spot_imgspot_imgspot_imgspot_img
Thursday, March 28, 2024
spot_imgspot_imgspot_imgspot_img

သွေးလွန်တုပ်ကွေးရောဂါအကြောင်း သိမှတ်စရာများ


လေးမြာ (ကန္တာရဝတီတိုင်း(မ်))


သွေးလွန်တုပ်ကွေးရောဂါဟာ ခြင်မှတဆင့် ကူးစက်နိုင်တဲ့ ရောဂါတစ်မျိုးဖြစ်ပါတယ်။ ဒင်းဂီး (Dengue) ဗိုင်းရပ်စ် အမျိုးအစားဖြစ်ပြီး လူတစ်ဦးမှ တစ်ဦးသို့ ဗိုင်းရပ်စ် သယ်ဆောင်တဲ့ အင်းဒီးစ် (Aedes) ခြင်ကျား (အမ) ကိုက်ခံရခြင်းကြောင့် သွေးလွန်တုပ်ကွေးရောဂါ ကူးစက်နိုင်ပါတယ်။

အသက်အရွယ်မရွေးဖြစ်ပွားနိုင်ပြီး အသက် (၁၅) နှစ်အောက် ကလေးတွေ အများဆုံး ဖြစ်ပွားကာ နေရာဒေသမရွေး ရာသီမရွေး ဖြစ်ပွားနိုင်တယ် ဆိုပေမယ့် ခြင်ပေါက်ဖွားမှုနှုန်းပိုများတဲ့ မိုးရာသီကာလမှာ ပိုမိုအဖြစ်များပါတယ်။

သွေးလွန်တုပ်ကွေးရဲ့ ရောဂါလက္ခဏာများ

အဖျားကြီးခြင်း၊ ပြင်းထန်စွာခေါင်းကိုက်ခြင်း၊ မျက်လုံးနောက်တွင် နာကျင်ခြင်း၊ ကြွက်သားနဲ့ အဆစ်များ နာကျင်ခြင်း ၊ ပျို့ခြင်း ၊ အန်ခြင်း၊ ကိုယ်ခန္ဓာတွင် အနီစက်များထွက်ခြင်း စတဲ့ လက္ခာဏာတွေကို ပြလေ့ရှိပါတယ်။

အဲ့ဒီရောဂါလက္ခဏာတွေဟာ (၂) ရက်မှ (၇) ရက်အထိ ကြာမြင့်နိုင်ပါတယ်။ စတင်ဖျားတဲ့ရက်မှ စပြီး (၃) ရက်မှ (၇) ရက်အတွင်း ရုတ်တရက် အဖျားကျကာ သွေးလန့်တဲ့ လက္ခာပြရင် အသက်အန္တရယ် ရှိနိုင်ပါတယ်။

သွေးလန့်တဲ့ ရောဂါလက္ခဏာတွေကတော့ ပြင်းထန်စွာ ဗိုက်အောင့်ခြင်း၊ မကြာခဏအန်ခြင်း၊ အသက်ရှူမြန်လာခြင်း၊ မောပန်းလွယ်ခြင်း၊ဂဏာမငြိမ်ခြင်း၊ သွားဖုံးသွေးယိုခြင်း၊ အညိုရောင် အရည်များ အန်ခြင်း စတာတွေ ပြလေ့ရှိပါတယ်။ အဲ့ဒီလို သွေးလန့်တဲ့ ရောဂါလက္ခဏာတွေ ပြပြီဆိုရင် နီးစပ်ရာဆေးခန်း ဒါမှမဟုတ် ကျန်းမာရေးလုပ်သားတွေဆီ အမြန်ဆုံး ပြသပြီး ဆေးကုသမှုခံယူရမှာဖြစ်ပါတယ်။

သွေးလွန်တုပ်ကွေးရောဂါကို ဘယ်လိုကာကွယ်မလဲ။

သွေးလွန်တုပ်ကွေးရောဂါဟာ ခြင်ကျား မှ တဆင့် ကူးစက်နိုင်ပြီး ခြင်ကျားဟာ နေ့အချိန်မှာ ပိုကိုက်ပါတယ်။ ခြင်ကျား ပိုးလောက်လန်းတွေဟာ ရေကြည်ရေသန့်နဲ့ မိုးရေတင်ကျန်နိုင်တဲ့ နေရာတွေမှာ ပေါက်ဖွားတတ်ပါတယ်။

ဒါကြောင့် ခြင်ကျားလောက်လန်းပေါက်ဖွားနိုင်တဲ့ နေရာတွေဖြစ်တဲ့ ရေသိုလှောင်ထားတဲ့ ရေစည်၊ရေအိုး၊ ရေကန်တွေ၊ ဘုရားပန်းအိုးတွေ၊ မိုးရေတင်ကျန်နိုင်တဲ့ ဘူးခွံ၊ ပုလင်းခွံ နဲ့ တာယာဟောင်း စတာတွေကို ဖယ်ရှားရှင်းလင်း‌ ပေးရမှာဖြစ်ပါတယ်။

ဒါ့အပြင် ဘယ်အချိန်၊ ဘယ်နေရာမှာပဲ အိပ်အိပ် ခြင်ထောင် ထောင်အိပ်ခြင်းဖြင့်လည်း သွေးလွန်တုပ်ကွေးရောဂါကို ကာကွယ်ပြီးသားဖြစ်ပါတယ်။

ကလေးငယ်တွေမှာ သွေးလွန်တုပ်ကွေးရောဂါ ပိုမိုဖြစ်လွယ်တဲ့အတွက် မိမိရဲ့ ကလေးငယ်တွေကို အင်္ကျီလက်ရှည်၊ ဘောင်းဘီရှည်ဝတ်ပေးရပါမယ်။ အိပ်တဲ့အခါ ခြင်ထောင်နဲ့ အိပ်ရမှာ ဖြစ်ပါတယ်။

သွေးလွန်တုပ်ကွေးရောဂါကို ဘယ်လို စစ်ဆေးမလဲ။

သွေးလွန်တုပ်ကွေးရောဂါရဲ့လက္ခဏာတွေက ငှက်ဖျား နဲ့ တိုက်ဖွိုက်ရောဂါတွေရဲ့ လက္ခဏာတွေနဲ့ ခပ်ဆင်ဆင်တူနေတတ်ပါတယ်။
ဒါပေမယ့် ရောဂါရာဇဝင်တွေ၊ လူနာကို စမ်းသပ်ချက်တွေအရ သွေးလွန်တုပ်ကွေးနဲ့ ကိုက်ညီနေတယ်ဆိုရင် သွေးစစ်ပြီး အဖြေရှာရမှာ ဖြစ်ပါတယ်။

သွေးလွန်တုပ်ကွေးဖြစ်နေရင် ဘယ်လိုကုသရမလဲ။

1. သွေးလွန်တုပ်ကွေးရောဂါအတွက် သီးခြားကုထုံးရယ်လို့ မရှိသေးဘူးလို့ သိရပါတယ်။

2. ရောဂါခံစားရသူအများစုက နှစ်ပတ်လောက် အတွင်း ပြန်ကောင်းလာတတ်ကြပါတယ်။

3. အရေးကြီးတာတစ်ချက်က နောက်ဆက်တွဲရောဂါတွေဝင်မလာအောင် ရောဂါတွေကို ကုသဖို့ပဲဖြစ်ပါတယ်။

4. ရောဂါသိပ်မပြင်းထန်ဘူးဆိုရင် ပြည့်ပြည့်ဝဝအနားယူရပါမယ်။ ရေများများသောက်ရပါမယ်။

5. အဖျားကျအောင်ဆေးသောက်ရပါမယ်။ နာကျင်ကိုက်ခဲမှုသက်သာပြီး အဖျားကျစေနိုင်ဖို့ ပါရာစီတမောသောက်ပေးလို့ရပါတယ်။

သတိထားရမှာက သွေးလွန်တာကို ဖြစ်နိုင်ခြေများစေတာကြောင့် အက်စပရင် (aspirin) ၊ အိုင်ဘူပရိုဖန်(ibuprofen)နဲ့ naproxen sodium စတဲ့ အကိုက်အခဲပျောက်ဆေးတွေကို မသောက်မိဖို့ လိုအပ်ပါတယ်။

သွေးအန်တာကို မသိလိုက်မှာစိုးတာကြောင့် အညိုရောင်ပါတဲ့ အစားအစာတွေကို ခဏရှောင်ရပါမယ်။
ရောဂါပြင်းထန်တဲ့အခါမျိုးမှာ သွေးလွန်တုပ်ကွေးရောဂါက သွေးပေါင်ချိန်တအားကျတာ ဒါမှမဟုတ် အပြင်းစားသွေးလွန် တုပ်ကွေးရောဂါကိုခံစားရနိုင်ပြီး ချက်ချင်းဆေးကုသမှုခံယူရမှာဖြစ်ပါတယ်။

ကိုးကား- Ministry of Health, National Unity Government of Myanmar Facebook page နဲ့ Hello Sayawon page

spot_img
spot_img