spot_imgspot_imgspot_imgspot_img
Thursday, March 28, 2024
spot_imgspot_imgspot_imgspot_img

အစိုးရက လူငယ်များအပေါ်စွဲထားသည့် ပုဒ်မသည် အာဏာအလွှဲသုံးစားပြုုလုပ်ရာရောက်နေသည်ဟု ဥပဒေပညာရှင်တချို့သုံးသပ်

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ကရင်နီလူငယ်များကိုတရားစွဲဆိုထားသည့် နိုင်ငံသားများ၏ ပုဂိ္ဂုလ်ဆိုင်ရာ လွတ်လပ်မှု၊ လုံခြုံမှုကို ကာကွယ်ပေးရေး ဥပဒေ ပုဒ်မ၁ဝသည် ပြည်သူလူထုအပေါ် လုပ်ပိုင်ခွင့်အာဏာပေးထားသည်ဖြစ်သော်လည်း လက်ရှိတွင် ပြည်နယ်အစိုးရက လုပ်ပိုင်ခွင့် အာဏာရနေခြင်းသည် ဥပဒေ၏ချို့ယွင်းချက်ဖြစ်သည်ဟု တောင်ကြီးတရားမျှတမှုစင်တာ၏ အကြီးတန်းအရာရှိ ဥပဒေအကြံပေးဖြစ်သူ တရားလွှတ်တော်ရှေ့နေ ဒေါ်ခင်မိုးမိုးက သုံးသပ် ပြောဆိုသွားသည်။

၎င်းက “အစိုးရအဖွဲ့တွေကနေ တရားလိုဦးသက်နောင်ကိုဆိုရင် အစိုးရအဖွဲ့ကနေ တာဝန်ပေးလို့ သူကနေ တရားလိုလုပ်ပြီး ဒီအမှုမှာ သူတင်ပြပါတယ်လို့ ထွက်ထားတယ်။ အဲတော့ အစိုးရအဖွဲ့ကို မဟုတ်ဘူး အာဏာပေးထားတာက ပြည်သူလူထုရဲ့ လုပ်ပိုင်ခွင့်ကို အာဏာပေးတာပါ။ နိုင်ငံသားတွေရဲ့လုပ်ပိုင်ခွင့်ကို အာဏာပေးတာ။ ဒါပေမယ့် နိုင်ငံသားတွေက အဲဒီအာဏာကို မရဘူး။ သက်ဆိုင်ရာ နိုင်ငံသားတွေထက် မြင့်တဲ့ပုဂ္ဂိုလ်တွေက ဒီအာဏာကို ရသွားတယ်။ အဲဒီအချိန်မှာ ကျမတို့ တကယ့်နိုင်ငံသားအစစ်အမှန်၊ အခြေခံပြည်သူလူထုတွေက ဒီဥပဒေကို အကာအကွယ်မရတဲ့အပြင် ဒီဥပဒေနဲ့ ဖမ်းဆီးအရေးယူတာ ခံရတယ်လို့ပဲ မြင်ပါတယ်။ ဒီဥပဒေရဲ့ လစ်ဟာချက်၊ ချို့ယွင်းချက်တွေဖြစ်ပါတယ်” ဟု ပြောပါသည်။ 

နိုင်ငံသားများ၏ ပုဂိ္ဂုလ်ဆိုင်ရာ လွတ်လပ်မှု၊ လုံခြုံမှုကို ကာကွယ်ပေးရေး ဥပဒေ ပုဒ်မ၁ဝသည် အာဏာရှိသည့် အစိုးရအဖွဲ့မှ ပုဂ္ဂိုလ်များကို ဆိုလိုခြင်းမဟုတ်ဘဲ အခြေခံလူတန်းစားများဖြစ်သည့် ပြည်သူလူထုများ၏ ဥပဒေနှင့်အညီ လွတ်လပ်စွာသွားလာခွင့်၊ နေထိုင်ခွင့်၊ ပြောဆိုခွင့်ကို ဆိုလိုကြောင်း ဒေါ်ခင်မိုးမိုးက ဆိုသည်။

ပုဒ်မ ၁ဝဖြင့် တရားစွဲဆိုခံနေရသည့် ကရင်နီလူငယ် ၆ ဦးကို လွိုင်ကော်မြို့နယ်တရားရုံး၌ ယနေ့ ဩဂုတ်လ ၁၅ရက်နေ့တွင် ၈ ကြိမ်မြောက် ရုံးထုတ်စစ်ဆေးခဲ့စဉ် ယခုလို သုံးသပ်ပြောဆိုသွားခြင်းဖြစ်သည်။ 

တရားစွဲဆိုထားသည့် ပုဒ်မ၏ ဥပဒေပြဌာန်းချက်သည် နိုင်ငံသားတစ်ဦးမှ ၎င်း၏နစ်နာမှုများကို တိုက်ရိုက် တိုင်ကြားရမည်ဖြစ်သော်လည်း လက်ရှိမှာ ပြည်နယ်အစိုးရကို်ယ်စား ဦးသက်နောင်မှ တရားစွဲဆိုထားသည့်အတွက် ၎င်းဥပဒေသည် နိုင်ငံသားကို ကာကွယ်ပေးခြင်းမဟုတ်တော့ဘဲ ပြည်သူကို အစိုးရမှ တရားစွဲဆိုသည့်အနေအထားဖြစ်နေကြောင်း တနင်္သာရီရှေ့နေများကွန်ယက်မှ ဦးအောင်ဇာနည်စိုး သုံးသပ်ပြောဆိုသည်။

“လက်ရှိအမှုအနေအထားကျတော့ အစိုးရကိုယ်စား ပြည်နယ်အစိုးရအဖွဲ့ကနေပြီးတော့ လက်ထောက်ညွှန်ကြားရေးမှူးကနေပြီးတော့ စွဲတယ်ပေါ့နော အစိုးရရဲ့ညွှန်ကြားချက်အရ စွဲတယ်ဆိုတာဖော်ပြထားတယ်။ သို့ပေမယ့် ဒီဥပဒေရဲ့ပြဌာန်းချက်မှာ ဒီလိုမဟုတ်ပါဘူး။ နိုင်ငံသားတစ်ယောက်နေပြီးတော့ သူ့ရဲ့နစ်နာမှုတွေကိုတိုက်ရိုက် တိုင်ကြားရမယ်။ ဒီအမှုမှာက ဒီလိုမျိုး တိုင်ကြားတာမရှိဘူး အဲဒါတစ်ချက်ပေါ့ ဒီအမှုရဲ့အားနည်းချက်လို့ သုံးသပ်လို့ရတယ်ပေါ့” ဟု ဦးအောင်ဇာနည်စိုးက ပြောသည်။

ယနေ့ရုံးချိန်းသည် စွဲချက်၊ လျှောက်လဲချက်ပေးသည့်ရုံးချိန်းဖြစ်ပြီး လာမည့် ၂၆ရက်နေ့ ရုံးချိန်း တွင် တရားသူကြီးမှ စွဲချက်အမိန့်ချမည်ဖြစ်ကြောင်း သိရသည်။ 

လူငယ်၆ဦးသည် တရားစွဲဆိုထားသည့် ပုဒ်မနှင့် ညှိ၊ မညှိ ဆောင်ရွက်ရမှာဖြစ်ပြီး ပြစ်မှုမမြောက်ပါက စွဲချက်မတင်တော့ဘဲ တရားရှင်လွှတ်ပေးရမည်ဖြစ်ပြီး ပြစ်မှုမြောက်ပါက အမှုကို ဆက်လက်စစ်ဆေးဆောင်ရွက်ရမည်ဖြစ်သည်။

ကရင်နီလူငယ် ၆ ဦးသည် ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှို နဲ့ စီမံဘဏ္ဍာဝန်ကြီးဦးမော်မော်ကို နိုင်ငံရေးရာဇဝတ်ကောင်များ၊ ကရင်နီအမျိုးသားသစ္စာဖောက်များ၊ တိုင်းရင်းသားများသွေးစည်းချစ်ကြည်ရေး၏ ရန်သူများ၊ ကျေးဇူးကန်းသူများအဖြစ် မတ်လ ၂၅ရက်နေ့က လက်မှတ်ထိုးပြီး ထုတ်ပြန်ကြေညာခဲ့သည့်အတွက် ပြည်နယ်အစိုးရကိုယ်စား ဦးသက်နောင်က လွိုင်ကော်မြို့မရဲစခန်းတွင် မေလ ၁ရရက်နေ့က အမှုဖွင့်တိုင်ကြားခဲ့ပြီး တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။

spot_img
spot_img

Recent posts