spot_imgspot_imgspot_imgspot_img
Friday, March 29, 2024
spot_imgspot_imgspot_imgspot_img

ဝန်ထမ်းများ ဒေသခံများ၏ နေအိမ်တွင် နေရသောကြောင့် အဆင်မပြေ

Author

Date

Category

ကန္တာရဝတီတိုင်းမ်

ဖရူဆိုမြို့နယ်၊ ရော်ဒေါ်ခေါကျေးရွာ အခြေခံပညာ မူလတန်းလွန်ကျောင်းရှိဝန်ထမ်းများ အိမ်ရာမလုံလောက်၍ ဒေသခံများ၊ ကျေးရွာအုပ်ချုပ်ရေးမှူး၏အိမ်တွင် နေထိုင်နေကြရသည်။

̏ ဝန်ထမ်းအိမ်ရာက လိုအပ်တယ်၊ ဝန်ထမ်းအိမ်ရာမရှိတော့ ကျွန်တော်တို့ ဟိုဘက်မှာသုံးယောက်၊ အောက်ဘက်မှာနှစ်ယောက်၊ စစ္စတာကျောင်းမှာတစ်ယောက်အဲ့လိုနေရတယ်။ ဆရာ/မတွေအတွက်ကတော့ အဓိကဝန်ထမ်းအိမ်ရာကို လိုချင်ပါတယ်။ အခက်ခဲဆုံးက အဲ့ဒါဖြစ်နေတယ်။ ˝ဟု ရော်ဒေါ်ခေါကျေးရွာ မူ/လွန်ကျောင်းအုပ် ဦးအောင်ကိုလတ်က ပြောသည်။

ဆရာ/မများအားလုံးသည် ရပ်ဝေးမှဖြစ်ကြသည့်အတွက် ဝန်ထမ်းအိမ်ရာမလုံလောက်ဖြစ်နေသည်။ ထို့ကြောင့် နေရာအသီးသီးခွဲနေကြရသည်။ လက်ရှိကျေးရွာမှ ဆောက်လုပ်ပေးထားသည့် ဝါးထရံအိမ်တွင် ရပ်ဝေးမှဆရာမများနေထိုင်ကြသည်။ နေရာထိုင်ခင်းကျဉ်းကျပ်သည့်အတွက် ကက်သလစ်စစ္စတာကျောင်းနှင့် ကျေးရွာအုပ်ချုပ်ရေးမှူးနေအိမ်တွင် ကျောင်းဆရာများနေထိုင်ကြရကြောင်း သိရသည်။

ရော်ဒေါ်ခေါကျေးရွာရှိ ဆရာ၊မများနေထိုင်သည့် ဝန်ထမ်းအိမ်ရာ

̏ ဝန်ထမ်းရာအိမ်ကမလုံလောက်တဲ့အတွက်ကြောင့် ကျွန်တော်တို့အနည်းဆုံး ဝန်ကြီးချုပ်လာတုန်းက တင်သွင်းမလို့ မေ့သွားတယ်၊ ဝန်ထမ်းရာအိမ်ကအရေးကြီးတယ် တစ်နှစ်ပြီးတစ်နှစ် ဝါးတွေနဲ့ဘဲ ဆောက်ထားတယ်ကော၊ ခိုင်ခံ့မှုမရှိတဲ့အခါကျတော့ နည်းနည်းခိုင်ခံ့တဲ့ ဝန်ထမ်းရာအိမ်တွေကို နှစ်လုံးလောက် လိုအပ်တယ်။˝ ဟု ရော်ဒေါ်ခေါကျေးရွာအုပ်ချုပ်ရေးမှူး ဦးရီမောင်းဒိုကပြောသည်။

ကျောင်းဆရာများသည် ဒေသခံများ၏မိသားစုများနှင့် နေထိုင်ရသည့်အတွက် အဆင်မပြေကြောင်း သိရသည်။ ထို့ကြောင့် ဝန်ထမ်းအိမ်ရာ(တန်ဖိုးနည်းအိမ်ရာ)ဆယ်လုံးအတွက် ဘတ်ဂျက်ထပ်မံတောင်းထားကြောင်း ဖရူဆိုမြို့နယ် မဲဆန္ဒနယ်အမှတ် ၂ မှကိုယ်စားလှယ် ဦးခင်မောင်ထွန်း(ခ)နော်အီးက ပြောသည်။

̏ တစ်အုပ်စုတစ်လုံးပါ လောလောဆယ်ကျောင်းဆရာ/မတွေအတွက်ပဲ။ သူတို့က ဧည့်သည်ကနေလာတဲ့သူတွေ ဆိုတော့လေ သူများအိမ်မှာနေရင်တော့ မကောင်းဘူးပေါ့လေ။˝ ဟု ၎င်းကပြောသည်။

၎င်းဝန်ထမ်းအိမ်ရာတည်ဆောက်ရေးကို ဦးခင်မောင်ထွန်း(ခ)နော်အီးမှ တာဝန်ယူဆောက်လုပ်မည်ဖြစ်ကြောင်း ၎င်းကဆက်ပြောသည်။ 
ဝန်ထမ်းအိမ်ရာများကို ရော်ဒေါ်ခေါ၊ ထိုတိုခေါ၊ ဒိုမိုခေါ၊ ဟိုယာ၊ ခါးဘယ်၊ ဒိုးလာစော၊ ဖုကရားခူ၊ ပလဲလယ်၊ ရာဧပရားစသည့် ကျေးရွာများတွင် တစ်အုပ်စုတစ်လုံးစီ တည်ဆောက်ရန် လျာထားကြောင်း သိရသည်။

spot_img
spot_img

Recent posts