spot_imgspot_imgspot_imgspot_img
Thursday, March 28, 2024
spot_imgspot_imgspot_imgspot_img

လွှတ်တော်အမတ်တွေ သက်ဆိုင်ရာဌာနတွေ တောင်သူတွေကို မြေယာဥပဒေ အမြန်ချပြပေးပါ

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ဒေသခံတိုင်းရင်းသားတောင်သူတွေရဲ့ သဘောထားဆန္ဒတွေ မကောက်ခံဘဲ စက်တင်ဘာလ ၁၁ ရက်နေ့ ၂၀၁၈ ခုနှစ်က ပြင်ဆင်အတည်ပြုလိုက်တဲ့ မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများ စီမံခန့်ခွဲရေးဥပဒေကို တိုင်းရင်းသားတောင်သူလယ်သမားတွေ အပစ်ပေးအရေးယူမခံရလေးအောင် ချပြအသိပေးတာတွေ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်တွေ၊ သက်ဆိုင်ရာဌာနဆိုင်ရာတွေ အစိုးရတွေက အလျှင်အမြန်လုပ်သင့်နေပါပြီ။

အကြောင်းကတော့ အဲဒီထဲမှာ ပြင်ဆင်လိုက်တဲ့ဥပဒေတွေထဲမှာ ပုဒ်မ ၂၂ (၄)- (ခ)မှာ ဗဟိုကော်မတီ၏ ခွင့်ပြုမိန့်မရရှိဘဲ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများကိုရယူလုပ်ကိုင်အသုံးပြုလျက်ရှိသော ပုဂ္ဂိုလ်နှင့် အဖွဲ့အစည်းများသည်-

(၁) မိမိရယူလုပ်ကိုင် အသုံးပြုလျက်ရှိသော အသေးစိတ် အချက်အလက်များကို ပြည့်စုံစွာဖော်ပြပြီး မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများလုပ်ပိုင်ခွင့်၊ အသုံးပြုခွင့်ရရှိရန် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေး ဥပဒေကို ပြင်ဆင်သည့် ဥပဒေ (၂၀၁၈ ခုနှစ်) ပြဋ္ဌာန်းသည့်နေ့မှစ၍ ခြောက်လအတွင်း သတ်မှတ်ချက်နှင့် အညီ ဗဟိုကော်မတီ သို့မဟုတ် သက်ဆိုင်ရာစီမံခန့်ခွဲရေး ကော်မတီသို့ လျှောက်ထားရမည်ဆိုပြီးတော့ ပါရှိလို့ပါပဲ။

လာမည့် ၂၀၁၉ မတ်လကြရင် ဥပဒေပြင်ဆင်ပြီး ၆ လပြည့်မှာဖြစ်တဲ့အတွက် တောင်သူတွေရဲ့ လက်ထဲမှာ ဥပဒေနှင့်အညီလက်ဆုပ်လုပ်ကိုင် ပုံစံတွေရှိဖို့ သက်ဆိုင်ရာ စီမံခန့်ခွဲရေးကော်မတီထံ လျှောက်ထားခိုင်းပါတယ်။

ပုံစံတွေမရှိတဲ့တောင်သူတွေကိုတော့ (၂) ပုဒ်မခွဲငယ်(၁)အတိုင်း လျှောက်ထားဆောင်ရွက်ခြင်းမရှိလျှင် ဖြစ်စေ၊ လျှောက်ထားသော်လည်း ခွင့်ပြုမိန့်မရရှိလျှင်ဖြစ်စေ အဆိုပါ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများကို သတ်မှတ်ထားသည့် နည်းလမ်းများနှင့်အညီ သိမ်းယူခြင်း၊ ဖယ်ရှားခြင်းခံရမည်လို့ ပါရှိထားပါတယ်။

ဒါ့အပြင် (၃)ပုဒ်မခွဲငယ်(၁)ပါအတိုင်း သတ်မှတ်ကာလအတွင်း လျှောက်ထားခြင်း မရှိဘဲ အဆိုပါ မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများအပေါ်တွင် ဆက်လက်၍ ရယူလုပ်ကိုင်အသုံးပြုလျှင်သော်လည်းကောင်း၊ ယင်းသို့လျှောက်ထားသည့် အခါဗဟိုကော်မတီ သို့မဟုတ် သက်ဆိုင်ရာစီမံခန့်ခွဲရေးကော်မတီက ခွင့်ပြုရန်မသင့်သည့်အတွက် အဆိုပါ မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းပေါ်မှ ထွက်ခွာဖယ်ရှားစေရန် ညွှန်ကြားသည့် အမိန့်ကိုမလိုက်နာဘဲဆက်လက်ရယူအသုံးပြုလျှင် သော်လည်းကောင်း ဤဥပဒေအရ အရေးယူခြင်းခံရမည်လို့ ပြဋ္ဌာန်းထားပါတယ်။

အထက်မှာဖော်ပြထားတဲ့ ဥပဒေပုဒ်မတွေနဲ့ တပ်ပြီးတောင်သူတွေမှာ ဘိုးဘွားစဉ်ဆက်လုပ်ကိုင်လာပေမယ့် ပုံစံမရှိရင် သိမ်းဆည်းခံရနိုင်ပါတယ်။

ကယား(ကရင်နီ)ပြည်နယ်အတွင်းမှာနေထိုင်ကြတဲ့ တောင်သူအများစုဟာဆိုရင် ရွှေ့ပြောင်တောင်ယာစနစ်တွေနဲ့ စိုက်ပျိုးလုပ်ကိုင်ကြတဲ့အတွက် ဥပဒေက သတ်မှတ်ချက်နဲ့ အညီ ပုံစံတွေ လျှောက်ထားတာတွေ မရှိသလောက်နည်းပါးပါတယ်။ တချို့လည်း လုပ်ထားရကောင်းမှန်းမသိတဲ့ တောင်သူတွေ အများကြီး ရှိပါတယ်။

တချို့ကလည်း သက်ဆိုင်ရာဌာနဆိုင်ရာသို့ သွားရောက်မေးမြန်းလျှောက်ထားကြပေမယ့်လို့လည်း ဝန်ထမ်းများက ဂရုတစိုက်ဆောင်ရွက်ပေးတာတွေ မရှိတဲ့အတွက် လုပ်ပိုင်ခွင့်ပုံစံတွေ မရနိုင်ကြတာတွေလည်းရှိကြပါတယ်။

ကယားပြည်နယ်ရဲ့ မြေယာအသုံးချမှု ၂၀၁၆-၁ရခုနှစ် အသုံးချမှုဧကမှာဆိုရင် မြေလပ်ထားတဲ့မြေ ၈၃၉၃ဧက ၊ တောမြေရိုင်း ၄၁၃,၃၁၃ဧက နှင့် မြေရိုင်း ၄၀,၅၁၄ ဧက စုစုပေါင်း ၄၆၂,၂၂ဝ ဧက ရှိတယ်လို့ ကယားပြည်နယ် ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်း လေ့လာမှု အစီရင်ခံစာ မှာ ဖော်ပြထားပါတယ်။

ဒီအစီရင်ခံထဲက တချို့ကမှန်နိုင်ပေမယ့်လို့ အများစုကတော့ မြေပြင်မှာတော့ ဒေသခံတောင်သူတွေ ရွှေ့ပြောင်းတောင်ယာတွေ လုပ်ကိုင်စားသောက်နေကြမှာ အမှန်ပဲဖြစ်ပါတယ်။

ဒီလိုဆိုရင် အမျိုးမျိုးအဖုံဖုံပြောင်းလဲနေတဲ့ မြေယာဥပဒေတွေထဲကို တောင်သူတွေ မြေယာမဆုံးရှုံးရလေအောင် ပြည်ထောင်စု လွှတ်တော်ကိုယ်စားလှယ်တွေ သက်ဆိုင်ရာဌာနဆိုင်ရာတွေနဲ့ပေါင်းပြီးတော့ အမြန်ချပြပေးပါလို့ တိုက်တွန်းလိုက်ရပါတယ်။

spot_img
spot_img

Recent posts