spot_imgspot_imgspot_imgspot_img
Friday, March 29, 2024
spot_imgspot_imgspot_imgspot_img

သေမင်းတမန် အသံနက်ကြီးတွေကြားက ထိတ်လန့်နေကြသူများ

ဗုံးခိုကျင်းထဲ ဝင်ပုန်းနေတဲ့ စစ်ရှောင်တစ်ဦး။

ကေးဒူ(ကန္တာရဝတီတိုင်း(မ်))

ကရင်နီပြည်က ဒီးမော့ဆိုမြို့နယ်မှာ နေထိုင်တဲ့ ဒေသခံလူထု နဲ့ စစ်ဘေးဒုက္ခသည်တွေအတွက်ကတော့ လေယာဉ်သံ၊ လက်နက်ကြီးသံတွေက ကြားဖူးနေကျအသံ ဆိုပေမယ့် တချို့ အသက်ကြီးပိုင်း လူကြီးတွေ နဲ့ ကလေးငယ်တွေအဖို့တော့ ဒီအသံတွေဟာ သေမင်းတမန် အလား ကြောက်မက်ဖွယ်ရာကောင်းနေတဲ့ အသံတွေဖြစ်ပါတယ်။

စစ်ကောင်စီတပ်တွေဟာ သာမန် အရပ်သားတွေရှိနေတဲ့ စစ်ရှောင်စခန်းတွေ၊ လုပ်ငန်းခွင်နေရာတွေကို ပစ်မှတ်ထားပြီး လေကြောင်းတိုက်ခိုက်တာတွေ၊ လက်နက်ကြီးပစ်ခတ်တာတွေကြောင့် ကလေးငယ်နဲ့ အမျိုးသမီးတွေအပါအဝင် အရပ်သားတွေသေဆုံးနေရပါတယ်။

ဒါကြောင့် လေယာဥ်သံကြားတာနဲ့တင် အရပ်သားလူထုတွေက ကြောက်လန့်နေရတာပါ။
“လေယာဥ်သံကြားပြီဆိုရင် ကလေးဖြစ်ဖြစ် လူကြီးဖြစ်ဖြစ် ပြေးကုန်ပြီ။ သူများအိမ်ရောက်နေလည်း ပြေးလာပြီး ပုန်းခိုကျင်းထဲ ပြေးဝင်တယ်။ ကလေးတွေဆို လေယာဥ် မလာလည်း လက်နက်ကြီးသံကြားပြီဆို ပြေးဝင်တာ လူကြီးတွေထက်တောင် မြန်သေးတယ်။ တချို့ အသက်ကြီးတဲ့ လူတွေဆိုရင် အကြောက်လွန်ပြီးတော့ သေးတောင်ထွက်ကျတယ်။ ” လို့ ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းရှိ ဒေသခံ မော်ငါးမြာက လက်ရှိအခြေအနေကို ပြောပြပါတယ်။

နေ့စဉ်ရက်ဆက် တိုက်ပွဲတွေဖြစ်ပွားနေတဲ့ ကရင်နီပြည်မှာ လက်နက်ကြီးပစ်ခတ်သံ၊ ပေါက်ကွဲသံတွေ အပြင် လေယာဉ်ပျံဝဲနေတဲ့အသံတွေ၊ ပစ်ခတ်တိုက်ခိုက်နေတဲ့ အသံတွေကို နေ့စဉ် ကြားရ မြင်ရတာကြောင့် ဒေသခံတွေရဲ့ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာတွေကို ထိခိုက်မှုတွေရှိနေပါတယ်။

ကရင်နီလူ့အခွင့်အရေးအဖွဲ့ ဒါရိုက်တာ ဦးဗညားက “လေယာဉ်ပေါ့ အခုနောက်ပိုင်းဆို တော်တော်နှိမ့်ပြီးပျံတယ်။ အသံပိုကျယ်တယ်။ ကြားရတယ် ဗုံးလည်းတကယ်ကြဲတယ်ပေါ့။ အဲ့ဒီအတွက်ကြောင့် လူထုတွေက ညတိုင်းကို လေယာဉ်လာပြီဆို အိပ်လို့မရတာ ထပြေးရတာတွေပေါ့ အဲဒီဒဏ်ကိုခံစားနေရတယ်။ ဒါက စိတ်ပိုင်းဆိုင်ရာတော်တော်လေးကို ထိခိုက်ခံစားနေရတယ်ပေါ့နော။ အဲဒီဟာကို တွေ့နေရတယ်။” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်တွေရဲ့ ပစ်ခတ်တိုက်ခိုက်မှု တွေကို “ရုပ်မမြင်၊ အသံကြား” လို့ ဒေသခံတွေက တင်စားနေကြပြီး “အသံကြားရတာနဲ့တင် ကြောက်လန့်နေရပြီ”လို့ ဒေသခံတွေက ပြောဆိုနေကြပါတယ်။

ယခင် ငြိမ်းချမ်းစဉ်ကာလတုန်းကတော့ လေယာဉ်အသံကြားတာနဲ့ ကောင်းကင်ကိုလှမ်းမော့ကြည့်ပြီး တွေ့ဖူးချင်လို့ လိုက်ရှာခဲ့တဲ့အခြေအနေကနေ အခုလက်ရှိမှာတော့ လေယာဉ်ပျံအသံကြားတာနဲ့တင် ဘေးကင်းတဲ့ ပုန်းခိုစရာနေရာရောက်ဖို့ကို ဦးစွာစဉ်းစားရပါတယ်။

ယခင်ကတော့ စစ်ကောင်စီဟာ လေကြောင်းအင်အားကို တိုက်ပွဲတွေအတွင်းမှာသာ အသုံးပြုခဲ့ပေမဲ့ နောက်ပိုင်းမှာ အရပ်သားနေရာတွေကို ပစ်မှတ်ထားဗုံးကျဲတိုက်ခိုက်တာတွေကို ပြုလုပ်လာပါတယ်။

လေကြောင်းရန်ကာကွယ်ဖို့ပြုလုပ်ထားတဲ့ ဗုံးခိုကျင်းတစ်နေရာ။

ကရင်နီပြည်မှာ စစ်ကောင်စီရဲ့ လေကြောင်း တိုက်ခိုက်မှုကြောင့် မတ်လအတွင်း အရပ်သားပြည်သူ (၅)ဦး သေဆုံးပြီး (၁၄)ဦးကျော် ထိခိုက်ဒဏ်ရထားတာ ရှိတယ်လို့ ကရင်နီအမျိုးသားကာကွယ်ရေးတပ် (KNDF) သတင်းနှင့်ပြန်ကြားရေး တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

“ဒီမတ်လထဲမှာ လေကြောင်းတိုက်ခိုက်မှုတွေ အရပ်သား သေဆုံးမှုက ၅ ဦးရှိတယ်။ ဒါပေမယ့် လေကြောင်းတိုက်ခိုက်မှုကြောင့် ဒဏ်ရာရတာ ၁၄ ဦးကျော် ၁၅ ဦးလောက်ရှိတယ်။အဓိကတော့ အရပ်သားတွေ သေဆုံးသွားတဲ့ ၅ ဦးကတေ့ာ သူ့ဟာသူတောထဲမှာ စစ်ရှောင်နေတဲ့ နေရာတွေ ပါတယ်။ တကယ့်တိုက်ပွဲနဲ့လည်း မသက်ဆိုင်ဘူး။ အဝေးကြီးပဲ တိုက်ပွဲနဲ့ ဘာမှ မဆိုင်တဲ့နေရာတွေမှာ သစ်လုပ်ငန်းတွေပေါ့ လုပ်နေတဲ့ လုပ်ငန်းခွင်ကလူတွေပါတယ်။ အရပ်သားတွေပါတယ်။ ”

မတ်လအတွင်းက သေဆုံးသူတွေဟာ အသက် ၂၀ကနေ ၅၀ ကြား အမျိုးသားတွေဖြစ်ကြပြီး ဘောလခဲမြို့နယ်မှ သုံးဦးနဲ့ ဒီးမော့ဆိုမြို့နယ်မှာ ၂ ဦး ဖြစ်ပါတယ်။

အရပ်သား တွေကို ပစ်မှတ်ထားလာတာကြောင့် လူထုတွေရဲ့ အကြောက်တရားက ပိုစိုးမိုးလာခဲ့ရပါတယ်။ အထူးသဖြင့် ထိခိုက်သေဆုံးမှုတွေက မိမိပတ်ဝန်းကျင်မှာ အများစုဖြစ်နေတာကြောင့် မြင်ရကြားရတွေ့ရတဲ့ မြင်ကွင်းတွေက ထိတ်လန့်မှုကိုဖြစ်စေတာပါ။

စစ်ကာင်စီဟာ ကရင်နီပြည်က မြို့နယ်တချို့ကို မတ်လအစောပိုင်းကနေစပြီးတော့ စစ်ကြောင်းအလုံးအရင်းတွေနဲ့ ထိုးစစ်ဆင်နေပြီးတော့ တိုက်ပွဲဖြစ်ပွားတဲ့နေရာအပြင် တိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့ အရပ်သားရှိရာတွေကိုလည်း လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက် လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

ကရင်နီပြည်ကို မတ်လ (၁)လတာအတွင်း စစ်ကောင်စီရဲ့ လေယာဥ် ပျံဝဲမှုဟာ အကြိမ်ရေ (၅၂) ကြိမ်ထက်မနည်း ရှိတယ်လို့ KNDF က ဧပြီလ (၃)ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီဟာ ကရင်နီပြည်အတွင်း လူအင်အားဖြည့်တင်းခြင်း၊ လက်နက်ခဲယမ်းနဲ့ ရိက္ခာဖြည့်တင်းခြင်း၊ တိုက်ပွဲအတွင်း ဒဏ်ရာရတပ်သားတွေကို သယ်ယူခြင်းတွေအတွက် စစ်သုံးရဟတ်ယာဉ်ကို အဓိကထား အသုံးပြုလျက်ရှိနေတာပါ။

စစ်ရေးဆက်လက် ပြင်းထန်နေတဲ့ ကရင်နီပြည်မှာတော့ လေယာဉ်သံတွေ၊ ဗုံးသံတွေ ဆက်လက်ကြားနေရဦးမယ့် အနေအထားမှာရှိနေပါတယ်။ တဖက်မှာလည်း ဒီလို လေယာဉ်သံ၊ ဗုံးသံတွေကြားမှာ ကရင်နီပြည်က ကလေးငယ်တွေ၊ အမျိုးသမီးတွေ၊ သက်ကြီးရွယ်အိုတွေ ရဲ့ စိုးရိမ်ထိတ်လန့်မှုကို လျော့ပါးသွားအောင် ဘယ်သူက စွမ်းဆောင်ပေးနိုင်မှာလဲ…………

spot_img
spot_img