spot_imgspot_imgspot_imgspot_img
Thursday, April 18, 2024
spot_imgspot_imgspot_imgspot_img

သမီးနဲ့သမက် ပြန်အလာကို စောင့်မျှော်နေတဲ့ မိခင်

ပျောက်ဆုံးသွားတဲ့ သမီးနဲ့ သမက် ပြန်အလာကို စောင့်မျှော်နေတဲ့ ဒေါ်ကူးမယ်

ကန္တာရဝတီတိုင်း(မ်)

အသက် ၆၀ကျော်အရွယ် ဒေါ်ကူးမယ်နေ့တိုင်း ဘုရားစင်ရှေ့မှာ သမီးနဲ့ သမက် သူတို့လင်မယားနှစ်ဦး ပြန်အလာကို ဆုတောင်းနေပါတယ်။

အဆက်အသွယ်မရဘဲ ပျောက်ရှသွားတဲ့အတွက် သူ့အနေနဲ့ အခုချိန်အထိ လက်မခံနိုင်ပဲ သူတို့အိမ်ပြန်လာနိုင်ဖို့ ဆုတောင်းရင်း ပြန်လာမည့်နေ့ကို စောင့်နေရှာတယ်။

“ ဘာပြောရမလဲတော့ မသိတော့ဘူး။ သမီးနဲ့ သမက်ဘဲမျှော်နေတယ်။ ဘယ်လိုမျိုးခံစားရလဲ မသိတော့ဘူး။ နေ့တိုင်းဘုရားသခင်ဘဲ မျှော်လင့်နေတယ်။ တစ်ရက်ရက်တော့ မိဘကို ပြန်တွေ့မလားပေါ့။” လို့ မော်ကူးမယ်က ပြောပါတယ်။

သူ့ရဲ့ သမီးနဲ့ သမက်ဟာ၊ ၂၀၂၁ ဒီဇင်ဘာလ ၂၄ရက်နေ့မှာ နေအိမ်ကနေ ဖရူဆိုမြို့ဘက်ကို သီးနှံတွေ ဝယ်ရောင်းဖို့အတွက် ကားနဲ့ထွက်သွားပြီး အဆက်အသွယ်မရဘဲ ပျောက်နေခဲ့တာဖြစ်ပါတယ်။
အဲဒီနေ့က ဒေါ်ကူးမယ် သမီးဖြစ်သူနဲ့ သမက်ဖြစ်သူထွက်သွားတဲ့နေ့က ဒီဇင်ဘာ ၂၄ရက်နေ့မှာဆိုရင် ဖရူဆိုမြို့နယ်၊ မိုဆိုကျေးရွာအနီး၊ ဝါးရုံတောအနီးမှာ စစ်ကောင်စီတပ်က အရပ်သားပြည်သူ အယောက် ၄၀ လောက်ကို အစုလိုက်အပြုံလိုက် မီးရှို့သတ်ဖြတ်ခံခဲ့ရတဲ့ ဖြစ်စဉ်ဖြစ်ပွားခဲ့တဲ့နေ့ဖြစ်ပါတယ်။

ပျောက်ဆုံးနေတဲ့လင်မယားနှစ်ယောက်စလုံးက တောင်ယာလုပ်ငန်းလုပ်ကိုင်ပြီး တစ်ဖက်မှာ စားဝတ်နေရေးအတွက် ရာသီအလိုက် ပေါ်တဲ့ ကောက်သီးနှံတွေကို အရောင်းအဝယ်လုပ်ကြသူတွေလို့ ဆိုပါတယ်။

“ သမီးနဲ့ သမက်ကတော့ သူတို့တော့ မြေပဲ သွားဝယ်လေ။ မြေပဲ သွားဝယ်ပြီးတော့မှ မနက်က ၇နာရီခွဲ ၈နာရီ အဲ့လောက်ကြား ထင်တယ်။ သွားပြီးတော့မှ လူများ အခုထက်ထိ သတင်းမကြားတော့တာ။ ဘာတွေ ဘာတွေ ဖြစ်လဲ မသိတော့ဘူးလေ။ သားသမီးတွေလည်း အိမ်မှာဘဲ ကျန်တယ်လေ။ ဘား မသိတော့ဘူးကော။ လာလည်း မပြောပြဘူး။ ဘယ်သွားလဲ မပြောပြဘူး။ အဲ့မျိုးဘဲလေ။ နေ့တိုင်းကျတော့ အဲ့လိုမျိုးဘဲ လျှောက်လည်တယ်လေ။ သူတို့ အရောင်းအဝယ်အဲ့လိုမျိုးဘဲ လုပ်ပေးတယ်လေ။ သားသမီးတွေဘဲ နေခဲ့တာ သူတို့အခုထက်ထိ ဘားသတင်းမကြားဘူး။ ဘာတွေ ဘာတွေ ဖြစ်ခဲ့လဲ မသိတော့ဘူး။ ကားလည်း ပါတယ်ကော။ ”

မီးရှို့ခံထားရတဲ့အထဲမှာ သူတို့လင်မယားနှစ်ယောက်စီးသွားတဲ့ ကားနဲ့ ပြောင်း ၊ သီးနှံစတာတွေ ချိန်ခွင်ချိန်ဖို့ ယူသွားခဲ့တဲ့ က္ကတား ( ပစ္စည်းတွေရဲ့ အလေးချိန်ကို ချိန်ဖို့) လည်း ပါဝင်နေတာဖြစ်ပါတယ်။
သူတို့မှာ သားနဲ့သမီး ၃ ယောက်ကျန်ခဲ့ပြီး အကြီးဆုံးသမီးက ၁၅ နှစ် သမီးအလတ်က ၁၃ နှစ် နဲ့ အငယ်ဆုံးသားက ၁၁ နှစ် ဖြစ်ကြပါတယ်။

သားသမီးတွေကတော့ အခု အဖွားနဲ့ပဲ မှီခိုနေကြရလို့ အခက်အခဲတွေရှိနေကြရတယ်လို့ ၎င်းသားသမီးတို့နဲ့ အဒေါ်တော်စပ်သူ တစ်ဦးက ပြောပါတယ်။

“ ငွေရေးကြေးရေးကတော့ ခက်ခဲမှာဘဲ ကျမ ခဏက ပြောသလိုဘဲ ဆန်ဆိုရင်လည်း သူတို့မှာရှိတယ်။ ခက်ခဲတာကတော့ ဒီစားဖို့သောက်ဖို့ ဝယ်ခြမ်းရမယ့်ဟာပေါ့နော။ မိသားစုတစ်စုက ဝင်ငွေရှိမှ အဆင်ပြေမှာလေ။ အခုက ဝင်ငွေမရှိတော့ ဘယ်လူမှ အဆင်မပြေနိုင်ဘူး။ နေ့တိုင်းနေ့တိုင်း ဒီလိုပဲ စားသွားမယ်ဆိုရင်တော့ မလွယ်ဘူး။ “

အခုလို လူပျောက်တိုင်ကြားထားသူ လက်ရှိအချိန်အထိ တိုင်ကြားလာသူ အမျိုးသမီး ၂ဦး၊ အမျိုးသား ၄၀ ဦးရှိနေတယ်လို့ ကရင်နီပြည်ရဲဌာန( KSP ) က ပြောရေးဆိုခွင့်ရှိသူ ဘိုဘို က ပြောပါတယ်။

မီးရှို့သတ်ဖြတ်ခံရသူထဲမှာ နောက်ထပ်အမျိုးသမီး အလောင်း၃လောင်းက မည်သူဖြစ်ကြောင်းကို ခန့်မှန်းဖို့ ခက်ခဲနေကြပါတယ်။

လက်ရှိမှာတော့ မီးလောင်ကျန်ရစ်ခဲ့တဲ့ အရိုးစုတွေကို သိမ်းထားပြီး တတ်နိုင်သလောက် သက်သေတွေကို စုဆောင်းပြီး နိုင်ငံတကာ ခုံရုံး ( ICC ) ကို တင်သွင်းသွားဖို့ ရှိတယ်လို့ ဘိုဘို က ဆက်ပြောပါတယ်။

“ လက်တလော စစ်ကောင်စီမှာက ပြည်သူတွေကို ရက်ရက်စက်စက်ကျူးလွန်ပြီး သတ်ဖြတ်ထားတဲ့ဟာပေါ့။ အဲ့ဒီမိုဆိုရွာမှာ ဖြစ်တဲ့ကိစ္စ ဒီစစ်ကောင်စီရဲ့ အကြမ်းဖက်လုပ်ရပ် ပေါ်လွင်အောင် ပြနိုင်ဖို့ ချပြဖို့ ကျနော်တို့ ရသမျှလိုက်စုနေပါတယ်။ “

ဒီဇင်ဘာလ ၂၅ရက်နေ့မနက်မှာတော့ ဖရူဆိုမြို့နယ် မိုဆိုကျေးရွာမှာ စစ်ကောင်စီက အစုလိုက်အပြုံလိုက် ကားပေါ်တင်ပြီး မီးရှို့သတ်ဖြတ်ထားတဲ့ ရုပ်အလောင်းများစွာကို KA, KNDF တို့က တွေ့ရှိခဲ့တာဖြစ်ပါတယ်။ ရုပ်အလောင်းတွေဟာ မီးရှို့ခံရတဲ့အတွက် မည်သူဖြစ်ကြောင်းကို အတည်မပြုနိုင်ခဲ့ပါဘူး။

ဒန်ဘာကား ၃စီး၊ ကားငယ် ၃စီး၊ ထော်လာဂျီနဲ့ ဆိုင်ကယ် ၅စီး မီးရှို့ခံထားရပါတယ်။ သေဆုံးသူမှာ အမျိုးသမီး ၅ဦးပါဝင်ပြီး အသက် ၁၅နှစ်အောက် တစ်ဦးပါဝင်ပါတယ်။ BGF အပါအဝင် ရုပ်အလောင်း စုစုပေါင်း ၃၅လောင်းကို တွေ့ရှိခဲ့ပါတယ်။

စစ်ကောင်စီကတော့ မိုဆိုကျေးရွာဖြစ်စဉ် နဲ့ပတ်သက်ပြီး KNPP ၊ PDF အမည်ခံ အကြမ်းဖက်အဖွဲ့တွေနဲ့ တိုက်ပွဲဖြစ်ပွားပြီး ကားမီးလောင်သွားတာလို့ ပြောပါတယ်။ ရုပ်အလောင်းတွေဟာလည်း အသက် ၂၀အထက် PDF တွေ သေနတ်ဒဏ်ရာနဲ့ သေဆုံးနေတာဖြစ်တယ်လို့ ဒီဇင်ဘာလ ၂၇ရက်နေ့ RFA ရဲ့ မေးမြန်းမှုကို စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဖြေကြားခဲ့တာဖြစ်ပါတယ်။

ရုပ်အလောင်းတွေကို စစ်ဆေးခဲ့တဲ့ KSP ရဲ့ ပြောကြားချက်အရ ရုပ်အလောင်းတွေဟာ လက်ပြန်ကြိုးတုတ်ထားခြင်း၊ ရုပ်အလောင်းတချို့ရဲ့ ထိုးသွင်းဒဏ်ရာ၊ ဦးခေါင်းခွံအက်ကွဲဒဏ်ရာ၊ ရုပ်အလောင်းတွေရဲ့ ပါးစပ်ထဲမှာ အဝတ်ဆို့ချည်နှောင်ထားခြင်း၊ အသက်၁၅နှစ်အောက် အမျိုးသမီးပါဝင်တယ်လို့ ပြောပါတယ်။

မီးရှို့သတ်ဖြတ်ခံရတဲ့ သူတွေဟာ ဒေသခံတွေဖြစ်ပြီး တက္ကသိုလ်ကျောင်းသူ၊ မသန်စွမ်းတစ်ဦး၊ save the children ဝန်ထမ်းနှစ်ဦး၊ စက်သုံးဆီပိုင်ရှင်တစ်ဦးနဲ့ ဝန်ထမ်း၆ဦး၊ သစ်တောဦးစီးဌာနက CDM ဝန်ထမ်းနှစ်ဦးလည်း ပါဝင်တယ်လို့ အတည်ပြုချက် ရထားတာတွေရှိနေပါတယ်။

ကရင်နီပြည်နယ်မှာ စစ်ကောင်စီက အခုဆို တိုက်လေယာဉ်တွေရဟတ်ရယာဉ်တွေနဲ့ပါ ဗုံးကျဲ တိုက်ခိုက်နေပြီး နေ့စဉ် တိုက်ပွဲဖြစ်ပွားနေတာကြောင့် အရပ်သားပြည်သူတွေ ထိခိုက်သေဆုံးမှုတွေ ဖမ်းဆီးသတ်ဖြတ်ခံရတာတွေ ပျောက်ဆုံးမှုတွေက အကြီးမားဆုံးကြုံတွေ့နေကြရပါတယ်။

စစ်ကောင်စီ မီးရှို့သတ်ဖြတ်ခဲ့တဲ့ အရိုးစုတွေကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ ဆွေမျိုးတချို့တို့က ၂၀၂၁ ဒီဇင်ဘာလ ၂၉ရက်နေ့မှာ ဆုတောင်းပွဲ ပြုလုပ်ပေးနေစဉ်

အခုလို ကရင်နီပြည်နယ်မှာ ကြုံတွေ့နေရတဲ့ အခွင့်အရေးဆုံးရှုံးမှုတွေ ပျက်စီးမှုတွေ သေဆုံးမှုတွေကို ကျူးလွန်သူတွေ ပြန်အပစ်ပေးအရေးယူနိုင်ဖို့ ဆောင်ရွက်သွားမယ်လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့ ညွန်ကြားရေးမှူး ကိုဗညားက ပြောပါတယ်။

“လက်ရှိအခြေအနေမှာတော့ ကျနော်တို့ ပြည်နယ်ရဲ့ လူ့အခွင့်အရေးချိုးဖောက်မှု အဆိုးဝါးဆုံး ကာလတခုအနေနဲ့ ကျနော်တို့ ရောက်သွားပြီလို့ ပြောလို့ရတယ်။ ကျနော်တို့ နှစ်ပေါင်း ၇၀ ကျော်ကြာ ၇၃ နှစ်ကြာ ကရင်နီပြည်တွင်းစစ်ပဲ ပြောပြော ကရင်နီပြည်ရဲ့ တိုက်ပွဲတွေကြားမှာ ဒီတခေါက်တော့ လူဦးရေ အများဆုံးပြေးရတဲ့ဖြစ်စဉ်လည်းဖြစ်တယ်။ ပျက်စီးဆုံးရှုံးမှုလည်း အများဆုံး နှစ်ကာလ တိုတိုတွင်းမှာ လူထုတွေ သေကြေမှုအများဆုံးဖြစ်တဲ့ လူထုတော်လှန်ရေးကာလမှာ ကျနော်တို့အနေနဲ့ ပြည်သူလူထုကို အားတင်းထားစေချင်ပါတယ်။ ကျနော်တို့ ဆုံးရှုံးသွားတဲ့ အရာအားလုံးကို ကျူးလွန်တဲ့သူအားလုံးကို တနေ့ ပြန်လည်ပေးဆပ်ရမှာဖြစ်ပါတယ်။ တရားဥပဒေကြောင်းအရ အပြစ်ပေးအရေးယူခံရမယ်။”

အခုလို မော်ကူးမယ်ရဲ့ သမီးနဲ့သမက်ပျောက်ဆုံးနေတာကိုလည်း သူတို့သားသမီးတွေကို ခုချိန်ထိ အသိမပေးရဲကြသေးဘူးလို့ အဒေါ်ဖြစ်သူက ဆိုပါတယ်။

“ အဖေအမေမရှိတဲ့ ကာလနဲ့ အဖေအမေရှိတဲ့ ကာလကို ကြည့်မယ်ဆိုလို့ ရှိရင် အငယ်ကောင်ကိုကြည့် တအား နည်းနည်းပိန်သွားတယ်။ ဒါပေမယ့် ကိုယ်က မပြောရဲဘူး။ သူတို့ကို အဖေအမေ အဲ့လိုမျိုး သွားစလိုက်လို့ရှိရင် အဖေအမေက စိတ်အားငယ်မှာစိုးလို့ မမေးရဲဘူး။ ကိုယ့်စိတ်ထဲမှာဘဲ ကိုယ်သိမ်းထားတယ်ပေါ့။ သူတို့အတွက်ခက်ခဲမှာဘဲလေ။ အရင်ကဆိုရင် အဖေအမေက စားစရာ သောက်စရာ ပူစရာမှ မလိုတာ နေ့တိုင်းလိုလို အဲ့လိုမျိုး ဖြည့်ဆည်းပေးခါကျတော့ ကလေးတွေက အပူအပင်မသိဘူး။”

မော်ကူးမယ်ရဲ့ သမီးနဲ့ သမက်အတွက် ပျောက်သွားတာ တစ်ပတ်ပြည့်တဲ့အချိန်မှာ ဆွေမျိုးတော်စပ်သူတွေက နေအိမ်မှာ ဘုန်းကြီးခေါ်ပြီး ဆုတောင်းမှု ပြုလုပ်ပေးခဲ့ပါတယ်။

မော်ကူးမယ်ကတော့ မီးလောင်ကျွမ်းပြီး ဘယ်သူဘယ်ဝါ မှန်းမသိတော့တဲ့ ရုပ်အလောင်းတွေထဲ သမီးနဲ့သမက် ပါဝင်နေမယ်ဆိုတာ အပြည့်အဝမယုံကြည်နိုင်ဘဲ အိမ်ပန်လာမယ်ဆိုတဲ့ သူ့ရဲ့ ဝိုးတဝါး မျှော်လင့်ချက်ကတော့ ယခုချိန်ထိ ရှင်သန်နေဆဲပါ။

spot_img
spot_img