spot_imgspot_imgspot_imgspot_img
Friday, March 29, 2024
spot_imgspot_imgspot_imgspot_img

အကြမ်းဖက် စစ်ကောင်စီရဲ့သတ်ဖြတ်မှုကြောင့် KNDF တပ်ဖွဲ့ဝင်တစ်ဦး ကျဆုံး

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်၊ ကုန်းသာကျေးရွာမှာ အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ စစ်ကြောင်းနဲ့တိုးရာမှ ဖမ်းဆီးခံရပြီး သတ်ဖြတ်ခံရတဲ့ ကရင်နီအမျိုးသားကာကွယ်ရေးတပ်(KNDF) တပ်ဖွဲ့ဝင်တစ်ဦးရဲ့ ရုပ်အလောင်းကို ဒီကနေ့ စက်တင်ဘာလ ၂၇ ရက်နေ့မှာ နယ်မြေရှင်းလင်းရေးလုပ်ရာမှ ပြန်လည်တွေ့ရှိခဲ့တယ်လို့ KNDF သတင်းနှင့်ပြန်ကြားရေး တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

“ကျနော်တို့တပ်ရင်း ၁ က တပ်ခွဲ ၃ ရဲ့ ဒုတပ်စုမှူးပါ။ သူလည်း ရဲဘော်တစ်ယောက်ပါ။ စစ်ကောင်စီနဲ့ တည့်တိုးတွေ့လိုက်လို့ စစ်ကောင်စီက ဖမ်းဆီးလိုက်ပြီးတော့ လူမဆန်စွာရိုက်နှက်တယ် ပြီးတော့ သတ်လိုက်တာပါပဲ။ ဒီမနက်ကပဲ နယ်မြေရှင်းလင်းရေး လုပ်တဲ့အချိန်မှာ သူ့ရဲ့ အလောင်းကို ပြန်ရတာပေါ့လေ။” လို့ KNDFသတင်းနှင့်ပြန်ကြားရေး တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

စက်တင်ဘာလ ၂၅ ရက်နေ့မှာ ဖမ်းဆီးခံလိုက်ရတယ်လို့ ယူဆရပြီး ဒီကနေ့မှာ ရုပ်အလောင်းကို ပြန်လည်တွေ့ရှိတာ ဖြစ်တယ်လို့ သိရပါတယ်။ ကျဆုံးသွားတဲ့ ရဲဘော်ဟာ အသက် ၂၀ အရွယ် ရဲဘော်ဒေါရို ဖြစ်တယ်လို့ သိရပါတယ်။

“ကျနော်တို့ဒီတော်လှန်ရေးမှာ ကျဆုံးသွားတဲ့ရဲဘော်အားလုံးဟာ တော်လှန်ရေးအတွက် တာဝန်ကျေပြီလို့ ပြောချင်တယ်။ ကျန်ရှိနေသေးတဲ့ ရဲဘော်အတွက်လည်း တစ်နေ့ အလားတူဖြစ်ရပ်မျိုး ကြုံတွေ့ရနိုင်ပါတယ်။ ဒါပေမယ့် ပိုပြီး သတိရှိဖို့ နောက် စစ်ကောင်စီကို ဆက်တော်လှန်မယ်ဆိုတဲ့ စိတ်ဓတ်တွေ များများမွေးဖို့လိုတယ်။ ကျနော်တို့ လူတစ်ယောက်ကျတာနဲ့ ကျနော်တို့စိတ်ဓတ်ကျနေတာမျိုး မဖြစ်သွားဘူး။ တိုက်ပွဲဖြစ်တဲ့အတွက် ထိခိုက်မှုတွေရှိနေမှာပဲ ဆိုတော့ အားယူပြီးတော့ တိုက်ပွဲတွေကို ပိုပြီးကောင်းမွန်အောင် ပြင်ဆင်ဖို့ ကျနော်အနေနဲ့ တိုက်တွန်းပြောဆိုချင်တယ်။ ကျဆုံးတဲ့ရဲဘော်တွေကိုလည်း ကောင်းမွန်တဲ့နေရာတစ်ခုမှာ ရောက်မယ်လို့ ယူဆတယ်။ အခိုင်အမာလည်း ယုံကြည်ထားတယ်။ သူ့ရဲ့ကျဆုံးမှုကတော့ ဘာနဲ့မှတိုင်းတာလို့မရပါဘူး။ ဒီအပေါ်မှာလည်း စိတ်မကောင်းဖြစ်ရပါတယ်။” လို့ သူက ဆက်ပြောပါတယ်။

ဒီးမော့ဆိုမြို့နယ် ကုန်းသာကျေးရွာ၊ သေးဆူလဲကျေးရွာအနီးတစ်ဝိုက်မှာ စက်တင်ဘာလ ၂၃ရက်နေ့ ညပိုင်းကစပြီး စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ကို ကရင်နီပူးပေါင်းတပ်က ခုခံတိုက်ခိုက်ခဲ့ပြီး ဒေသခံတွေ ညတွင်းချင်း စစ်ဘေးရှောင်ခဲ့ရပါတယ်။

spot_img
spot_img