spot_imgspot_imgspot_imgspot_img
Friday, March 29, 2024
spot_imgspot_imgspot_imgspot_img

လွှတ်မြောက်လာတဲ့တောင်သူတွေ ဘယ်မြေပေါ်မှာလုပ်ကိုင်စားရမလဲ

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

စစ်တပ်ကနေ ကယား(ကရင်နီ) ပြည်နယ်အတွင်း တရားစွဲထားတဲ့ တောင်သူတွေကော၊ စက်သမားတွေကော၊ တောင်သူအရေးလုပ်ရှားတဲ့ လူငယ်တွေဟာဆိုရင် အခုချိန်မှာ ထောင်ဒဏ်နဲ့ ငွေဒဏ်အမိန့်ချမှတ်ခံလိုက်ရပြီး ချုပ်ရက်နဲ့ ခံစားခွင့်နုတ်လိုက်ရာမှာ မတ်လ ၁၃ ရက်နေ့က ပြန်လည်လွတ်မြောက်လာခဲ့ကြပါပြီ။

မတ်လ ၁၃ ရက်နေ့ ဒီးမော့ဆိုမြို့နယ် တရားရုံးမှာတော့ ပုဒ်မ ၄၄၇ နဲ့ တရားစွဲဆိုခံရတဲ့ တောင်သူတွေကို ဦးဆုံး အမိန့်ချခဲ့ပါတယ်။ ထောင်ဒဏ် ၁၅ရက်ကျခံရမှာဖြစ်ပြီး ထောင်ဒဏ်မကျခံပါက ငွေဒဏ်တစ်သောင်း ဒဏ်ငွေ ဆောင်ရမည်လို့ အမိန့်ချမှတ်လိုက်ပါတယ်။

ပုဒ်မ ၄၄၇ အမိန့်ချမှတ်အပြီး တရားရုံးကနေ ဦးဆုံး အပြင်ထွက်လာခဲ့တဲ့ တောင်သူတွေဟာ အမျိုးသမီးတွေ အများစုဖြစ်ကြပြီးတော့ မျက်နှာမရွှင်မပျနဲ့ဝမ်းနည်းလျက်ထွက်လာခဲ့ကြပါတယ်။ အဲဒီအချိန်မှာ ပုဒ်မ အမျိုးမျိုးစွဲခံရတဲ့ တောင်သူတွေကတော့တရားရုံးမှာ ကျန်ရှိနေပါသေးတယ်။

အရင်ဆုံးထွက်လာခဲ့ကြတဲ့ တောင်သူအမျိုးသမီးတွေ သူတို့ရဲ့ခံစားချက်ကို မေးကြည့်လိုက်ပါတယ်။ အကြောင်းကတော့ သူတို့ရဲ့ တောင်ယာမြေကိစ္စနဲ့ပတ်သက်လို့ တရားရုံးကနေ အမိန့်ချမှတ်တဲ့အထဲမှာ ဘာမှ မသိရတဲ့အတွက် သူတို့မြေကိစ္စ ပြန်ပေးလား ၊ မပေးဘူးလားဆိုတဲ့ အကြောင်းအရာတွေ ဘယ်မြေပေါ်မှာ လုပ်စားရမလဲဆိုတာတွေ မကြားရလို့ ဝမ်းနည်းနေတာဖြစ်တယ်လို့ ပြောပါတယ်။

ပုဒ်မ ၄၄၇ နဲ့တရားစွဲခံရပြီးတော့ ငွေဒဏ် တစ်သောင်းပေးဆောင်လိုက်တဲ့ ဒေါ်ကလော်မာ ထောင်မကျသော်ငြားလည်း မြေယာမရှိရင် လုပ်စားစရာမရှိလို့ မပျော်ဘူးလို့ သူမရဲ့ ခံစားချက်ကို အခုလိုပြောပါတယ်။

ဒေါ်ကလော်မာက “ဟို့ခုနက သူပြောတဲ့အထဲမှာ မြေပြန်လုပ်စားလို့ရတယ်ဆိုတာတွေလည်း ပါမှမပါဘူး။ ကျမတို့ကို လုံးဝလုပ်မစားခိုင်းဘူးဆိုလည်း တခြားသွားလုပ်စရာပါမှမရှိဘူး။ ဒီနေရာလည်းပဲရှိတာ ဟိုအဖိုးအဖွားလက်ထဲကတည်းကပဲရှိခဲ့တာကို အခုချိန်ထိစားနေတုန်းပဲ။ တခြားလယ်တွေလည်းမရှိဘူး။ ဘာဆိုဘာမှမရှိဘူး။ အကုန်လုံးကုန်နေပြီ။”လို့ အခုလို ရင်ဖွင့်စကားပြောဆိုလိုက်ပါတယ်။

ဒေါ်ကလော်မှာတို့ မိသားစုအနေနဲ့ လုပ်စားနေတဲ့ တောင်ယာခန့်မှန်းခြေ ဧက ၂၀ ကျော်လောက်ကို စစ်တပ်က သိမ်းခံရတာလို့ ဆိုပါတယ်။

အခုလို ပစ်ဒဏ်ချမှတ်တာခံလိုက်ရပေမယ့်လည်း ဒီမြေယာကိုပဲ အားကိုးအားထားနေကြရတာဖြစ်လို့ ပြန်လည်လုပ်စားဖို့ လိုအပ်တယ်လို့ ပုဒ်မ ၄၄၇ နဲ့တရားစွဲခံရပြီးတော့ ငွေဒဏ် တစ်သောင်းပေးဆောင်ခဲ့ရတဲ့ ဒေါ်ပလျားမြာကတော့ အခုလိုပြောပါတယ်။

ဒေါ်ပလျားမြာ “ကျမတို့ရဲ့တောင်ယာမြေအဟောင်းကိုပဲ ဆက်ပြီးလုပ်ကိုင်စားသောက်ချင်ပါတယ်။ တစ်သက်လုံးဒါပဲလုပ်ကိုင်စား သောက်လာတာကိုး” လို့ပြောပါတယ်။

အမတ (၃၆၀) တပ်ရင်းကနေ ဒီးမော့ဆိုမြို့နယ် ဒေါဆိုရှေးတောင်သူတွေ၊ စက်သမားအပါအဝင် ဒီးမော့ဆိုမြို့နယ် တရားရုံးမှာ ၁၉ ဦးကို ပြည်သူပိုင်ပစ္စည်းကာကွယ်ရေးဥပဒေ ပုဒ်မ၆/၁ နဲ့ ရာဇသတ်ကြီးပုဒ်မ ၄၄၇ (ပိုင်နက်ကျူးကျော်မှု)တွေနဲ့ စွဲဆိုခဲ့တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၉ခုနှစ် စိုက်ပျိုးရာသီချိန်က ဒေါဆိုရှေးတောင်သူတွေကို ၎င်းတို့ရဲ့ မိရိုးဖလာလက်ထက်က စိုက်ပျိုးလုပ်ကိုင်လာကြတဲ့ တောင်ယာမြေကိုထွန်ယှက်စိုက်ပျိုးရာမှ အမတ စစ်တပ်ကနေ ၎င်းတို့ရဲ့ တပ်ပိုင်မြေထဲ ဝင်ရောက်ကျူးကျော်စိုက်ပျိုးတယ်ဆိုပြီး တောင်သူတွေကို တရားစွဲခဲ့တာဖြစ်ပါတယ်။

အခုလို တရားစွဲဆိုခံရပြီးတော့ အချုပ်ထဲကနေ လွှတ်မြောက်လာကြတဲ့အတွက် ဝမ်းမြောက်ဝမ်းသာရှိနေကြပေမယ့်လည်း ရှေ့လျှောက် တောင်သူတွေရဲ့ တောင်ယာမြေကို ပြန်ပေးဖို့ရှိမရှိဆိုတာကလည်း သိချင်နေကြပါတယ်။

သားဖြစ်သူ ဦးငါးရယ်ကို စစ်တပ်က ပုဒ်မ ၆/၁ နဲ့ ပုဒ်မ ၄၄၇ တရားစွဲခံရတဲ့အထဲ ပါရှိတဲ့ ဒီးမော့ဆိုမြို့နယ် ဒေါဆိုရှေးရွာမှ ဖခင်ဖြစ်သူ ဦးလီးဖဲက အခုလို သားလွှတ်မြောက်လာတာ ဝမ်းသာမိတဲ့အကြောင်းနဲ့ မြေယာ ပြန်လည်ပေးခြင်းရှိမရှိ သိချင်ကြောင်း ပြောပါတယ်။

ဦးလီးဖဲက “ကျနော်တို့ရွာက ဘာနဲ့သွားအလုပ်လုပ်ရမလဲ သူတို့ပြန်ပေးဖို့ရှိမရှိ အဲဒီလို မေးကြည့်ချင်တာလေးနော်။ ပြန်ပေးဖို့ရှိလားမရှိဘူးလားဆိုတာလည်း မပြောတတ်တော့ဘူး။ အခုလိုထွက်လာရတာတော့ အရမ်းဝမ်းသာတာပေါ့ တနေ့လုပ်လည်း တနေ့စားလုပ်ရတော့မှာပေါ့။” လို့ ပြောပါတယ်။

အခုလို ပစ်ဒဏ်ချမှတ်လိုက်ပေမယ့်လည်း တောင်သူတွေဘက်က လုပ်ကိုင်စားသောက်စရာမြေနေရာမရှိလို့ ဒီမြေပေါ်မှာပဲ ဆက်လက်လုပ်ကိုင်စားသောက်နေဖို့ သက်ဆိုင်ရာအာဏာပိုင်တွေကို အသားနာခံတောင်းဆိုသွားမယ်လို့ ကိုသောမတ်က မတ်လ ၁၃ရက်နေ့က ပြန်လွှတ်လာတဲ့အချိန်မှာ ပြောပါတယ်။

“ကျနော်တို့မှာရှိတာဆိုလို့ ဒီမြေပဲရှိတာကိုး သက်ဆိုင်ရာဌာနဆိုင်ရာတွေကနေပြီး သေချာပြန်စီစစ်ပြီးတော့ တောင်သူလယ်သမားတွေကို အမြန်ဆုံးပြန်ပေးဖို့ မေတ္တာရပ်ခံပါတယ်။” လို့ ကိုသောမတ်က ပြောပါတယ်။

စစ်တပ်ကနေ ကယား(ကရင်နီ)ပြည်နယ်အတွင်း တောင်သူအားလုံးစုစုပေါင်း ၄၁ ဦးတရားစွဲထားတဲ့ကိစ္စ မတ်လ ၁၃ရက်နေ့ တစ်နေ့ထဲမှာပဲ ဒီးမော့ဆိုမြို့နယ် တရားရုံးကနေ ဒီးမော့ဆိုမြို့နယ် ဒေါဆိုရှေးတောင်သူ ၁၉ဦးကို ထောင်ဒဏ်နဲ့ငွေဒဏ်အမိန့်ချမှတ်သလို လွိုင်ကော်မြို့နယ်တရားရုံးကလည်း လွိုင်ကော်မြို့နယ်ထဲက တောင်သူ ၂၂ဦးကို ထောင်ဒဏ်နဲ့ငွေဒဏ်အမိန့်ချမှတ်ခဲ့တာဖြစ်ပါတယ်။

လွိုင်ကော်မြို့နယ်မှာတော့ အမြောက်တပ် ၃၅၆ နှင့် ခြေမြန်တပ်ရင်း ၂၅၀ တို့ကနေ့ ဒေါမူကလား၊ မြေနီကုန်း၊ သုံးမိုင်ပကြဲ ကျေးရွာနေတောင်သူတွေ၊ တောင်သူအရေး လိုက်ပါဆောင်ရွက်ပေးနေတဲ့ လူငယ်တွေ အပါအဝင် လွိုင်ကော်မြို့နယ်တရားရုံးမှာ စုစုပေါင်း ၂၂ ဦးစွဲဆိုခဲ့တာဖြစ်ပါတယ်။

အမြောက်တပ် ၃၅၆ နဲ့ခြေလျင်တပ် ၂၅၀ က တပ်မတော်အရာရှိတွေက ပိုင်နက်ကျူးလွန်မှု ပုဒ်မ ၄၄၇၊ အကျိုးပျက်စီးစေမှု ပုဒ်မ ၄၂၇၊ နိုင်ငံတော်ပိုင်ပစ္စည်းပျက်စီးစေမှု ပုဒ်မ ၆/၁၊ ဝတ္တရားနှောင့်ယှက်မှု ပုဒ်မ ၃၅၃၊ ညစ်ညမ်းစွာဆဲဆိုမှု ပုဒ်မ ၂၄၉ စတဲ့ ပုဒ်မ ၅ ခုနဲ့တရားစွဲဆိုခဲ့တာပါ။

၁၉၉၀ ဝန်းကျင်က လာရောက်အခြေချခဲ့တဲ့ အမြောက်တပ် ၃၅၆ နှင့် ခြေမြန်တပ်ရင်း ၂၅၀ တို့က ဒေါမူကလား၊ မြေနီကုန်း၊ သုံးမိုင်ပကြဲရွာမြေတွေကို တပ်စခန်းဆောက်ဖို့သိမ်းယူခဲ့တာပါ။

သိမ်းယူမြေတွေထဲက ပိုနေတဲ့မြေတွေပေါ်မှာ ဒေသခံတွေ နှစ်စဉ်ထွန်ယက်စိုက်ပျိုးရာကနေ ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်မှာ လယ်မြေတွေပေါ်မှာတပ်က ဆက်ပြီးလုပ်ကိုင်ခွင့်မပေးနိုင်တော့ဘူးလို့ပြောဆိုပြီး သိမ်းဆည်းထားတဲ့ လယ်ယာမြေတွေပေါ်မှာ အမှတ်အသားမှတ်တိုင်စိုက်တာ ခြံစည်းရိုးခတ်တာတွေကို ပြုလုပ်လာတဲ့အတွက် ဒေသခံတောင်သူတွေနဲ့ ပြသနာဖြစ်ခဲ့ကြတာဖြစ်ပါတယ်။

spot_img
spot_img

Recent posts