spot_imgspot_imgspot_imgspot_img
Friday, April 19, 2024
spot_imgspot_imgspot_imgspot_img

လွိုင်ကော်မြို့မှာ စစ်ကောင်စီသင်္ကြန်ပွဲပြုလုပ်ဖို့ စီစဉ်ထား

Author

Date

Category

ကန္တာရဝတီတိုင်း( မ် )

၂၀၂၃ခုနှစ် သင်္ကြန်ကို စစ်ကောင်စီယန္တာရားလည်ပတ်နေတဲ့ လွိုင်ကော်မြို့နယ်က မြို့နယ်ခန်းမနဲ့ အစိုးရ ဌာနဆိုင်ရာ ရုံးဝန်းတွေမှာ သင်္ကြန်မဏ္ဍပ်တွေ ဆောက်လုပ်ထားပြီး ဝန်ထမ်းမိသားစုတွေနဲ့ သင်္ကြန်ကို ပွဲစည်ကားအောင် ကျင်းပဖို့စီစဉ်ထားတယ်လို့ လွိုင်ကော် ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

“မြို့နယ်ခန်းမမှာတော့ မဏ္ဍပ်ဆောက်ထားတာတွေ့ရတယ်။ လူတွေလည်း နည်းနည်းရှိတယ်။ သူတို့ဌာနဆိုင်ရာ ဝန်ထမ်းတွေကို ဂျူတီသဘောနဲ့ အလှည့်ကျလာခိုင်းတာလားတော့မသိဘူး။ ဒါပေမယ့် အဲဒီဘက်တော့ လူသွားလူလာနည်းတယ်။ လွိုင်ကော်မြို့ရဲ့ တခြားနေရာမှာတော့ ပြင်ဆင်ထားတာ မတွေ့ရဘူး။ စစ်ဆေးပိုတင်းကျပ်လာတာမျိုးလည်းမတွေ့ရသေးဘူး။” လို့ လွိုင်ကော်မြို့ ဒေသခံ တစ်ဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၂ခုနှစ် သင်္ကြန်ကို မြို့နယ်ခန်းမ၊ ဒကစရုံးဝန်း၊ ပြည်နယ်ရဲဝန်း၊ ပြည်နယ်အစိုးရရုံးဝန်းထဲမှာ ဝန်ထမ်းမိသားစုတွေနဲ့ သိုသိုသိပ်သိပ်ပြုလုပ်ခဲ့ပါတယ်။ ဒီနှစ်မှာလည်း လွိုင်ကော်မြို့တွင်း စစ်ကောင်စီ စီစဉ်တဲ့ရေကစား မဏ္ဍပ်မရှိသလို ရပ်ကွက် ကျေးရွာမှာလည်း ရေကစားမယ့် မဏ္ဍပ်မရှိဘူးလို့ သိရပါတယ်။

စစ်ကောင်စီရဲ့ လက်အောက်ခံ ဌာနဆိုင်ရာအလိုက်ကလည်း သင်္ကြန်ကာလ စတုဒီတာတွေကျွေးမွေးဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။ လွိုင်ကော်မြို့ပေါ်မှာ နေထိုင်သူတွေကတော့ စစ်ကောင်စီပြုလုပ်မယ့် သင်္ကြန်နဲ့ပတ်သက်ပြီး စိတ်ပါဝင်စားမှု မရှိဘူးလို့ ဆိုကြပါတယ်။

“လွိုင်ကော်က သင်္ကြန်ကတော့ လူတွေ သိပ်စိတ်မဝင်စားကြဘူး။ ပိုက်ဆံရှိတဲ့လူ ပွဲလည်ချင်တဲ့လူတွေကတော့ တခြားမြို့တွေကိုသွားကြတာ ပိုတွေ့ရတယ်။ ကျန်တဲ့လူတွေကတော့ စိတ်မဝင်စားတဲ့လူနဲ့ ငွေကြေးမတတ်နိုင်တဲ့လူတွေပဲ ပိုများကြတယ်။” လို့ လွိုင်ကော်ဒေသခံတစ်ဦးက ပြောပါတယ်။

နှစ်ဆန်းတစ်ရက်နေ့ နောင်ယားကန်မှာ ငါးလွှတ်ဖို့စီစဉ်ထားသလို သက်ကြီးပူဇော်ပွဲတွေ အစိုးရရုံးမှာ အန္တာရာယ်ကင်း ပရိတ်တရားနာပွဲတွေကို စစ်ကောင်စီက ပြုလုပ်သွားဖို့ရှိတယ်လို့ ဒေသခံတွေရဲ့ ပြောကြားချက်အရသိရပါတယ်။

စစ်ကောင်စီအုပ်ချုပ်ရေးယန္တာရားလည်ပတ်နေတဲ့ ဘောလခဲမြို့ပေါ်မှာလည်း စစ်ကောင်စီက သင်္ကြန်ပွဲကျင်းပဖို့ ခန်းမဆောင်မှာ ပြင်ဆင်နေတာရှိတယ်လို့ ဘောလခဲ ဒေသခံတွေဆီကနေ သိရပါတယ်။ ဒါ့အပြင် ဖားဆောင်းဘက်မှာလည်း မဏ္ဍပ်တွေ ဆောက်ထားတာတွေတော့ ရှိနေတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၂ခုနှစ် သင်္ကြန်ကာလအတွင်း လွိုင်ကော် မြို့တွင်းတိုက်ပွဲ ဖြစ်ပွားတာတွေရှိခဲ့သလို ဒီးမော့ဆိုမြို့နယ်မှာလည်း ထိတွေ့တိုက်ပွဲပြင်းထန်ခဲ့ပါတယ်။

spot_img
spot_img

Recent posts