လွိုင်ကော်မြို့ ချိကယ်ရပ်ကွက်မှာ ဖမ်းဆီးခံရသူ ၅ဦးအနက် တစ်ဦးသာပြန်လွှတ်သေး

0
1128

ကန္တာရဝတီတိုင်း(မ်)

ယမန်ည ၁၁နာရီဝန်းကျင်မှာ လွိုင်ကော်မြို့ ချိကယ်ရပ်ကွက်မှာ နေထိုင်တဲ့ လူငယ် ၅ဦးကို စစ်ကောင်စီအုပ်စုမှ အကြမ်းဖက် ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီးနောက် လူငယ်တစ်ဦးကို ပြန်လွှတ်ပေးလိုက်တယ်လို့ သိရပါတယ်။

ဖမ်းခံရတဲ့လူငယ် ၅ဦးမှာ ဘူးရယ်၊ ဆော်ရယ်၊ ဘိုဘိုအောင်၊ ဆလိုင်း၊ ကြည်ဇော်လှိုင် တို့ဖြစ်ကြပြီး ပြန်လွှတ်လာသူတစ်ဦးမှာ ဘူးရယ် ဖြစ်ကြောင်း သိရပါတယ်။

” မနေ့က ၁၀နါရီခွဲလောက်ထင်တယ် ကျတော် ကားသံကြားတော့ ထွက်ချောင်းကြည့်လိုက်တော့ ကျတော့်အိမ်တံခါးခြံကိုဝင်လာပီ အဲဒါနဲ့ ကျတော်လည်း ဘာလုပ်ရမှန်းမသိတာနဲ့ကြောက်ပြီးထွက်ပြေးလိုက်တာ အဲဒါ သူတို့ အနောက်ကနေ လိုက်ဖမ်းပါလေရော သေနတ်နဲ့လိုက်ပစ်သေးတယ် အ့နောက် မိသွားတာပေါ့။ ကျတော့်ကိုခေါ်သွားတာပေါ့ ရုံးရောက်တော့ ကျတော့်ကိုစစ်ဆေးမေးမြန်းပြီးတော့ တစ်နာရီလောက်ပဲထင်တယ် ပြန်လွှတ်တာပေါ့” လို့ ပြန်လွှတ်လာတဲ့ ဘူးရယ်ကပြောပါတယ်။

စစ်ကောင်စီအုပ်စုမှ လူအင်အား ၂၀ဝန်းကျင်ခန့်က လာရောက်ဖမ်းဆီးခေါ်ဆောင်တာဖြစ်ပြီး နေရပ်လိပ်စာအတိအကျ၊ မှတ်ပုံတင်နံပါတ်၊ ဖုန်းစစ်ဆေးတာတွေ ပြုလုပ်ခဲ့ပြီး ပြန်လွှတ်ခဲ့တယ်လို့ သိရပါတယ်။

ဖမ်းဆီးခံရတဲ့လူငယ်အနက် CDM ဝန်ထမ်းအချို့ပါဝင်ပါတယ်။

မေလ ၁၉ရက်နေ့မှာလည်း ငွေတောင်ကျေးရွာအုပ်စု၊ ဆည်မြောင်းရပ်ကွက်မှာ နေအိမ်ထဲရှိ လူငယ်၂ဦးကိုဖမ်းဆီးခေါ်ဆောင်သွားပြီး လမ်းမှာတားဆီးထားတဲ့ အတားအဆီးအကာအရံတွေကို စစ်ကောင်စီအုပ်စုမှ ဖျက်ဆီးရှင်းလင်းခဲ့သလို လမ်းသွားလမ်းလာပြည်သူတွေကိုလည်း စစ်ဆေးမေးမြန်းမှုတွေရှိခဲ့ပါတယ်။