spot_imgspot_imgspot_imgspot_img
Friday, March 29, 2024
spot_imgspot_imgspot_imgspot_img

ဝန်ကြီးဖြစ်သွားတဲ့ ကိုယ်စားလှယ်နဲ့ ဝန်ကြီးမဖြစ်တဲ့ကိုယ်စားလှယ်

Author

Date

Category

နာနော

ပြီးခဲ့တဲ့ ၂၀၁၆တုန်းက လွှတ်တော်ကိုယ်စားလှယ်တော်တွေ အချင်းချင်း တွေ့ဆုံပွဲတစ်ခုမှာ ကိုယ်စားလှယ်တော်ကြီး တစ်ယောက်က သူ့မဲဆန္ဒမှာ ဝန်ကြီးဖြစ်သွားတဲ့သူ တစ်ယောက်မှမပါလို့ဆိုပြီး စောဒက တက်ခဲ့ဖူးပါတယ်။

အခုလည်း ကိုယ်စားလှယ်တော်တစ်ချို့ဟာ ငါတို့ကိုလည်း ဝန်ကြီးရာထူးမပေးဘူးဆိုပြီး စိတ်မချမ်းမသာဖြစ်ကြပြီးတော့ လက်ရှိလွှတ်တော်ကိုယ်စားလှယ်ရဲ့ တာဝန်တွေ၊  လုပ်ပိုင်ခွင့်တွေပါ လစ်ဟင်းလာကြတယ်။

အဲဒီတော့ ကယားပြည်နယ်မှာ ရှိတဲ့ လွှတ်တော်ကိုယ်စားလှယ်တစ်ချို့ရဲ့အမြင်၊ အတွေး(Mind-set)ထဲမှာ “ ဝန်ကြီးဖြစ်မှ၊ အလုပ်ဖြစ်တယ်လို့”ထင်ကြ၊ မြင်ကြတယ်။

တစ်ဖက်တစ်လမ်းကနေကြည့်ရင် ဟုတ်ကောင်းဟုတ်လိမ့်မယ်။ရာနှုန်းပြည့်တော့ မမှန်ပါဘူး။ ဘာလို့လဲ?ပြည်နယ်ဝန်ကြီး (သို့မဟုတ်) ဝန်ကြီးချုပ် ဖြစ်သွားတဲ့ ကိုယ်စားလှယ်ဟာ အလိုအလျှောက် ကိုယ်စားလှယ် အဖြစ်ကနေ နုတ်ထွက်သွားတာ မဟုတ်ပါဘူး။

ကိုယ်စားလှယ်လည်း ဖြစ်သေးတယ်၊ ဝန်ကြီး ဆိုတဲ့ တာဝန်ကြီးကိုလည်း ထမ်းဆောင်ရသေးတယ်။ ဖားတစ်ပိုင်း၊ ငါးတစ်ပိုင်းပေါ့။

ဝန်ကြီးမဖြစ်တဲ့ ကိုယ်စားလှယ်တွေကတော့ မိမိမဲဆန္ဒနယ်အတွက်ပဲ အဓိကထားပြီး အလုပ်လုပ်ရတယ်။ ကိုယ်စားလှယ်တစ်ပိုင်း ဝန်ကြီးတစ်ပိုင်းဖြစ်သွားတဲ့ သူကတော့ မိမိမဲဆန္ဒနယ် အတွက်ရော တစ်ပြည်နယ်လုံးအတွက်ပါ အလုပ်လုပ်ရတယ်။

ဝန်ကြီးမဖြစ်တဲ့ ကိုယ်စားလှယ်က တာဝန်တွေ၊ လုပ်ပိုင်ခွင့်တွေ ပိုနည်းတယ်ဆိုပေမဲ့ ဧရိယာ ပိုကျဉ်းတော့ အလုပ်လုပ်ရတာ ပိုလွယ်ကူတာပေါ့။ တစ်နည်းအားဖြင့် ဝန်ကြီးမဖြစ်တဲ့ ကိုယ်စားလှယ်ဟာ ပြည်သူ၊ မဲဆန္ဒရှင်တွေနဲ့ ပိုပြီးနီးနီးကပ်ကပ်နေရတယ်။

ဥပမာ မိမိမဲဆန္ဒနယ်အတွက် တစ်ရွာဝင် တစ်ရွာထွက်ပြီး အလုပ်လုပ်ပေးရတဲ့အခါမှာ ဝန်ကြီးမဖြစ်တဲ့ ကိုယ်စားလှယ်တွေက အချိန်တွေ အများကြီးပေးနိုင်ပြီးတော့ ဝန်ကြီး တစ်ပိုင်း ဖြစ်သွားတဲ့ ကိုယ်စားလှယ်တွေကတော့ အချိန်အများကြီး ပေးနိုင်မှာ မဟုတ်ပါဘူး။ ဒါက ဝန်ကြီးမဖြစ်တဲ့ ကိုယ်စားလှယ်တွေရဲ့ အားသာချက်တစ်ချက်ပါ။

ဝန်ကြီးဖြစ်သွားတဲ့ ကိုယ်စားလှယ်က လုပ်ပိုင်ခွင့်ပိုရှိတာပေ့ါလို့ပြောရင်လည်း ဟုတ်ပါတယ် လုပ်ပိုင်ခွင့် ပိုရှိပါတယ်။

ဒါပေမဲ့ သူတာဝန်ယူရတဲ့ ဝန်ကြီးဌာန တစ်ခုစာပဲ လုပ်ပိုင်ခွင့် ပိုရှိသွားတာပါ။

ဥပမာ သယံဇာတနှင့် သဘာဝပတ်ဝန်ကျင်သိမ်းရေးဝန်ကြီး ဖြစ်သွားတဲ့ ကိုယ်စားလှယ်ဟာ သူ့ဌာနအောက်မှာရှိတဲ့  လုပ်ငန်းတွေအတွက်ပဲ လုပ်ပိုင်ခွင့်ပိုရှိသွားပြီး၊ သူ့ဝန်ကြီးဌာနအောက်မှာ မဟုတ်တဲ့လုပ်ငန်းတွေ၊ မေးခွန်းကို မေးချင်ရင် လွှတ်တော်ကနေတစ်ဆင့် မေးခွန်းမေးရမှာပဲ။

တစ်ခုရှိတာက သူတာဝန်ယူတဲ့ ကိစ္စဆိုရင်တော့ သူမေးစရာမလိုတော့ဘူးပေါ့။သူ့ဌာနအောက်မှာ မဟုတ်တဲ့ လုပ်ငန်းတွေကိုတော့ ကျန်တဲ့ကိုယ်စားလှယ်နည်းတူ လွှတ်တော်ကနေမေးရမှာပဲ။

တစ်ချို့တော့ ပြည်နယ်ဝန်ကြီးတွေက လက်အောက်ကဌာနဆိုင်ရာတွေ ပြောစကား၊ တင်ပြလာတဲ့စာကိုပဲ ယုံနေပြီး တစ်ကယ့်လက်တွေ့ကွင်းဆင်းတာနည်းနေတော့ ပြည်သူတွေရဲ့အသံတွေနဲ့ ဝေးဝေးသွားတယ်။

တစ်ချို့ဝန်ကြီးတွေဆို ဟိုပွဲတက် ၊ ဒီအခမ်းအနားတက်နဲ့ပဲ အချိန်ကုန်သွားပြီး မိမိမဲဆန္ဒနယ်က မဲဆန္ဒရှင်တွေနဲ့ ဝေးသထက်ဝေးသွားတယ်။

အဲဒီတော့ ဝန်ကြီးတစ်ပိုင်းဖြစ်သွားတဲ့ ကိုယ်စားလှယ်ဟာ သူ့မဲဆန္ဒနယ်အတွက် အလုပ်လုပ်ပေးရသလို သူတာဝန်ယူထားတဲ့ ဝန်ကြီးဌာနအတွက်လည်း အလုပ်လုပ်ရမယ်။ လက်တစ်ဖက်က ကိုယ်စားလှယ်အလုပ်လုပ် ကျန်တစ်ဖက်က ဝန်ကြီးအလုပ်လုပ်ပေါ့။

ဝန်ကြီးမဖြစ်တဲ့ကိုယ်စားလှယ်တော့  သူ့မဲဆန္ဒနယ်အတွက်ပဲ အချိန်ပေး၊ မဲဆန္ဒရှင်တွေနဲ့ ပိုထိတွေ့နိုင်တော့ သူ့မဲဆန္ဒနယ်အတွက်  ပိုအလုပ်ဖြစ်သွားတာပေါ့။

နိဂုံးအနေနဲ့ ဝန်ကြီးဖြစ်သွားတဲ့ ကိုယ်စားလှယ်နဲ့  ဝန်ကြီးမဖြစ်တဲ့ ကိုယ်စားလှယ် နှစ်ဦးဟာ သူ့နေရာနဲ့သူ တန်ဖိုးရှိကြပါတယ်။

အဓိကတော့ ပြည်သူတွေအတွက်ဆိုတဲ့ စေတနာနဲ့ အလုပ်လုပ်ရင် ပြည့်စုံသွားပါပြီ။ ဝန်ကြီးဖြစ်ပြီးတော့ စေတနာလည်းမပါ၊ အလုပ်လုပ်ချင်စိတ်လည်း မရှိရင် အဆင်မပြေပါဘူး။

ကိုယ်စားလှယ်တွေလဲ ဝန်ကြီးမဖြစ်ဘူးဆိုပြီး  အလုပ်မလုပ်ရင်လည်း အဆင်မပြေပါဘူး။ ကိုယ်စားလှယ်ပဲဖြစ်ဖြစ် ဝန်ကြီးပဲဖြစ်ဖြစ် “ပြည်သူတွေအတွက်“ ဆိုတဲ့ စေတနာနဲ့ အလုပ်လုပ်ချင်စိတ်ရှိဖို့ပဲလိုတာပါ။ ဝန်ကြီးမဖြစ်တဲ့ ကိုယ်စားလှယ်ဟာလည်း သူ့မှာလုပ်ပိုင်ခွင့်တွေ၊ တာဝန်တွေအများကြီး ရှိပါတယ်။

 

spot_img
spot_img

Recent posts