spot_imgspot_imgspot_imgspot_img
Friday, March 29, 2024
spot_imgspot_imgspot_imgspot_img

လွိုင်ကော်မြို့အတွင်း ကုန်ဈေးနှုန်းမြှင့်တက်မှုကြောင့် စတိုးဆိုင်တချို့ပိတ်ထားရ



CJ (ကန္တာရဝတီတိုင်း)

လွိုင်ကော်မြို့အတွင်း အခြေခံ စားသောက်ကုန်အပါအဝင် စျေးနှုန်းမြှင့်တက်လာတဲ့အတွက် စတိုးဆိုင်တချို့ပိတ်ထားရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ တချို့စတိုးဆိုင်က ကုန်ပစ္စည်းတွေကို လက်ကား မပေးနိုင်တော့ဘဲ အကန့်အသတ်နဲ့သာ ရောင်းပေးနေရပြီး ပစ္စည်းတွေ ဝယ်ရခက်လာတဲ့အပြင် စျေးနှုန်းမတည်ငြိမ်မှုကြောင့် ပိတ်ထားကြတယ်လို့လည်း ဆိုပါတယ်။

‘’ဒီနေ့ ရောင်းရငွေက မနက်ဖြန်အရှုံးဆိုတာလို ဖြစ်နေပြီ ။ စျေးတွေက ကြောက်စရာကောင်းလောက်အောင်တက်နေတာ အရာရာ နှစ်ဆကျော်လောက် ခုန်တတ်နေတော့ မရောင်းရဲသေးဘူး။ စျေးငြိမ်အောင်စောင့်ကြည့်နေရတယ်။” လို့ စတိုးဆိုင်ရှင်တစ်ဦးက ပြောပါတယ်။

စတိုးဆိုင်တချို့ ပိတ်နေရတဲ့အပြင် စျေးနှုန်းမြှင့်တက်လာမှုနဲ့ လက်ကားဝယ်ယူဖို့ ခက်ခဲလာတာကြောင့် တစ်နိုင်တစ်ပိုင် စားဝတ်နေရေးအတွက် ရောင်းချနေရတဲ့ အိမ်ဆိုင်ငယ်လေးတွေလည်း အခက်အခဲရှိလာတယ်လို့ ဆိုပါတယ်။

“ကလေးတွေလည်း မုန့်တွေလာမဝယ်စားနိုင်ကြတော့ဘူး။ စျေးတွေက တက်တော့ ဘယ်တော့စျေးက ငြိမ်မယ်မသိတော့ ဆိုင်လည်း ကြာရင်ပိတ်ရတော့မယ်။’’ လို့ အိမ်ဆိုင်ရောင်းသူတစ်ဦးကလည်း ပြောပါတယ်။

ဆန်ရိုးရိုးတစ်အိတ်ကို ယခင်က သုံးသောင်းကျော်က  ယခုအခါမှာတော့ ဆန်တစ်အိတ်ကို ၇သောင်းကျော်ကစပြီး တစ်သိန်းကျော်အထိ  ဈေးနှုန်းပြောင်းလဲမှုတွေရှိတယ်လို့ ဆိုပါတယ်။ စားသုံးဆီက တစ်ပိဿာ ၉ထောင်ကျော်ကနေ ၁၄၀၀၀ ကျပ်၊ ဆားတစ်ထုပ် ၂၅၀ – ၄၀၀ကျပ်အကြား ဝယ်ယူနေရတယ်လို့ ပြောပါတယ်။

လွိုင်ကော်မြို့အပါအဝင် ကရင်နီပြည်တွင်းရှိ မြို့အများစုမှာ ဒေသတွင်းတိုက်ပွဲကြောင့် ကုန်စည်စီးဆင်းမှုနှောင့်နှေးသလို ကုန်စျေးနှုန်းမြှင့်တက်မှုကြောင့် ဒေသခံတွေ အထူးသဖြင့် စစ်ဘေးရှောင်အတွက် အခြေခံစားသောက်ကုန်ဝယ်စားနိုင်ဖို့တောင် ငွေကြေးအခက်အခဲရှိတယ်လို့ ပြောပါတယ်။ 

spot_img
spot_img