spot_imgspot_imgspot_imgspot_img
Friday, March 29, 2024
spot_imgspot_imgspot_imgspot_img

အစိုးရရဲ့ မြေယာရှုခင်းအလှဆင် လုပ်ငန်းမှာ တင်ဒါရ ကုမ္ပဏီတွေ ၅၀ ရာခိုင်းနှုန်းနဲ့ အထက် အမြတ်ငွေကျန်နိုင်ကြောင်းတွေ့ရှိထား

Author

Date

Category

စိုးထိုက်အောင်

မြေယာရှုခင်းအလှဆင်လုပ်ငန်းမှာ စိုက်ပျိုးထားတဲ့ ပန်းပင်တွေရဲ့ တန်ဖိုးဟာ မြေပြင်စျေးကွက်ပေါက်စျေးနဲ့ အဆင်မတန်ကွာခြားနေတာကြောင့် တင်ဒါရ ကုမ္ပဏီတွေဟာ အမြတ်ငွေ ၅၀ ရာခိုင်နှုန်းနဲ့ အထက် အမြတ်ငွေကျန် နိုင်တယ်လို့ ပြည်နယ်အရေးလေ့လာစောင့်ကြည့်သူ ကိုကျော်ထင်အောင်က ပြည်သူ့ငွေစာရင်း စောင့်ကြည့်စစ်ဆေးရေးရဲ့ တွေ့ရှိချက်ကိုကိုးကားပြီး ပြောပါတယ်။

ပြည်နယ်အစိုးရ ရဲ့ အစီအစဉ်အရ ၂၀၁၉-၂၀၂၀ ဘဏ္ဍနှစ်မှာ ကျပ်သန်းပေါင်း ၁၉၉၀.၇၄၇ သန်းကုန်ကျခံ လုပ်ဆောင်နေတာပါ။

မြေယာရှုခင်း အလှဆင်လုပ်ငန်းတွေကို လွိုင်ကော်မြို့အတွင်းမှာ မြင်တွေ့ခဲ့ရစဉ်။

“ကယားပြည်နယ်လွှတ်တော်ရဲ့ပြည်သူ့ငွေစာရင်းစောင့်ကြည့်စစ်ဆေးရေးကော်မတီရဲ့စုံစမ်းတွေ့ရှိချက်လေးတွေကို ၂၅ရက်နေ့၊ စက်တင်ဘာလ တင်လိုက်တဲ့အချိန်မှာ ကျနော်တို့အနေနဲ့ တွေ့လိုက်ရတာကတော့ ၅၀%အထက် ကုမ္ပဏီတွေအမြတ်ရသွားနိုင်တယ်ဆိုတာမျိုးကို ကျနော်တို့ အကြမ်းဖျင်းတွေ့ရှိရပါတယ်။ ဘာကြောင့်လဲဆိုတော့ အပင်တစ်ပင်ရဲ့ဈေးနှုန်းတွေ အဆ ၂၀-၃၀မက ကွာနေတာတွေ၊ အမြင့်ပေအရနိမ့်နိမ့်လေးနဲ့ ၄-၅ပေလောက်ကိုပဲဝယ်ရင် ဘာမှမကုန်မဲ့အပင်တွေကို အမြင့်ပေ နည်းနည်းပိုတင်လိုက်ပြီးတော့မှကို ဈေးကို အဆမတန်မြင့်တက်လိုက်တာတွေကို တွေ့ရတယ်။” လို့ ကိုကျော်ထင်အောင်က ပြောပါတယ်။

ကုမ္ပဏီကနေ အစိုးရကို တင်ပြထားတဲ့ ပန်းပင် စျေးနှုန်းထားတွေအရ ၁၀ ပေအရှည်ရှိတဲ့ စိန်ပန်းနီ တပင်ကို ၂သောင်းကျပ် ဖြင့်စာရင်းပြထားပြီး လွိုင်ကော်မြို့တွင်းက ပန်းဆိုင်မှာတော့ ၁၀ ပေအရှည်ရှိတဲ့ စိန်ပန်းနီတပင်ကို ၈၀၀၀ ကျပ်ဖြင့်သာဝယ်ယူနိုင်တယ်လို့ ပြည်သူ့ငွေစာရင်းစောင့်ကြည့်စစ်ဆေးရေးရဲ့ တွေ့ရှိချက်တွေအရသိရပါတယ်။

“ ဒီပန်းဈေးတွေနဲ့ ပတ်သတ်ပြီးတော့ ကျနော်တို့ နေပြည်တော် စည်ပင်ဌာနနဲ့ချိတ်ဆက်ပြီးတော့ နှုန်းသင့်မသင့် ဒါတွေကို ပြည်နယ်အစိုးရအဖွဲ့ကိုတင်ပြပါတယ်။ ပြည်နယ်အစိုးရအဖွဲ့ ဆုံးဖြတ်ချက်နဲ့အတည်ပြုပြီး အဲ့ဒီနှုန်းထားအတိုင်းဆောင်ရွက်တာဖြစ်ပါတယ်။” လို့ စည်ပင်သာယာရေးနှင့် လူမှုရေးဝန်ကြီး ဦးဒေါက်တာအောင်ကျော်ဌေးက ဒုတိယ အကြိမ်ကယားပြည်နယ်လွှတ်တော်ရဲ့ ၁၈ ကြိမ်မြောက်ပုံမှန် အစည်းအဝေးမှာ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသဲရယ်က မြေယာရှုခင်းအလှဆင်လုပ်ငန်းမှာ သုံးစွဲထားတဲ့ ပန်ပင်မျိုးတွေကိုဝယ်ယူတဲ့အပေး ဘယ်လိုနှုန်းထားတွေနဲ့ဝယ်ယူခဲ့တာလဲ ဆိုတဲ့မေးခွန်းအပေါ် ဖြေကြားခဲ့တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ ၃၀ ရက်နေ့က ပြည်သူ့ငွေစာရင်းစောင့်ကြည့်စစ်ဆေးရေးအဖွဲ့ ရဲ့ သွားရောက်စစ်ဆေးခဲ့မှုအရ ပန်းပင်တွေကို စိုက်ပျိုးထားရာမှာလည်း သတ်မှုချက်တွေနဲ့ ကိုက်ညီမှုမရှိတာကိုလည်း တွေ့ရှိခဲ့တယ်လို့ ကယားပြည်နယ်လွှတ်တော် ပြည်သူ့ငွေစာရင်းစောင့်ကြည့်စစ်ဆေးရေးအဖွဲ့ဝင် ဦးစိန်ဝင်းက အခုလိုပြောပါတယ်။

“ ကယားပြည်နယ်လွှတ်တော် ပြည်သူ့ငွေစာရင်းစောင့်ကြည့်စစ်ဆေးရေးကော်မတီကနေ ဒီမြေယာရှုခင်းအလှလုပ်ငန်းတွေကို ဒါပထမဆုံးအကြိမ် သွားရောက်စစ်ဆေးခြင်းပဲဖြစ်ပါတယ်။ အဲ့ချိန်မှာ ကျနော်တို့ သွားတွေ့တာက ဂျပန်မြက်ပေါ့နော်၊ ဂျပန်မြက်စိုက်ပျိုးတဲ့အချိန်မှာ ဖွဲတွေ၊ သဲတွေ အောက်ခြေကခင်းရမှာ ခင်းပြီးမှ အပေါ်ကနေ ဂျပန်မြက်ကို ပြန်လွှာပြီးတော့လောင်းရမှာလေ။ အဲ့ချိန်မှာ နည်းနည်းတူးဆွ ကြည့်တဲ့အချိန်မှာ မတွေ့ရဘူး။ အောက်မှာ သဲတွေမတွေ့ဘူး၊ ဖွဲနုဆိုရင်လဲ လုံလောက်စွာထည့်ထားခြင်းကို မတွေ့ရှိရဘူး။ နောက်ပြီးတော့အခြားအပင်ကြီးတွေကိုလည်း အပင်ကိုသတ်မှတ်တဲ့အကွာအဝေးလောက်ထားသင့်တယ်။ ဒါပေမယ့် သူတို့ကစိတ်စိတ်လေးစိုက်ထားတာ အဲ့ဒါတွေတွေ့ရှိရတယ်။” လို့ ဦးစိန်ဝင်းကပြောပါတယ်။

မြေယာအလှရှုခင်းခေါင်းစဉ်နဲ့ ပန်းအလှဆင်တဲ့လုပ်ငန်းတွေကို ဂျိတ်ဗန်း ကုမ္ပဏီ၊ ငုရွှေဝါကုမ္ပဏီ၊ စိမ်းလန်း ဟန်မင်းအောင်ကုမ္ပဏီ၊ ကယားရွှေကုမ္ပဏီ၊ ကယားအလှကုမ္ပဏီ စုစုပေါင်းကုမ္ပဏီ(၅)ခုက လုပ်ဆောင်နေတာဖြစ်လို့ ဦးစိန်ဝင်းကပြောပါတယ်။

ပန်းအလှစိုက်ခြင်းနဲ့ ပတ်သတ်ပြီး စာရင်းစစ်ချုပ်အနေနဲ့ တွေ့ရှိချက် ဘာတွေရှိနေပြီလဲလို့ စက်တင်ဘာ ၂၈ရက်နေ့က ဖုန်းဖြင့်ဆက်သွယ်မေးမြန်းရာမှာ မေးမြန်းတဲ့အပေါ်မှာ ကယားပြည်နယ်စာရင်းစစ်ချုပ်ရုံး ဥက္ကဋ္ဌ ဦးအောင်မောင်းကို “ မစစ်ရသေးဘူး စစ်ပြီးမှပြောလို့ရမှာလေး” လို့ ပြောပါတယ်။

လက်ရှိလွိုင်ကော်မြို့အတွင်းလုပ်ဆောင်နေတဲ့ ပန်းအလှဆင်ခြင်း၊ မြေယာရှုခင်းအလှဆင်ခြင်းကိစ္စတွေမှာ ပြည်သူ့ငွေစာရင်းစောင့်ကြည့်စစ်ဆေးရေးအဖွဲ့ရဲ့ တွေ့ရှိချက်တွေအားလုံးကို ကယားပြည်နယ် ပြည်နယ်စာရင်းစစ်ချုပ်ထံမှာ တင်ပြထားတယ်လို့သိရပါတယ်။

အစိုးရရဲ့ မြေယာရှုခင်းအလှဆင်လုပ်ငန်းမှာ ပါဝင်တဲ့ နေရာတွေကတော့ ဘာဒိုကန်မြေယာရှုခင်း၊ မြစ်ဦးကျောင်းရှေ့မှ စုပေါင်းကားဂိတ်အထိ အလေးပေးပန်းခြံ ၁၊ ၂၊ ၃ မြေယာရှုခင်းများပြုလုပ်ခြင်း၊ စုပေါင်းကားဂိတ်မှ ပြည်နယ်လွှတ်တော်ရုံးရှေ့အထိမြေယာရှုခင်း၊ ဒေါနိုးကူးတံတားဘေး မြေယာရှုခင်း၊ လောပိတလမ်းမကြီးဘေး ဘီလူးချောင်းဘေးဘက်ခြမ်း၊ Golden Hail ဟိုတယ်ကြားမြေယာရှုခင်း၊ ပြည်နယ်ခန်းမမြေယာရှုခင်းလုပ်ငန်း၊ နောင်ယားကန်မြေယာရှုခင်းလုပ်ငန်း၊ ထေးဌားလျားကန်မြေယာရှုခင်းလုပ်ငန်း၊ ပြည်နယ်ဧည့်ရိပ်သာမြေယာရှုခင်းလုပ်ငန်း၊ နာရီစင် အဝိုင်းမှ ကိန္ဒရီ ကိန္ဒရာအဝိုင်းအထိ လမ်းလယ်ကျွန်းနှင့် လမ်းဘေးဝဲယာမြေယာရှုခင်းလုပ်ငန်း၊ ဘီလူးချောင်းရေစီးကွေ့ ပန်းခြံမြေယာရှုခင်းလုပ်ငန်း၊ လွိုင်ကော်မြို့ဝင် မုတ်ဦးမှ မြစ်ဦးကျောင်း လမ်းဆုံအထိမြေယာရှုခင်းလုပ်ငန်း၊ မြစ်ဦးကျောင်း လမ်းဆုံမှ စုပေါင်း လိုင်းပေါင်းစုံဂိတ်အထိမြေယာရှုခင်းလုပ်ငန်း၊ မြစ်ဦးကျောင်းလမ်းစုံမှ ကွန်ပျုတာတက္ကသိုလ် လမ်းအရှေ့ဘက်မြေယာရှုခင်းလုပ်ငန်း၊ ချိကယ်အဝိုင်းမှ လွိုင်ကော် ရှားတောဘေး လမ်းဘေးဝဲယာ မြေယာရှုခင်းလုပ်ငန်း၊ ၄လမ်း နာရီစင်မှ ၄လမ်းအဆုံးထိမြေယာရှုခင်းလုပ်ငန်း၊ ဦးသီရီလမ်း ပြည်နယ်ဧည့်ရိပ်သာမှ ဒေါဥခူမီးပွိုင့်အထိ မြေယာရှုခင်းလုပ်ငန်း၊ ဦးနီလမ်း ၄လမ်းနှင့် ၈လမ်းအထိမြေယာရှုခင်းလုပ်ငန်း၊ ၈လမ်း ကန္တာရဝတီလမ်းမှ ထေးဌားလျားကန်အထိ မြေယာရှုခင်းလုပ်ငန်း၊ မြို့ဝင်ဆိုင်းဘုတ်မှ ကွန်ပျုတာ တက္ကသိုလ်အထိ မြေယာရှုခင်းလုပ်ငန်း လုပ်ငန်းတွေပဲဖြစ်ပါတယ်။

spot_img
spot_img

Recent posts