spot_imgspot_imgspot_imgspot_img
Saturday, April 20, 2024
spot_imgspot_imgspot_imgspot_img

လွှတ်တော်ကိုယ်စားလှယ်အပေါ် ထားရှိတဲ့ မျှော်လင့်ချက်

Author

Date

Category

နော်ဒွေးအယ်ခူ

ဖရူဆိုမြို့နယ် အနောက်ဖက်ခြမ်းဒေသတွေမှာဆိုရင် ကယော၊ မိုနူမနော (ကော်ယော်) လူမျိုးစု အများစုနေထိုင်ကြပါတယ်။ တောင်ယာလုပ်ငန်းကိုသာ အဓိက လုပ်ကိုင်စားသောက်ကြပါတယ်။

လက်ရှိမှာတော့ လမ်းပန်းဆက်သွယ်ရေး ယခင်ကထက်တော့ ကောင်းမွန်လာတယ်လို့ဆိုရမှာပဲဖြစ်ပါတယ်။ သို့သော်လည်း မြို့နဲ့အလှမ်းဝေးလွန်းတဲ့ ကျေးလက်ရွာတွေမှာဆိုရင် လမ်းပန်းဆက်သွယ်ရေးမကောင်းသေးပါဘူး။

ဒါ့ကြောင့် ကျေးရွာတာဝန်ရှိသူတွေက သက်ဆိုင်တဲ့ လွှတ်တော်ကိုယ်စားလှယ်တွေကို လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်ဖို့ အများဆုံးတောင်းဆိုကြတယ်လို့ သိရပါတယ်။

လမ်းပန်းဆက်သွယ်ရေးကောင်းမှ ဌာနဆိုင်ရာ၊ လွှတ်တော်ကိုယ်စားလှယ်တွေ ကျေးရွာအထိ ကွင်းဆင်းကြည့်ရှုနိုင်မှာဖြစ်ပြီး လိုအပ်ချက်တွေကို ပိုမို တင်ပြနိုင်မယ်လို့ ဒေသခံအများစုက ပြောဆိုကြပါတယ်။

အဲလို လမ်းပန်းဆက်သွယ်ရေးမကောင်း၊ ဆက်သွယ်ရေးခက်ခဲတာကြောင့် ကျေးရွာဒေသခံအများစုမှာ တခြားနေရာကို ရွေ့ပြောင်းသွားကြတဲ့သူတွေရှိတယ်လို့ သိရပါတယ်။

“ကျတော်တို့လူမရှိတဲ့ခါကျတော့ ဖွံ့ဖြိုးရေးမရှိတော့ မတိုးတက်တော့ဘူးပေါ့ ဒီအတိုင်းပဲနောက်ကျတယ် အခြားရွာကလည်း မီးအကုန်လုံးရပြီဆက်သွယ်ရေးအကုန်လုံး အဆင်ပြေသွားပြီ” လို့ ဒေါလာစောအုပ်စုထဲက ယိုပရားကျေးရွာရဲ့ အုပ်ချုပ်ရေးမှူး ဦးဟဲအီက ပြောပါတယ်။

ဖရူဆိုမြို့အနောက်ဖက်ခြမ်းဒေသမှာ ဒိုမိုစောအုပ်စုအထဲတွင် ကျေးရွာ ၇ ရွာ၊ ဟိုယာအုပ်စုတွင် ၈ ရွာ၊ ရာဧပရားအုပ်စုတွင် ၅ ရွာ၊ မိုဆိုအုပ်စုတွင် ၆ရွာ၊ ဒေါလာစောအုပ်စုတွင် ၈ ရွာ ရှိတဲ့အတွက် အုပ်စု ၅ ခုနဲ့ ကျေးရွာစုစုပေါင်း ၃၄ ရွာရှိပါတယ်။

လမ်းပန်းဆက်သွယ်ရေးအပြင် မီး၊ ရေ စတဲ့အရာတွေကို ကျေးရွာအများစုက တောင်းဆိုထားကြပါတယ်။ ကျေးရွာအများစုများမှာတော့ လက်ရှိအချိန်ထိ ဆိုလာမီး ကိုသာ အသုံးပြုနေရပါတယ်။

လွတ်တော်ကိုယ်စားတွေက ဒေသခံလူထုတွေကို ရေ၊ မီးလုပ်ပေးမယ်လို့ ပြောထားဖူးတယ်လို့လည်း မိုဆိုအုပ်စု၊ ဒေါကူလယ်ကျေးရွာမှာနေထိုင်ပြီး ဒေသခံတစ်ဦးဖြစ်တဲ့ မဇင်မာသန်းက ပြောပါတယ်။

မဇင်မာသန်းက “သူများရွာဖက်တော့မသိဘူး။ ကျမတို့ရွာမှာဆိုရင် ရေ၊ မီးတွေလုပ်ပေးမယ် အဲလိုပြောတယ် မီးတွေခါကျလည်း ရွာအဆုံးထိလည်းမရောက်ဘူးပေါ့နော” လို့ ပြောပါတယ်။

တချို့ကျေးရွာအနေနဲ့ လမ်းပန်းဆက်သွယ်ရေးအဆင်ပြေပေမယ့်လည်း ကျန်းမာရေးဝန်ထမ်းက အချိန်ပြည့် ကျေးလက်ဆေးခန်းမှာ မရှိတာကြောင့် အခက်ကြုံတယ်လို့ ဒိုမိုစောအုပ်စု၊ ခါးဘယ်ကျေးရွာက ဦးဒိုးအီက ပြောပါတယ်။

“တစ်ခါတလေဆရာမတို့ကအချိန်ပြည့်မနေနိုင်ဘူး။ တစ်လမှာတစ်ပတ်လောက်ပဲနေလိုက် တစ်ရက်နှစ်ရက်ပဲနေလိုက် အဲလိုပဲလာနေပြီးတော့မှ ခနနေ ဆေးဝယ်မယ်ဆိုပြီး အကြောင်းပြပြီးပြန်သွားတယ်။ ကလေးဝမ်းလျှောဝမ်းပျက်ဖြစ်တယ် ခေါင်းကိုက် နှာစေး ချောင်းဆိုဖြစ်ရင် ကျတော်တို့က ဆရာမကိုသွားရှာတဲ့အချိန်မှာ အခက်အခဲဖြစ်တာပေါ့” လို့ ဆိုပါတယ်။

ဖရူဆိုမြို့နယ်တွင် လွှတ်တော်ကိုယ်စားလှယ် ၅ ဦးရှိပြီ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် တစ်ဦး၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် နှစ်ဦး၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် နှစ်ဦး ဖြစ်ပါတယ်။

ဖရူဆိုမြို့အနောက်ဖက်ခြမ်းဟာ မဲဆန္ဒနယ်အမှတ် (၂) ဖြစ်ပြီး ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်ထွန်း (နော်အီ) ရဲ့ မဲဆန္ဒနယ်ဖြစ်ပါတယ်။

ကျေးရွာဒေသခံအများစုဟာ ၎င်းတို့ရဲ့ လွှတ်တော်ကိုယ်စားလှယ်က ဒေသအတွင်း ကွင်းဆင်းကြည့်ရှု စစ်ဆေးဆောင်ရွက်တာတွေ အားမရဘူးလို့ သုံးသပ်ပြောဆိုထားပါတယ်။

၂၀၁၅ရွေးကောက်ပွဲမှာ လွှတ်တော်ကိုယ်စားလှယ် စည်းရုံးရေးဆင်းတဲ့တချိန်လောက်သာ တွေ့ရတယ်လို့ ဦးဒိုးအီက ၎င်းရဲ့တွေ့ရှိချက်ကို ဆက်ပြောပါတယ်။

“ကျေနပ်အားရမှုမရှိဘူးဆိုတာက လွှတ်တော်ကိုယ်စားလှယ်တွေက မဲပေးပြီးတာနဲ့ လုံးဝလာမကြည့်တော့ဘူး စည်းရုံးရေးလည်းလာမဆင်းတော့ဘူး ဘာတွေလိုအပ်လဲလည်းလာမမေးတော့ဘူး။ ကျတော်တို့မှာ လိုအပ်တာတွေရှိတယ်။ ဒါပေမယ့် ဘယ်ကိုတင်ရမှာ ဘာကိုပြောရမလဲဆိုတာလည်း မသိတော့ဘူး” လို့ ဆိုပါတယ်။

လူထုအတွက် တကယ်လိုအပ်တဲ့ အရာတွေကို မဆောင်ရွက်ပေးနိုင်တာတောင်မှ အနည်းဆုံး အားပေးစကားနှစ်သိမ့်မှုကို မျှော်လင့်တယ်လို့ ဆိုပါတယ်။

လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်ထွန်းကလည်း ၎င်းမဲဆန္ဒနယ်အတွင်း လမ်းပန်းဆက်သွယ်ရေး၊ ရေ၊ မီး စသဖြင့် ကွင်းဆင်းကြည့်ရှုနေတာကြောင့် ဒေသခံတွေနဲ့ထိတွေ့ဖို့ အားနည်းနေသေးတာဖြစ်တယ်လို့ ကန္တာရဝတီတိုင်း(မ်)မှ ဆက်သွယ်မေးမြန်းရာမှာ ပြန်ဖြေကြားခဲပါတယ်။

၎င်းက “ ကျတော်ကတော့ ကွင်းဆင်းတာတော့များပါတယ်။ အစိုးရနဲ့ပတ်သက်တဲ့လုပ်ငန်းတွေ လိုက်ကြည့်တာပေါ့။ သူတို့နဲ့တွေ့ဖို့တော့အချိန်မပေးနိုင်ဘူး။ ဟုတ်ပါတယ် သူတို့ပြောတာမမှားပါဘူး” လို့ ဖြေရှင်းထားပါတယ်။

ဟိုယာအုပ်စု၊ ဒေါရောက်(အောက်) ကျေးရွာမှ ဦးရောကိုကလည်း “မလာဘူး။ အရင်က တစ်ခါနှစ်ခါတွေ့တာက လမ်းသွားကြည့်တယ်ပြောပြီးမှ ကြည့်ရုံလောက်ပဲ အကောင်အထည်ဖော်တာတော့မတွေ့ရဘူး။ လမ်းဖောက်လုပ်ရမယ့်နေရာလည်း ပြတ်တောက်ပြတ်တောက်ဖြစ်နေတယ် ဘာဖြစ်လို့လဲဆိုရင် ကွင်းဆင်းတာ တိတိကျကျမရှိလို့ လုပ်ငန်းတွေ ကြန့်ကြာခဲ့တာပေါ့ အဲလိုမျိုးဖြစ်နေတယ်”” လို့ လွှတ်တော်ကိုယ်စားလှယ်ရဲ့ ကွင်းဆင်းကြည့်ရှုမှုကို ဝေဖန်ထားပါတယ်။

လွှတ်တော်ကိုယ်စားလှယ်တွေက သူတို့ရဲ့မဲဆန္ဒနယ်အလိုက် ကွင်းဆင်းကြည့်ရှုတဲ့အခါ တချို့က အားရကျေနပ်မှုမရှိပေမယ့် မိုဆိုအုပ်စု မော်သီသိုကျေးရွာမှ ဒေါ်ဇူဇယ်နာက အားရကျေနပ်မှုရှိတယ်လို့ ဆိုပါတယ်။

၎င်းက “ အများအားဖြင့် ကျမတို့နဲ့အမြဲရင်းနှီးနေတာက ဒေါ်လွီးဇာပေါ့ ဘာတွေလိုအပ်သလဲဆိုရင် ကျမကိုတိုင်ပင်ပါ ဆွေးနွေးပါ အဲလိုမျိုးတွေ အမြဲတမ်းထိတွေ့တယ် ရင်းရင်းနှီးနှီးတင်ပြခွင့်ရတာပေါ့နော” လို့ ပြောပါတယ်။

ဖရူဆိုမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးပဲ့ဒူကို အခုလို ဒေသခံတွေ တင်ပြတောင်းဆိုနေတဲ့အကြောင်းကို ဆက်သွယ်မေးမြန်းတဲ့အခါမှာတော့ ကျေးရွာဖက်မှာ ကွင်းဆင်းကြည့်ရှုတဲ့အခါ လမ်း၊ တံတား၊ ရေ၊ မီး၊ လျှပ်စစ် စသဖြင့် ဒေသခံအများစုက တောင်းဆိုတင်ပြကြတယ်လို့ လည်းပြောပါတယ်။

အဲဒီကိစ္စနဲ့ပတ်သက်ပြီး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးပဲ့ဒူက လူထုတောင်းဆိုချက်အရ ဆောင်ရွက်ပေးရမယ့်ကိစ္စကို လုပ်ဆောင်ပေးနေသလို လုပ်သင့်လုပ်ထိုက်တာကို ကြိုးစားနေတယ်လို့ ဆိုပါတယ်။

“ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဆိုတော့ တစ်မြို့လုံးကို ပတ်သွားနေရတာ။ မသွားပါဘူး အားနည်းနေတယ်ဆိုတာကတော့ အဲဒါတော့ ပြောနေတဲ့ ပုဂ္ဂိုလ်ကတော့ မမြင်လို့ပဲ ပြောတာဖြစ်မယ်။ တစ်ယောက်ယောက်က ကြံဖန်ပြီးပြောတာဖြစ်နိုင်တယ်လို့မြင်ပါတယ်။ ပြည်သူတွေက လွတ်လွတ်လပ်လပ်တွေးခေါ်ပိုင်ခွင့်ရှိပါတယ်” လို့ ပြန်လည် ဖြေရှင်းပြောဆိုထားပါတယ်။

ဒီနှစ်အတွင်းမှာလည်း လမ်းပန်းဆက်သွယ်ရေးအတွက် သိန်းပေါင်းနှစ်သောင်းကုန်ကျပြီး ဆောင်ရွက်မယ့်လုပ်ငန်းစဉ်ကို လျာထားတယ်လို့ ဆိုပါတယ်။

ကျေးရွာအတွင်း ကွင်းဆင်းကြည့်ရှုတဲ့အခါ တချို့ဒေသခံတွေက တောင်းဆိုချက်များသလို လွှတ်တော်ကိုယ်စားလှယ်ကို တင်ပြတောင်းဆိုဖို့ မပြောရဲကြတဲ့ ဒေသခံအများအပြားရှိတယ်လို့ ၎င်းရဲ့တွေ့ရှိချက်ကိုပြောပါတယ်။

ဒေသခံအများစုကတော့ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ ကွင်းဆင်းကြည့်ရှုမှုကနေတဆင့် သူတို့ရဲ့ဒေသ ဒီထက်မက ပိုမိုဖွံ့ဖြိုးတိုးတက်စေလိုတဲ့ စိတ်ဆန္ဒရှိကြပါတယ်။ ကျေးရွာဖွံ့ဖြိုးတိုးတက်စေဖို့အတွက် အစိုးရကိုယ်တိုင်မလုပ်နိုင်ရင်တောင်မှ NGO အဖွဲ့အစည်းများ ဝင်ရောက်နိုင်ရင်တော့ အထောက်အကူပြုစေတယ်လို့ ဆိုကြပါတယ်။

လူမျိုးမစွဲ ပုဂ္ဂိုလ်မစွဲ ဒေသမစွဲဘဲ ဒေသခံလူထုရဲ့တောင်းဆိုချက် တင်ပြချက်တွေကို ကြည့်ရှုနိုင်ဖို့ မျှော်လင့်ချက်ထားကြတယ်လို့ ဒေသခံတွေကပြောပါတယ်။

“လွှတ်တော်ကိုယ်စားလှယ်တွေကို အဓိက ဒီဒေသတွေကိုဖွံ့ဖြိုးတိုးတက်ဖို့။ အဖက်ဖက်ကနေ တိုးတက်အောင်လုပ်ပေးရင် အဆင်ပြေမယ်လု့ိပြောချင်တာပေါ့နော”

ဒေါကူလယ်ကျေးရွာမှာနေထိုင်ပြီး ဒေသခံတစ်ဦးဖြစ်တဲ့ မဇင်မာသန်းက သူမရဲ့ မျှော်လင့်ချက်ကိုပြောသွားတာဖြစ်ပါတယ်။

spot_img
spot_img

Recent posts