားစုတွေ ရှိနေပါတယ်။ ယခုလအတွင်း မီတာခသွားဆောင်ခဲ့တဲ့ လွိုင်ကော်မြို့ ဒေသခံအမျိုးသားတစ်ဦးက မီတာခ မဆောင်တာ နှစ်နှစ်ကျော်ပြီဖြစ်တဲ့အတွက် မီတာခရဲ့ တစ်ဝက်စာ တစ်သိန်းကျော်ကို ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။

“ ဘယ်လိုပဲဆောင်ဆောင် ဆောင်လို့ရတယ်။ တစ်လစာ နှစ်ထောင်၊ သုံးထောင်ပဲ ဆောင်ရင်လည်းရတယ်။ သူအဲလိုပဲပြောတယ်။ မီတာခ ဒီလောက်ကျတယ်။ ဒီလောက်ကျန်တယ် သူအဲလိုပြောပြတယ်။ တစ်ခါတည်း အကုန်လုံးဆောင်ရမယ်လို့တော့ မပြောဘူး။ ကိုယ်ဆောင်ချင်သလောက်ပဲ ဆောင်ခိုင်းတယ်။” လို့ မီတာခသွားဆောင်ခဲ့တဲ့ လွိုင်ကော်ဒေသခံ အမျိုးသားတစ်ဦးက ပြောပါတယ်။

လက်ရှိမှာတော့ လွိုင်ကော်မြို့ပေါ်က ဒေသခံတွေထဲက အနည်းအကျဉ်းလောက်သာ လျှပ်စစ်မီတာခ ဆောင်နေကြတာဖြစ်ပါတယ်။ တခြားရေမီတာခတွေလည်း လာရောက်ကောက်ယူတာတွေမရှိသလို ပေးဆောင်တာတွေလည်းမရှိဘူးလို့ ဆိုကြပါတယ်။

စစ်ကောင်စီ အာဏာမသိမ်းခင်က ကိုဗစ်ကာလအတွင်း အစိုးရကနေပြီး အိမ်သုံးလျှပ်စစ်မီတာခ ကင်းလွှတ်ခွင့်ပေးတာတွေလည်း ရှိခဲ့တဲ့အတွက် ပြည်သူတွေ မီတာခ မဆောင်ရတာ နှစ်နှစ်ကျော် ရှိသွားပြီဖြစ်ပါတယ်။

spot_img
spot_img