spot_imgspot_imgspot_imgspot_img
Friday, April 19, 2024
spot_imgspot_imgspot_imgspot_img

ဟိုယာဒေသရဲ့ ရွေးကောက်ပွဲအပေါ် မျှော်လင့်ချက်

Author

Date

Category

ခွန်းကလိုင်းဖရီး၊ စိုးထိုက်အောင်

ကယား(ကရင်နီ)ပြည်နယ်၊ ဖရူဆိုမြို့နယ်အနောက်ဖက်ခြမ်းရှိ ဟိုယာဒေသမှာ နေထိုင်ကြတဲ့ ပြည်သူတွေက ငြိမ်းချမ်းရေးကို မခံစားကြသေးသလို ဖွံ့ဖြိုးမှုနောက်ကျတာနဲ့ စားဝတ်နေရေးအခက်အခဲကြုံနေရတယ်လို့ ပြောဆိုနေကြပါတယ်။

သူတို့တွေကတော့ လာမယ့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲအလွန်မှာ ဒေသတွင်း ပြောင်းအလဲတွေဖြစ်ပေါ် လာမယ်လို့ မျှော်လင့်နေကြပါတယ်။

ဖရူဆိုမြို့နယ်၊ ခါးဘယ်ကျေးရွာမှာ နေထိုင်တဲ့ ဦးဒွန်းအီက “ဒီဒေသမှာ မဖွံ့ဖြိုးသေးတာ လမ်း၊ မီး၊ ရေ စသဖြင့် အဓိက ဒီအချက်အလက်တွေကို မဖွံ့ဖြိုးသေးဘူး။ အားနည်းချက်အများကြီးရှိတယ်။ နောက်မီးဆို ပုံမှန်လည်း မလာဘူး။ လမ်းဆိုလည်း ကောင်းကောင်းမွန်မွန် မရှိခဲ့ဘူး။ ရေဆိုလည်း ကောင်းကောင်းမွန်မွန်မရရှိဘူး။ ပြည့်ဝစွာမခံစားရဘူး။ နိုင်ငံတော်ချပေးသမျှဟူသမျှကလည်း အားလုံးက မပြည့်စုံသေးဘူးလို့ ကျနော်တို့က ခံယူပါတယ်။” လို့ ပြောပါတယ်။

ဟိုယာဒေသရှိ ကျေးရွာတစ်ရွာအားတွေ့ရစဉ်

သူ့အနေနဲ့ ရွေးကောက်ပွဲပြီးလို့ တက်လာမယ့် အစိုးရသစ်ကို ၂၀၁၅ ရွေးကောက်ပွဲပြီးတဲ့နောက်ပိုင်း ဒေသတွင်း ဖြေရှင်းလို့မပြီးတဲ့ လုပ်ငန်းတွေဖြစ်တဲ့ လမ်း၊ ရေ၊ မီး၊ ပညာရေး၊ ကျန်းမာရေးစတဲ့ ကဏ္ဍတွေကို ပိုပြီး ဖွံ့ဖြိုးတိုးတက်လာအောင် လုပ်ဆောင်ပေးစေချင်နေပါတယ်။

ဟိုယာဒေသခံတွေဟာ တောင်ယာ၊ လယ်ယာစတဲ့ လုပ်ငန်းတွေနဲ့ ဖာလာလို နှစ်ရှည်ပင်စိုက်ပျိုးရေးကို အဓိက အားထားလုပ်ကိုင်နေကြပါတယ်။ ခုလို ဒေသထွက်ကုန်တွေကို ရောင်းဝယ်ဖောက်ကားတဲ့ နေရာမှာ ဂိတ်ခွန်တွေ ပေးဆောင်ရတာမျိုးရှိနေတာကြောင့် အခက်အခဲကြုံတွေ့နေရတယ်လို့ ဆိုပါတယ်။

“ငြိမ်းချမ်းမယ်ပြောလည်း တအားခက်တယ်၊ မငြိမ်းချမ်းဘူး။ ကျနော်တို့ ဒေသမှာဆိုရင် လမ်းပန်းဆက်သွယ် ရေးတို့၊ အရောင်းအဝယ်လုပ်တဲ့ အချိန်မှာ ကျနော်တို့လည်း လွတ်လွတ်လပ်လပ်သွား ချင်တယ်။ ကျနော်တို့က အရောင်းအဝယ်လုပ်တာကော၊ ကျနော်တို့ လုပ်တဲ့ စီးပွားရေးဆို ဟှိုဖက်မှာ ပို့ရတယ်ကော။ ဟိုဖက်မှာပို့တော့ လွတ်လွတ်လပ်လပ်သွားချင်တယ်။ သူတို့ ဂိတ်ခွန်တို့ ဘာတို့ဆို ကျနော်တို့လည်း ရှိတဲ့ဟာနဲ့ ကျနော်တို့လုပ်စား တယ်။ နည်းနည်းရလည်း သူက နည်းနည်းကောက်တယ် အဲ့မျိုးလေ။ အဲ့မျိုးခါကျတော့ ကျနော်တို့လည်း ဒီဒေသမှာ၊ ဒီရွာမှာ၊ ဒီမြို့နယ်မှာဆို ကျနော်တို့ အဲ့ဒါ မရှိခိုင်းချင်ဘူး။”လို့ ဖရူဆိုမြို့နယ်၊ ကေကောကျေးရွာ မှာနေထိုင်တဲ့ ဖိလစ်ကိုက ပြောပါတယ်။

ဒီနှစ်စိုက်ပျိုးရာသီမှာလည်း ရာသီဥတုအဆင်မပြေလို့ စိုက်ပျိုးရေးလုပ်ငန်းအတွက် အခက်အခဲကြုံတွေ့ရသလို ၎င်းကြောင့် မိုးရေ အလုံအလောက်မရတဲ့အတွက် မစိုက်ပျိုးရပဲ ချန်ထားခဲ့ရတဲ့ လယ်တွေအများ အပြားရှိ တယ်လို့ ဆိုပါတယ်။

အခုလို အခြေအနေကြုံတွေ့ရတဲ့အပေါ် ဟိုယာဒေသခံ ဒေါ်နာတားလျာက “ဒီမှာက အများအားဖြင့်ကျတော့ တောင်ယာ၊ လယ်ယာအလုပ်ကလွဲရင် အခြားအလုပ်မရှိဘူးပေါ့နော်။ အဲ့ဟာနဲ့ပဲ အလုပ်တစ်ရက်ပြီးတစ်ရက်၊ တစ်နှစ်ပြီးတစ်နှစ် သံသရာလည်နေတယ်။ တောင်ယာလုပ်တယ်ဆိုတာ တခါတလေ ဘာဖြစ်လို့လဲဆို ဒီမှာကမြေသြဇာမသုံးဘူး။ သူ့ဟာသူ သဘာဝမြေနဲ့ သူ့ဟာ သူလုပ်စားခါကျတော့ မကောင်းရင်လည်း မကောင်းဘူး။ သန်တဲ့နေရာလည်း သူဟာ သူသန်တာပေါ့။ အထူးသဖြင့် ဒီတစ်နှစ်လိုမျိုးဆို တအားဆိုးတယ်။ လယ်လည်း မလုပ်စားနိုင်ဘူး။ တောင်ယာလည်း မကောင်းဘူး။ မီးနောက်ကျရှို့လို့လာ မဟုတ်ရင် ဘယ်လိုလည်း မသိဘူးပဲ။ ဒီနှစ်လိုမျိုးဆို မိုးခေါင်ရေရှားဖြစ်တော့ လယ်လည်းမလုပ်နိုင်ဘူး။”လို့ ဆိုပါတယ်။

အခုလို အခက်အခဲတွေကြောင့် ဒေသခံလူထုတွေအနေနဲ့ စားဝတ်နေရေးအခက်အခဲဖြစ်လာနိုင်တယ်လို့ သူက ဆိုပါတယ်။

ဒီလိုအခြေအနေတွေကြောင့် ၂၀၂၀ ရွေးကောက်ပွဲမှာ အောင်နိုင်မယ့် လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ အစိုးရ သစ်ကို အပြောင်းအလဲတွေ လုပ်ဆောင်ပေးဖို့ တောင်းဆိုမျှော်လင့်နေကြပါတယ်။
ဖရူဆိုမြို့နယ်မှာရှိတဲ့ လူထုတွေရဲ့ လိုအပ်ချက်အပေါ် ၂၀၂၀ ရွေးကောက်ပွဲမှာ ဝင်ရောက်အရွေးခံကြမယ့် ပါတီတွေက လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ ပြောချက်တွေ ရှိပါတယ်။

ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီကိုယ်စား၊ ဖရူဆိုမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဝင်ရောက်အရွေးခံမယ့် ကိုဒီးဒီက ရွေးကောက်ပွဲမှာ အနိုင်ရခဲ့ရင် သူက အခုလို လုပ်ဆောင်ပေးမယ်လို့ ဆိုပါတယ်။

“အဓိကကတော့ ဖရူဆိုမြို့နယ်မှာတော့ ရေပြဿနာရှိတာပေါ့နော်။ နောက်ဒုတိယတစ်ခုက စိုက်ပျိုးရေးကိစ္စ ပေါ့နော်။ ဒီတောင်သူလယ်သမားတွေ ချေးငွေကိစ္စတွေ၊ သီးနှံဈေးနှုန်းကိစ္စတွေ၊ နောက်ဆက်စပ်ပေါ့နော်၊ ရေရှားပါးတဲ့အတွက် လယ်ရေအခက်အခဲရှိတယ်ပေါ့နော်။ နောက်တစ်ခုက သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးပေါ့နော်။ သစ်ထုတ်တာတို့၊ သတ္တုတူးတာတို့ပေါ့နော်။ အဲ့မျိုးတွေနဲ့ ပတ်သက်ပြီးတော့မှ ကျနော် လုပ်ပေးချင်၊ ကာကွယ် ပေးချင်တာပေါ့နော်။ အဓိကက ရေရယ်၊ သဘာဝပတ်ဝန်းကျင်ရယ် အဓိကထားတယ်။ နောက်တစ်ခု ကျနော်တို့ မြို့နယ်အတွက်ပေါ့နော်။ ရသင့်ရထိုက်တဲ့ ဘတ်ဂျက်တွေ ရအောင်ပေါ့နော်။ ဖွံ့ဖြိုးရေးလုပ်ငန်းတွေ ရအောင်တော့ ကျနော် လုပ်ဆောင်သွားဖို့ရှိပါတယ်။”

ဟိုယာဒေသရှိ မိသားစုတစ်စုအားတွေ့ရစဉ်

ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီကိုယ်စား ဖရူဆိုမြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အဖြစ် မဲဆန္ဒနယ်အမှတ် (၉) ကနေ ဝင်ရောက်အရွေးခံမယ့် ဦးဖရန်စစ္စကိုပါတုကလည်း ခုလို ဆိုပါတယ်။

“နံပါတ်တစ်ကတော့ လမ်းပန်းဆက်သွယ်ရေး၊ ရေရရှိရေး၊ နောက်မီးရရှိရေးပေါ့နော်။ အစရှိသဖြင့် နောက်ပြီးတော့ နောက်ဆက်တွဲဖြစ်နေတဲ့ ကျန်းမာရေးတို့၊ ပညာရေးတို့ အစရှိသဖြင့်နော်။ တဖြည်းဖြည်း တစ်စစီ သူ့ကဏ္ဍနဲ့သူပေါ့နော်။ အဲလိုမျိုး တစ်စစီတော့ ဖော်ဆောင်ဖို့ ကျနော်တို့ ရည်ရွယ်ထားပါတယ်။ အထူးသဖြင့် ကရင်နယ်စပ်ပေါ့နော်။ ထူးချောင်းအကျော်မှာဆိုလို့ရှိရင် အင်မတန်မှ ဝေးလံခေါင်ဖျားဖြစ်တယ်။ လမ်းပန်းဆက်သွယ်ရေးလည်း အခက်အခဲဆုံးနေရာလည်းဖြစ်တယ်။ ငြိမ်းချမ်းဖို့ဆိုတာလည်း လိုအပ်ပါတယ်။ အဲဒီနေရာမှာ ဆိုလို့ရှိရင် ပါတီအနေနဲ့တော့ အဲဒီနားမှာ အခြေချနေထိုင်တဲ့ လက်နက်ကိုင်အဖွဲ့အစည်းအနေနဲ့ ပူးပေါင်းပြီးတော့ ဆက်လက်ပြီး လုပ်ဆောင်ဖို့ သူတို့နဲ့ ညှိနှိုင်းထားတာရှိပါတယ်။”

တိုင်းရင်သားစည်းလုံးညီညွှတ်ရေပါတီကိုယ်စား ဖရူဆိုမြို့နယ်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အဖြစ် မဲဆန္ဒနယ်အမှတ် (၉) ကနေ ဝင်ရောက်အရွေးခံမယ့် ဦးကိုဘားတိုကတော့ ခုလိုဆိုပါတယ်။

“ကျနော်က ကိုယ်စားလှယ်ဖြစ်ခဲ့လို့ရှိရင် ဥပဒေနဲ့အညီပေါ့နော်။ ရှေ့မှာရပ်တည်ပေးမှာပေါ့။ ဒီလမ်းပန်းဆက် သွယ်ရေးဖြစ်ဖြစ် ကျနော်တို့ဖက်မှာ နောက်ကျအောက်ကျဖြစ်နေတာပေါ့နော်။ အကယ်၍ရခဲ့တော့ ကျနော်တို့ က ဦးစားပေးအဆင့်ပေါ့နော်။ တင်ပြပေးမှာပေါ့။ ကျနော်တို့ လုပ်ဆောင်တဲ့အချက်မှာ ကျနော်တို့ဒေသဖွံ့ဖြိုးရေးနဲ့ ပတ်သက်တဲ့ဟာပဲ ဦးစားပေးအဆင့်နဲ့ ကျနော်တို့က တင်ပြပေးဖို့ ရှိတာပေ့ါနော်။ ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီးမှ ကျနော်တို့ကလည်း တတ်နိုင်သလောက် ဒီဒေသအဖွဲ့အစည်း၊ ကျနော်တို့ လူထုနဲ့ ညှိနှိုင်ပြီးမှ ဆောင်ရွက်နိုင် သလောက် ဆောင်ရွက်ရပါမယ်နော်။ မိုးခေါင်တဲ့ဒေသ ဒီအချိန်နဲ့ ပတ်သက်ပြီးတော့မှ လတ်တလောက လက်ရှိအစိုးရက ဖြေရှင်းပေးရမှာပေါ့နော်။ ကျနော်တို့ ကိုယ်စားလှယ်က မတော်တို့ အနိုင်ရခဲ့ရင် ဒီလိုအချိန်မျိုး ပြန်ရောက်ခဲ့ရင် ကျနော်တို့က တတ်နိုင်သလောက်ပေါ့၊ ကူညီဖြေရှင်းပေးမှာပေါ့။”

ကယား(ကရင်နီ)ပြည်နယ်၊ ဖရူဆိုမြို့နယ်ဟာ လူဦးရေ ၃၀၀၀၀ ကျော်နေထိုင်တဲ့ မြို့နယ်ဖြစ်ပြီးတော့ ကယားပြည်နယ်ရွေးကောက်ပွဲကော်မရှင်ရဲ့ အချက်အလက်တွေအရ ဆန္ဒမဲပေးခွင့်ရှိသူ ၇၇၀၀ ကျော်ရှိတဲ့ မြို့နယ်လည်း ဖြစ်ပါတယ်။

ဖရူဆိုမြို့နယ်တွင်းမှာ အများစုက ကယား၊ ကယော ၊ ပရဲ့ နှင့် ကရင်စတဲ့ တိုင်းရင်းသား လူမျိုးစုတွေ နေထိုင်ကြပါတယ်။

ဖရူဆိုမြို့နယ်ထဲမှာမှ ဟိုယာဒေသမှာဆိုရင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ တွေဖြစ်တဲ့ ကရင်နီအမျိုးသားတိုး တက်ရေးပါတီ (KNPP)၊ ကရင်နီပြည် လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး (KNPLF)နဲ့ ကရင်နီအမျိုးသား ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးရေးပါတီ (KNPDP) တို့ရဲ့ လှုပ်ရှားနယ်မြေတွေ ဖြစ်
ပါတယ်။

၂၀၂၀ ရွေးကောက်ပွဲမှာ ဖရူဆိုမြို့နယ်အတွင်း ဝင်ရောက်အရွေးခံကြမယ့် လွှတ်တော်ကိုယ်စားလှယ်လောင်း တွေရဲ့ ကတိပေးပြောဆိုချက်တွေအတိုင်း ရွေးကောက်ပွဲအလွန်မှာ အမှန်တကယ်ပြောင်းလဲလာမှာလားဆိုတာ ကိုတော့ စောင့်ကြည့်သွားရမှာ ဖြစ်ပါတယ်။

spot_img
spot_img

Recent posts