spot_imgspot_imgspot_imgspot_img
Friday, March 29, 2024
spot_imgspot_imgspot_imgspot_img

လွိုင်ကော်အရှေ့ဘက်ခြမ်းမှာ လက်နက်ကြီး ပစ်ခတ်မှုတွေရှိနေပြီး ဒေသခံတချို့ ထိခိုက်ဒဏ်ရာရ

လဲသျို့/ကန္တာရဝတီတိုင်း( မ် )

လွိုင်ကော်အရှေ့ဘက်ခြမ်းမှာ ယမန့်နေ့ ညနေပိုင်းကစပြီး ယနေ့မနက်ပိုင်းအထိ စစ်ကောင်စီတပ်တွေဟာ  လက်နက်ကြီးတွေနဲ့ ပစ်ခတ်မှုတွေ ရှိနေခဲ့ပြီး ထိခိုက်ဒဏ်ရာရတဲ့ ဒေသခံ တချို့ ရှိနေတယ်လို့ KNDF B-14 တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။

ယမန်နေ့ကပစ်ခတ်မှုမှာ ဒေသခံနှစ်ဦး  နှစ်ဦးထိခိုက်ဒဏ်ရာရခဲ့ပြီး ဒီနေ့ ( ဇွန်လ ၂ ရက်နေ့) မှာလည်း ထိခိုက်ဒဏ်ရာရတဲ့သူ ရှိနေပေမယ့် စာရင်းအတိအကျကို မသိရသေးဘူးလို့ သူက ဆက်ပြောပါတယ်။

“ သူတို့က အိမ်ထဲမှာပဲနေကြတာ။ ပြီးတော့ သူတို့က ရွာထဲကို ထုလာတော့တယ်။ အဲ့လိုပုံစံမျိုးပေါ့နော။ သူတို့ဟိုး လွိုင်ကော်ကနေ ၁၂၀နဲ့ ပစ်လာတယ် အဲ့လို ပုံစံမျိုးပေါ့နော။ အမြောက်တပ်ကနေ။ ရမ်းသမ်းပစ်လို့ ရွာထဲကျတာ။ ရွာထဲကျလို့ သူတို့ ထိတာ။ တချို့က ပြေးလို့ မမီသေးတဲ့ လူတွေရှိတယ် အဲ့လိုမျိုးပေါ့နော။ “ လို့ ၎င်းက ဆက်ပြောပါတယ်။

မေလ ၃၁ရက်နေ့က အင်အား ၁၀၀ ဝန်းကျင်ရှိတဲ့ စစ်ကောင်စီတပ်ဟာ လွိုင်ကော်အရှေ့ဘက်ခြမ်းရှိ လင်ဖုံး၊ ကျိုင်းတုံကျေးရွာအနီးကိုစစ်ကြောင်းထိုးလာခဲ့တာဖြစ်တယ်လို့ KNDF B-14က ထုတ်ပြန်ထားပါတယ်။

စစ်ကြောင်းထိုးလာပြီး တစ်ရက်အကြာမှာ လွိုင်ကော်မြို့နယ်မှာရှိတဲ့ ခလရ ( ၅၃၀ ) တပ်ကနေ လက်နက်ကြီးတွေနဲ့ အဆက်မပြတ်ပစ်ခတ်တဲ့အတွက် ကျိုင်းတုံ၊ လင်ဖုံ ကျေးရွာ အပါအဝင် အနီးအနားက ကျေးရွာ ၅ ရွာဝန်းကျင် စစ်ဘေးရှောင်နေရတယ်လို့ ဒေသခံ တစ်ဦးက ပြောပါတယ်။

“ ဒီဘက်က တချို့တလေလည်း ရှောင်ကုန်ပြီ။ တချို့တလေလည်း ကျန်သေးတယ်။ ပြေးစရာ ငွေမရှိဘာမှရှိတဲ့လူတွေကလည်း ဒီအတိုင်းပဲနေနေရတဲ့ လူတွေကလည်း  တိုင်ပင်နေကြတုန်းလည်း ရှိတယ်။ “ လို့ ဒေသခံ တစ်ဦးက ပြောပါတယ်။

စစ်ကောင်စီစစ်ကြောင်းထိုးလာပြီး ကင်းပုန်းချနေတာရှိပေမယ့် နှစ်ဖက်ထိတွေ့တိုက်ပွဲတွေမရှိသေးပဲ စစ်ကောင်စီက လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်နေတာဖြစ်တယ်လို့ KNDF B-14 တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။

ကရင်နီပြည်မှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ထိခိုက်ဒဏ်ရာရတဲ့ အရပ်သားပြည်သူ ၁၉၈ ယောက်ရှိတယ်လို့ ကရင်နီလူမှုအသင်းအဖွဲ့များကွန်ယက် ( KCSN ) က မေလ ၂၇ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

spot_img
spot_img