spot_imgspot_imgspot_imgspot_img
Friday, March 29, 2024
spot_imgspot_imgspot_imgspot_img

ဝါရီဆူးပလိုင်ကျေးရွာမှာ တပ်စွဲနေတဲ့ စစ်ကောင်စီဟာ လက်နက်ခဲယမ်း၊ရိက္ခာတွေလည်း ပြတ်တောက်လုနီးပြီလို့ မိုးဗြဲ PDFဆို


ကန္တာရဝတီတိုင်း(မ်)

ဖေဖော်ဝါရီ လပိုင်းလောက်ကတည်းက မိုးဗြဲမြို့၊ ဝါရီဆူးပလိုင် ကျေးရွာမှာ တပ်စွဲ နေတဲ့ စစ်ကောင်စီတပ်ရဲ့ ထောက်ပို့လမ်းကြောင်းကို ပိတ်ဆို့ထားတဲ့ အတွက် လက်ရှိမှာ စစ်ကောင်စီတပ်ဟာ လက်နက်ခဲယမ်း ရရှိဖို့ အခက်အခဲရှိနေတယ်လို့ မိုးဗြဲ PDF တပ်ခွဲမှူး က ကန္တာရဝတီတိုင်း(မ်)ကို ဖြေကြားပါတယ်။

“ သူတို့က တစ်လ တစ်ခေါက် ၊ မဟုတ်ရင် နှစ်လ တစ်ခေါက် ကင်းဆင်းတာရှိတယ်ပေါ့နော။ အခုကတော့ ကြည့်ပုံ အရသူတို့ကတော့ လူတော့ အဲ့လောက် မရှိဘူးပေါ့နော ၅၀၊ ၆၀ ဝန်းကျင်ရှိမယ်။ သူတို့ အခြေအနေကတော့ နည်းနည်းတော့ ယိုင်တယ်လို့ကျနော် ထင်တယ်ပေါ့။ အရင်က သူတို့ စစ တပ်စွဲတဲ့အချိန်ဆို ည ဆို သူတို့ လျောက်ပစ်တယ်။ အခုက သူတို့ မပစ်တော့ဘူး။ ခန့်မှန်းကြည့်တာတော့ သူတို့လက်နက်လည်း ထောက်ပို့လမ်း ပိတ်သွားတဲ့ အခါကျတော့ သူတို့ လက်နက်ခဲယမ်းလည်း ရဖို့တော့ နည်းနည်း ခက်ခဲမယ်လို့ ကျနော်ထင်တယ်။ “ လို့ မိုးဗြဲ PDFတပ်ခွဲမှူး ကပြောပါတယ်။

ဇွန်လ ၂၈ ရက်နေ့မှာလည်း မိုးဗြဲ PDFကနေ မိုးဗြဲမြို့၊ ဝါရီဆူးပလိုင် ကို စစ်ဇုန် အဖြစ် သတ်မှတ်ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။ စစ်ကောင်စီတပ်ရဲ့ ထောက်ပို့လမ်းကို ပိတ်ဆို့ဖို့ နဲ့ အချိန်မရွေးတိုက်ပွဲတွေ ရှိနိုင်သလို မိုင်းထောင်ထားတာတွေ ရှိတဲ့အတွက် အခုလို စစ်ကောင်စီတပ်စွဲနေတဲ့ ဝါရီဆူးပလိုင်ကို စစ်ဇုန်အဖြစ် သတ်မှတ်လိုက်တာဖြစ်တယ်လို့ ဆိုပါတယ်။

တပ်စွဲနေတဲ့ စစ်ကောင်စီကို ရိက္ခာ ပို့ဆောင်မယ့်သူ မရှိတော့တဲ့အတွက် စစ်ကောင်စီတပ်ဟာ ရိက္ခာ ပြတ်လပ်တာတွေ ရှိနိုင်တယ်လို့ မိုးဗြဲ PDFက ဆိုပါတယ်။

“ ပြောလို့ တော့ ရပါတယ်။ အရင်တစ်ခေါက်တောင်မှ သူတို့ ဆားတို့ဆို နွားကျောင်းသားကနေ မှာရတယ်။ တစ်ပတ် ၂ရက် ၃ရက်တစ်ခေါက် ဟိုး မိုးဗြဲဖက်ကနေ ဆိုင်ကယ်နဲ့ အရပ်ဝတ်နဲ့ ပို့ပေးတဲ့ လူရှိတယ်။ အခုနောက်ပိုင်း တော့လည်း သူတို့ မပို့ရဲတဲ့ အခါကျတော့ ကျနော်ထင်တာကတော့ နန်းမယ်ခုံကနေ လွိုင်ကော်ဖက်ကနေ လာမပို့ပေးရင် သူတို့ ရိက္ခာပြတ်လပ်ဖို့တော့ ရှိတယ်ဗျ။ “ လို့ မိုးဗြဲ PDF တပ်ခွဲမှူး က ပြောပါတယ်။

ဝါရီဆူးပလိုင်ဖက်ကျေးရွာက ဒေသခံတွေဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ လပိုင်းလောက်ကတည်းက စစ်ရှောင်ခဲ့ကြပါတယ်။ ကျေးရွာထဲက ကျေးရွာနေအိမ်ရဲ့ ၈၀ရာခိုင်နှုန်းဟာ လည်း စစ်ကောင်စီကနေ မီးရှို့ ဖျက်ဆီးတာခံခဲ့ရပါတယ်။

ဝါရီဆူးပလိုင်ကျေးရွာကို လက်ရှိမှာ စစ်ဇုန် အဖြစ် သတ်မှတ်လိုက်ပြီ ဖြစ်တဲ့အတွက် ပြည်သူလူထုတွေအနေနဲ့ သွားလာခြင်း မပြုလုပ်ကြဖို့ မိုးဗြဲ PDF က ပြောဆိုထားပါတယ်။ တပ်စွဲနေတဲ့ စစ်ကောင်စီကို ကရင်နီဒေသခံ ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက မကြာခဏ သွားရောက်ပစ်ခတ်တာတွေ ရှိနေပါတယ်။

spot_img
spot_img