spot_imgspot_imgspot_imgspot_img
Thursday, March 28, 2024
spot_imgspot_imgspot_imgspot_img

အတာရေအေးအေးနှင့် ပီတိလွှမ်းတဲ့ သင်္ကြန်ပွဲတော်

Author

Date

Category

ဘိုထီး

မြန်မာနိုင်ငံမှာ အစဉ်လာမပျက် နှစ်စဉ်နှစ်တိုင်း ကျင်းပပြုလုပ်နေတဲ့ မြန်မာ့ရိုးရာ သင်္ကြန်ပွဲတော်ဟာ မြန်မာ့ယဉ်ကျေးမှုပွဲတော်ကြီးတစ်ခုဖြစ်ပါတယ်။

မြန်မာနိုင်ငံဟာ ထေရဝါဒဗုဒ္ဓဘာသာနှင့် ယဉ်ကျေးမှုထွန်းကားပြီး ရိုးရာဓလေ့ထုံးတမ်းတွေ စည်ပင်ဖွံ့ဖြိုးတဲ့နိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်။

ယဉ်ကျေးမှုဓလေ့နှင့် ဆက်နွယ်နေတဲ့ ရိုးရာပွဲတော်ကိုလည်း အများအပြားတွေ့နိုင်တဲ့ နိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်။

မြန်မာလရဲ့ ဆယ့်နှစ်ရာသီ ပွဲတော်ဟာ မြန်မာတို့ရဲ့ယဉ်ကျေးမှုအစဉ်အလာ ဘယ်လောက်ခိုင်မြဲလည်းဆိုတာ ပြသနေရုံမကပါဘူး။ မြန်မာတို့ရဲ့ ဂုဏ်သတင်း မြန်မာတို့ရဲ့ ယဉ်ကျေးမှုအလှတွေ ကမ္ဘာကို သိမြင် နိုင်ခဲ့ပါတယ်။

မြန်မာတို့ရဲ့ မြတ်နိုးစရာကောင်းတဲ့ ဆယ့်နှစ်လရာသီပွဲတော်များအနက် မြန်မာ့ရိုးရာသင်္ကြန်ပွဲတော်ဟာ တစ်ခုအပါအဝင်ဖြစ်ပါတယ်။ တန်ခူး ကဆုန် ဆွေ့ဆွေ့ ခုန်ဆိုသလို သင်္ကြန်ပွဲတော်ကျင်းပတဲ့ တန်ခူးလရာသီဟာ နေအလွန်ပူပြင်းတဲ့ နွေရာသီအချိန်ကာလဖြစ်ပါတယ်။

လွိုင်ကော်မြို့ ယမန်နှစ်အတွင်း ကျင်းပခဲ့သော သင်္ကြန်ရေကစားပွဲတော်မြင်ကွင်း(ဓါတ်ပုံ-ကေတီ)

တန်ခူးလရာသီရောက်ပြီဆိုရင် ရော်ရွက်ဝါတွေဟာ လေရူးနှင့်အတူ ဝေ့ဝဲပြီးမြေပြင်ပေါ်မှာ ကြွေကျတဲ့အချိန်အခါလည်းဖြစ်ပါတယ်။ တန်ခူးလရာသီရောက်တိုင်း နွေရာသီရဲ့ တေးသံရှင် နွေမင်းသမီး ဥဩငှက်ကလည်း “ ဥဩ ဥဩ ’’ ဆိုပြီး သူ့ရဲ့လွမ်းစရာကောင်းတဲ့ တေးသီချင်းသံတွေ လေထဲမှာပျံ့လွင့်နေတာကို ကြားကြရမှာပါ။

တန်ခူးလပေမို့ ၊ အလှထူးပါဘိ ၊ မြမြဖူးရယ်တဲ့ ခိုင်ရွှေဝါ လို့ တင်စားဖွဲ့ဆိုလောက်တဲ့ ရွှေဝါရောင် ပိတောက်ပန်းတွေဟာ နွေရာသီရဲ့အလှကို ဆင်မြန်းပေးနေတာလည်း တွေ့ရှိနိုင်မှာဖြစ်ပါတယ်။

အတာဆိုတာ အချိန်ကာလဖြစ်ပြီး နှစ်သစ်ကူးပြောင်းတဲ့ အချိန်ကာလဖြစ်ပါတယ်။ တစ်နည်းအားဖြင့် နှစ်ဟောင်းက မကောင်းတဲ့ အညစ်အကြေးတွေကို မွန်မြတ်တဲ့ သင်္ကြန်ရေနဲ့ ဆေးကြောသန့်စင်တဲ့ အချိန်အခါဖြစ်ပါတယ်။

နှစ်ဟောင်းကနေ နှစ်သစ်ကို ကူးပြောင်းတဲ့ အချိန်ဟာ မင်္ဂလာရှိတဲ့ နှစ်သစ်တစ်ခုကို သန့်ရှင်းတဲ့ ခန္ဓာကိုယ် စင်ကြယ်တဲ့ သီလတို့နှင့် ကြိုဆိုတဲ့ အချိန်ဖြစ်ပါတယ်။

မြန်မာ့ ရိုးရားသင်္ကြန်ပွဲတော် ရောက်ပြီဆိုရင် တစ်ဦးကိုတစ်ဦိး သီတာရေနှင့်လောင်းတာ၊ နံ့သာရေကို သပြေခက်နဲ့ ပက်ဖြန်းတာဟာ နှစ်ဟောင်းက ဘေးအန္တရာယ်တွေ စိတ်ဆိုး စိတ်ညစ်ပပျောက်ကင်းစင်ပြီး ဖြူစင်သန့်ရှင်းသို့ ရောက်အောင် မေတ္တာစေတနာနဲ့ ရေပက်ကစားကြတာဖြစ်ပါတယ်။

မြန်မာပြည်သူပြည်သားတွေဟာ ရိုးရာသင်္ကြန်ပွဲတော်ကို ကြိုဆိုတဲ့ အနေနဲ့ ချစ်စရာကောင်တဲ့ သင်္ကြန်အိုးငယ်ကလေးထဲမှာ အုန်းရွက်၊ တမာရွက်၊ အောင်သပြေ၊ ဇီးညွန့်၊ မြေစာပန်းနဲ့ ပိတောက်ခက်တို့ကို ရောယှက်ထိုးထားပြီး သင်္ကြန်ပွဲတော်ကို ကြိုဆိုလေ့ရှိကြပါတယ်။

မြန်မာ့ရိုးရာသင်္ကြန်ကျရောက်ပြီဆိုရင် နေရာတိုင်းမှာ အသက်ကြီးသူတွေကို ပူဇော်တဲ့ သက်ကြီးပူဇော်ပွဲကိုလည်း ကျင်းပကြပါတယ်။

ရေအိုးအသစ်ထဲမှာ သောက်ရေအေးအေးကလေးကို ထည့်ပြီး အဖုံးပေါ်မှာ ထိုးမုန့်၊ လမုန့်၊ ကရေကရာ၊ မုန့်ဆီကြော်စတဲ့ မြန်မာမုန့်မျိူးစုံနဲ့ ကျေးဇူးရှင်မိဘဘိုးဘွား ၊ ဆရာသမားများကို ကန့်တော့တာဟာ စိတ်ကြည်နူးစရာကောင်းသလိုပျော်ရွှင်စရာလည်းအလွန်ကောင်းလှပါတယ်။ သင်္ကြန်အကျနေ့ကနေ သင်္ကြန်အတက်နေ့ ထိဟာ တစ်ဦးပျော်ရွှင်စွာ ရေပက်ကစားတဲ့နေ့ ဖြစ်ပါတယ်။

ရေကစားပွဲမြင်ကွင်း(ဓါတ်ပုံ-ကေတီ)

သင်္ကြန်ပွဲတော်မှာ အသုံးပြုတဲ့အတာရေဟာ ဘယ်ရေနဲ့မှ နှိုင်းဆလို့မရအောင် အေးမြတဲ့သဘောကို ဆောင်တဲ့ရေဖြစ်ပါတယ်။ အလွန်ပူပြင်းတဲ့ နွေရာသီအချိန် အတာရေနဲ့ ပက်ဖြန်းခံရတဲ့သူဟာ ရင်ကိုအေးမြစေရုံမက စိတ်အစဉ်ကိုလည်း ဘဝင်စိမ့်ပြီး အေးမြစေပါတယ်။

သင်္ကြန်ပွဲတော်ကျင်းပတဲ့နေ့မှာ ရွာတိုင်း စတုဒိသာ ကျွေးတယ်ဆိုတာ လူမျိူးမရွး ဘာသာမရွေး ဘယ်သူမဆိုလာရောက်စားနိုင်တဲ့ အစားအစာနှင့် ကျွေးမွေးဧည့်ခံတာကိုဆိုလိုတာဖြစ်ပါတယ်။သင်္ကြန်ပွဲတော်ကျင်းပတဲ့နေ့မှာ သက်ကြီးရွယ်အိုအဖွားတွေကို ခေါင်းလျှော်ရေးချိူးပေးတဲ့ ပွဲကိုလည်း တွေ့ရှိရပါတယ်။

ဒီလိုအစဉ်အလာမျိူးဟာ ကမ္ဘာမှာ မြန်မာတို့ကသာ ကျင်းပလေ့ရှိပြီး မြန်မာလူမျိူးတို့ရဲ့ ချစ်စရာကောင်းတဲ့ ဘဝမှတ်တိုင်တစ်ခုဖြစ်ပါတယ်။ သင်္ကြန်ပွဲတော်မှာ လာရောက်တဲ့သူတွေရဲ့ ရင်ကို အေးမြစေလိုတဲ့စေတနာနဲ့ ရွှေရင်အေးကို တိုက်ကျွေးတလည်း တွေ့ရှိရပါတယ်။

ကံမကောင်းသူတွေ ကံကောင်းလာစေဖို့ ရည်ရွယ်ပြီး ဒုက္ခအခက်ခဲတွေကို ကျော်လွှားနိုင်ဖို့ ပွဲတော်မှာ လာရောက်တဲ့ ဧည့်သည်တွေကို ဘယာကြော်နဲ့ ကျွေးမွေးဧည့်ခံတာကိုလည်း တွေ့ရှိရပါတယ်။မြန်မာတို့ရဲ့ ရိုးရာပွဲတော်အနက် မြတ်နိုးစရာကောင်းတဲ့ အစဉ်အလာတစ်ခုရှိပါသေးတယ်။ ဒါကတော့ ဇီဝိတဒါနလို့ခေါ်တဲ့ သတ္တဝါတွေကို ဘေးမဲ့လွတ်ပေးတဲ့ ပွဲပဲဖြစ်ပါတယ်။ ဘေးမဲ့လွတ်ပေးတဲ့ပွဲတွေကျင်းပတာဟာ သင်္ကြန်ပွဲတော်ရဲ့ မေတ္တာနဲ့ ကရုဏာတရားတွေကို အဓိကရည်ညွှန်းတာဖြစ်ပါတယ်။

တစ်နှစ်မှာတစ်ကြိမ်တာ ကျင်းပပြုလုပ်တဲ့ သင်္ကြန်ပွဲတော်ရဲ့ အရသာကို ခဏတာခံစားရပေမဲ့ ပွဲတော်ရဲ့ ကုသိုလ်အကျိူးတွေကို တစ်သက်တာ ခံစားနိုင်မှာဖြစ်ကြောင်း ရေးသားတင်ပြလိုက်ပါတယ်။

spot_img
spot_img

Recent posts