spot_imgspot_imgspot_imgspot_img
Friday, March 29, 2024
spot_imgspot_imgspot_imgspot_img

အဆင့်မြင့်ပညာရေးကို သင်ယူလိုတဲ့ နယ်စပ်ဒေသရောက် ကရင်နီလူငယ်တွေ အတွက် ကျောင်းဝင်ခွင့်ရနိုင်ဖို့ အခက်အခဲရှိနေ

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

တိုက်ပွဲတွေကြောင့် ကရင်နီပြည်အတွင်းကနေ နယ်စပ်ဒေသကို ထွက်ပြေးတိမ်းရှောင်လာတဲ့ လူငယ်တွေအတွက် အဆင့်မြင့်ပညာရေးကို သင်ယူနိုင်ဖို့ အတွက် အခက်အခဲရှိနေတယ်လို့ သိရပါတယ်။

“ကျမတို့လက်ခံနိုင်တဲ့ အရေအတွက်က အကန့်အသတ်နဲ့ရှိတဲ့ခါကျတော့ ကျောင်းသားတော်တော်များများက မဝင်နိုင်ဘူး အဲ့လိုဖြစ်သွားတယ်။ ဆိုတော့ အခက်အခဲက သူတို့အတွက် ကျောင်းတစ်ခုထဲဖွင့်လို့ မရဘူးပေါ့နော။ သူတို့အတွက် နေရာထိုင်ခင်းတွေ၊ စားဖို့သောက်ဖို့ လုံခြုံရေးကအစ အဲ့တာတွေအများကြီးတာဝန်ယူရတဲ့ခါကျတော့ ကျမတို့က အများကြီးမခေါ်နိုင်ဘူး။” လို့ ဆယ်သဲဖောင်ဒေးရှင်း ဒါရိုက်တာ ဆရာမ မော်မီမာက ကန္တာရဝတီတိုင်း(မ်) ကို ပြောပါတယ်။

၂၀၂၃ခုနစ်၊ မတ်လ (၉) ရက်နေ့က စတင်ဖြစ်ပွားခဲ့တဲ့ စစ်ကောင်စီရဲ့ ထိုးစစ်ဆင်မှုတွေကြောင့် နယ်စပ်ဖက်ကို ထွက်ပြေးတိမ်းရှောင်ခဲ့ကြရတဲ့အထဲမှာ ဆယ်ကျော်သက်လူငယ်တွေက မျှော်မှန်းထားတာထက် အများအပြားပါဝင်နေတာဘဲ ဖြစ်ပါတယ်။

ဒီလူငယ်တွေအားလုံးအတွက် ကရင်နီပညာရေးဌာနကနေ အဆင့်မြင့်ပညာရေးအခွင့်အလမ်းရရှိဖို့ ကြိုးပမ်းလုပ်ဆောင်နေကြပေမယ့် အကန့်အသတ်တွေနဲ့ စီမံဆောင်ရွက်နေကြရတယ်လို့ ကရင်နီပညာရေးဌာနရဲ့ တာဝန်ရှိသူတွေဆီကနေသိရပါတယ်။

“ဒါပေမယ့် တစ်ဖက်မှာကလည်း အများကြီးဒီထက်ထပ်ပိုခေါ်မယ်ဆိုလို့ရှိရင် ဒီအရည်အသွေးဖက်ကိုလည်း ကြည့်ရတာပေါ့နော။ ကျောင်းသားတွေတစ်အားများတဲ့ခါမှာ ကျမတို့ဖက်က မနိုင်မနင်းနဲ့ဆိုလို့ရှိရင် သူတို့အတွက်လည်း ဒီပညာရေးအရည်အသွေးက ဘယ်လောက်ရသွားမလဲဆိုတဲ့ဟာလည်း စဉ်းစားရသေးတယ်။ ဆိုတော့ ကျမတို့ အဓိကက သင်ကြားရေးပိုင်းမှာ သူတို့ကို ထိထိရောက်ရောက် သင်ကြားပေးနိုင်ဖို့အတွက်က လူဦးရေက အရမ်းများမယ်။” လို့ ဆယ်သဲဖောင်ဒေးရှင်း ဒါရိုက်တာ ဆရာမ မော်မီမာက ကန္တာရဝတီတိုင်း(မ်) ကို ပြောပါတယ်။

တစ်နှစ်ထက် တစ်နှစ် ကျောင်းသူ၊ ကျောင်းသားဦးရေက ပိုများလာသလို တဖက်မှာလည်း ငွေကြေး ဘဏ္ဍာရေး အခက်အခဲကြောင့် အကန့်အသတ်နဲ့ ခေါ်ယူရတာဖြစ်ပါတယ်လို့ ဆယ်သဲဖောင်ဒေးရှင်း ဒါရိုက်တာ ဆရာမ မော်မီမာက ကန္တာရဝတီတိုင်း(မ်) ကို ပြောပါတယ်။

 

လက်ရှိမှာတော့ အထက်တန်းပြီးစီးထားတဲ့လူငယ်တွေနဲ့ တက္ကသိုလ်တက်လက်စ လူငယ်တွေအတွက် အဆင့်မြင့်ပညာရေး အဆက်မပြတ်သွားအောင် ဆက်လက်ပညာသင်ကြားနိုင်ဖို့အတွက် ကောလိပ်ကျောင်းအပါအဝင် အခြားအဆင့်မြင့်ပရိုဂရမ်တွေလည်း ဖွင့်ထားပေးလျှက်ရှိပါတယ်။

အဲ့ဒီကျောင်းတွေက ကရင်နီအမျိုးသားကောလိပ်၊ ဆယ်သဲကောလိပ်၊ Karenni Leadership college၊ ကရင်နီလူမှုဖွံ့ဖြိုးရေးကျောင်း၊ ဒီးကူပညာရေးဆုံရပ် ဆိုပြီးတော့ ၅ ကျောင်းဖွင့်လှစ်ထားပေးပြီး အလှူရှင်ရဲ့ ထောက်ပံ့မှုကိုဘဲ အဓိက မှီခိုနေကြရပါတယ်။

ပြည်တွင်းမှာ တက္ကသိုလ်တက်လက်စနဲ့ ကျောင်းနားထားရတဲ့ ကျောင်းသားတစ်ဦးက စစ်ကောင်စီလက်အောက်က ပညာရေးကိုမလိုလားတာကြောင့် နယ်စပ်မှာ ကျောင်းပြန်လာတက်ရတာဖြစ်တယ်လို့ ပြောပါတယ်။

“ ဒါပေမဲ့ အခုကတော့ ကျနော့် ကိုယ်ပိုင်ဆန္ဒနဲ့ဘဲ ကျောင်းလာတက်တာဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ ဒီအသက်အရွယ်နဲ့ ကျနော် လုပ်ကူဖို့ကလည်း မထိရောက်သေးဘူးပေါ့နော။ လူထုအတွက်ပေါ့။ လူထုအတွက် သူတို့အတွက် လုပ်ကူတာကလည်း ထိရောက်တယ်လို့ မခံစားရသေးလို့ပေါ့။ “ လို့ ကျောင်းသားတစ်ဦးကပြောပါတယ်။

ကျောင်းဝင်ခွင့်မရလိုက်တဲ့ လူငယ်တွေနဲ့ ကျောင်းမတက်ချင်တဲ့လူငယ်တွေ မပျက်စီးသွားဖို့အတွက် သီးသန့်ကျောင်းတွေ ထပ်မံဖွင့်ပေးဖို့ရှိနေပြီး စိန်ခေါ်မှုတွေလည်း ကြုံတွေ့နေရတယ်လို့ ကရင်နီပညာရေး ဒုဝန်ကြီး ခူးဘူးရယ်က ပြောပါတယ်။

“ ကျနော်တို့ လုပ်ကြည့်ပြီး မလုပ်နိုင်သေးတဲ့ အရာတစ်ခုလည်းရှိပါတယ်။ အဲ့တာကတော့ ဒီကျနော်တို့ရဲ့ ငွေကြေးအခက်အခဲကြောင့်သော်လည်းကောင်း၊ နောက်နည်းပညာရဲ့ အခက်အခဲကြောင့်သော်လည်းကောင်း၊ မလုပ်နိုင်ခဲ့ခြင်းဖြစ်ပါတယ်။ အဲ့တာကတော့ ကျောင်းဆက်မတက်နိုင်တဲ့ လူငယ်တွေ ဆယ်ကျော်သက်တွေ မတက်ချင်တော့တဲ့ လူငယ်တွေအတွက် အသက်မွေးဝမ်းကြောင်းသင်တန်းတွေ ကျနော်တို့ ပေးချင်ပါတယ်။ “ လို့ ကရင်နီပညာရေး ဒုဝန်ကြီး ခူးဘူးရယ်က ပြောပါတယ်။

ယခုပညာသင်နှစ်မှာ အဆင့်မြင့် ပညာရေးသင်ကြားနိုင်ဖို့အတွက် လျှောက်ထားသူဦးရေ ၅၀၀ နီးပါးရှိနေပြီး ၃၀၀နီးပါးလောက်သာ ခေါ်ယူနိုင်မယ့် အနေအထားမှာရှိနေတယ်လို့ သိရပါတယ်။

spot_img
spot_img

Recent posts