spot_imgspot_imgspot_imgspot_img
Saturday, April 20, 2024
spot_imgspot_imgspot_imgspot_img

ဝါရီဆူးပလိုင် ကျေးရွာမှာ တပ်စွဲနေတဲ့ စ.က.စ တပ်ကို လက်နက်ကိုင်အဖွဲ့တစ်ခုက ရိက္ခာပို့၊ ဒေသခံကာကွယ်ရေးတပ်တွေက ပစ်ခတ်မှု ဖြစ်ခဲ့

ကန္တာရဝတီတိုင်း(မ်)

မိုးဗြဲမြို့နယ် ဝါရီဆူးပလိုင် ကျေးရွာမှာ တပ်စွဲနေတဲ့ စစ်ကောင်စီ တပ်တွေကို လက်နက်ကိုင်တပ်ဖွဲ့ တစ်ခုက ရိက္ခာပို့ဆောင်ပေးနေပြီး အဒီအဖွဲ့ကို ကရင်နီဒေသခံ ကာကွယ်ရေးပူးပေါင်းတပ်တွေက ဇွန်လ ၂၈ ရက်နေ့မှာ ပစ်ခတ်ခဲ့တယ်လို့ KNDF B-03 တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။

“ကျနော်တို့ သူတို့ကို ရိက္ခာဖြတ်နေတာ တော်တော်ကြာပြီဖြစ်တဲ့အတွက် သူတို့ ရိက္ခာပြတ်လောက်ပြီ ထင်တာပဲ။ ဘာဖြစ်လို့လဲဆိုတော့ မိုးဗြဲ ၄၂၂ကလည်း အဲ့ဒီဘက်ကို သွားဖို့ အဆင်မပြေဘူးလေ။ မိုးဗြဲကြားမှာခံနေတာ ဖြစ်တဲ့အတွက်။“ လို့ KNDF B-03 တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။

အဆိုပါ စစ်ကောင်စီ တပ်ကို ရိက္ခာကူညီပေးပို့နေတဲ့ အဖွဲ့အမည်ကိုတော့ ထုတ်ဖော်ပြောဆိုထားခြင်းမရှိပါဘူး။ စစ်ကောင်စီတပ် အထင်နဲ့  မှားယွင်းပစ်ခတ် ခဲ့တာကြောင့် အဆိုပါအပစ်ခတ်ခံရတဲ့ အဖွဲ့နဲ့  ပြန်လည်ညှိနှိုင်းမှုတွေ ပြုလုပ်နေတယ်လို့ လည်းပြောပါတယ်။

“အဲ့ဒီလမ်းတစ်ကြောင်းက ကျနော်တို့ ပြည်သူတွေ သွားလို့ မရဘူး။ အဲ့တာကြောင့်မလို့ အမည်မသိ အဖွဲ့ တစ်ဖွဲ့က သွားပြီးတော့ ပို့လို့ မှားယွင်း ပစ်ခတ်မှုတွေ ဖြစ်ခဲ့တယ်ပေါ့နော။”  လို့ KNDF B-03 တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကစပြီး ဝါရီဆူးပလိုင်ကျေးရွာအတွင်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဟာ လက်ရှိမှာ ရိက္ခာတွေလည်း ပြတ်လုနီးပြီဖြစ်တယ်လို့ KNDF B-03 တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။
လက်ရှိမှာ အဲဒီနေရာကို ကရင်နီဒေသခံကာကွယရေးပူးပေါင်းတပ်ဖွဲ့ တွေစောင့်ကြည့်နေကြပြီး ဒေသခံတွေကို အသွားအလာမလုပ်ဖို့ သတိပေးထားပါတယ်။

ဝါရီဆူးပလိုင်ကျေးရွာကို စစ်ပွဲဇုန် အဖြစ် ၂၀၂၂ခုနှစ် ဇွန်လ ၂၈ရက်နေ့ကစပြီးသတ်မှတ်ကြောင်း မိုးဗြဲ PDF ကထုတ်ပြန်ထားပါတယ်။

အဆိုပါနေရာကို မည်သည့်ပြည်သူ၊ မည်သည့် အဖွဲ့အစည်းက သွားလာခြင်းမပြုကြဖို့နဲ့ မလိုက်နာပဲ သွားလာပါက မိုးဗြဲ PDF အနေနဲ့ တာဝန်ယူမည်မဟုတ်ကြောင်း ထုတ်ပြန်ချက်မှာ ထည့်သွင်းထားပါတယ်။

လက်ရှိမှာတော့ ဝါရီဆူးပလိုင်ကျေးရွာက စစ်ကောင်စီတပ်စွဲထားနေတဲ့နေရာကို ကရင်နီဒေသခံ ကာကွယ်ရေးပူးပေါင်းတပ်တွေက သွားရောက်ပစ်ခတ်တာတွေရှိပေမယ့် တိုက်ပွဲပြင်းထန်တာမျိုးတော့ မရှိဘူးလို့ ဆိုပါတယ်။

 

“ တခါတလေ ခုခံကာကွယ်ရေးတပ်ဖွဲ့ဘက်က အနီးကပ်သွားပစ်တယ်။ ပြန်လာတယ်။ အဲ့လောက်ပဲ ရှိတယ်။ အခုနောက်ပိုင်းက တိုက်ပွဲကြီးတော့ မရှိဘူးပေါ့နော။ ဒါပေမယ့် ခုနက ပြောသလိုမျိုးပဲ စစ်ဇုန်သတ်မှတ်လိုက်ပြီဆိုကတည်းက PDF က သတ်မှတ်တယ်ဆိုရင်တော့ သူတို့က ထိုးစစ်ဆင်ဖို့ ဖြစ်ကောင်း ဖြစ်လိမ့်မယ်ပေါ့နော။ ကျနော့်အမြင်ပေါ့နော။” လို့ ၎င်းက ဆက်ပြောပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလမှာ မိုးဗြဲမြို့နယ်အတွင်း စစ်ကောင်စီနဲ့ ကရင်နီဒေသခံ ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲပြင်းထန်ခဲ့ပါတယ်။ ဝါရီဆူးပလိုင်ကျေးရွာက ဒေသခံနေအိမ် ၈၀ရာခိုင်နှုန်းဟာလည်း မီးရှို့ဖျက်ဆီးခံနေရပြီး ဒေသခံတွေဟာလည်း စစ်ဘေးရှောင်နေရပါတယ်။


spot_img
spot_img